Healthy Life Ad
News

ချည်ထည်နှာခေါင်းစည်းပြိုင်ပွဲတွင် မေတ္တာတရားကို အမြင့်ဆုံးတန်ဖိုးထားခဲ့သဖြင့် ပထမဆုရရှိခဲ့သည့် မရှင်ငြိမ်းမယ် (မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များကူညီရေး)

—————–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—————————–

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြုလုပ်သည့် ချည်ထည်နှာခေါင်းစည်းပြိုင်ပွဲတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံး ရည်ရွယ်ချက်ဆု၌ မေတ္တာတရားကို အမြင့်ဆုံးတန်ဖိုးထားခဲ့သဖြင့် မရှင်ငြိမ်းမယ် (မာမီကွတ်ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များကူညီရေး) က ပထမဆုရရှိခဲ့ရာ မေလ ၂၇ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားဝိုင်းတွင် ဆွေးနွေးခွင့်ရရှိခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် မဖြူဖြူငြိမ်းချမ်းခေါ် ရှင်ငြိမ်းမယ်က မာမီကွတ်ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေးဆောင်ရွက်ဖြစ်ခဲ့ပုံကို ယခုလိုပြောကြားထားသည်။

“သမီးက Single Mother တစ်ယောက်ပါ အမေ၊ အစွန့်ပစ်ခံ ကိုယ်ဝန်ဆောင်တစ်ယောက်ပါ။ မြန်မာနိုင်ငံမှာ အစွန့်ပစ်ခံကိုယ်ဝန်ဆောင်ဘဝ၊ Single Mother တစ်ယောက်ဘဝက အရမ်းခက်ခဲပါတယ်။ ဒီအခြေအနေမှာ ကိုယ်ဝန်ရှိလာခဲ့ရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အမျိုးတွေကတောင် လက်မခံချင်ပါဘူး။ ဘာလို့လဲဆိုတော့ သမီးတို့မြန်မာအယူအဆအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လက်ခံခဲ့ရင် လာဘ်တိတ်တယ်ဆိုတဲ့ အယူအဆကစပြီး သိပ်ကိုမျက်နှာငယ်ရပါတယ်။ အိမ်ထောင်ပျက်၊ အိမ်ထောင်ကွဲ မိန်းကလေးပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ Single Mother တစ်ယောက်ရဲ့ဘဝက တအားကို ရပ်တည်ရခက်ခဲပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အနေနဲ့ဆို ပိုပြီးခက်ခဲပါတယ်။ အမျိုးသားက ကိုယ့်ကိုတာဝန်ယူလိုစိတ် မရှိတော့ဘူးဆိုရင်၊ ဒီကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဆွေမျိုးမောင်နှမတွေရဲ့ စောင့်ရှောက်မှုကိုလည်း မခံရတော့ဘူးဆိုရင် ဘဝကြီးက သိပ်ဆိုးလွန်းလို့ ကိုယ့်ဘဝကို အဆုံးသတ်ဖို့ပဲ ရှိတော့တယ်။ ဒါပေမဲ့ ဒီလိုဘဝကြီး အဆုံးသတ်ချင်တဲ့စိတ်ကို ကိုယ့်ကလေးမျက်နှာနဲ့ ကြိုးစားပြီး ရပ်တည်ခဲ့ရပါတယ်။ အဲဒီလိုပဲ ကိုယ့်ရင်ထဲမှာ ဒီလိုခံစားချက်တွေနဲ့ ကိုယ့်ကလေးကို သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့မွေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်လိုကိုယ်ဝန်ဆောင်တွေကို သမီးအနေနဲ့ ကူညီခဲ့တာ ဒီနေ့အထိ ကိုယ်ဝန်သည်ပေါင်း ၅၀ဝ ကျော်ခဲ့ပါပြီ။ ကူညီခဲ့တဲ့ ကာလက ၆ နှစ်တာကာလ ရှိခဲ့ပါပြီ။ သမီးကိုယ်တိုင် မွေးဖွားခဲ့တဲ့ ကလေးလေးကတော့ ၇ နှစ်ကျော်ခဲ့ပါပြီ။ နှလုံးသားနဲ့မွေးခဲ့တဲ့ ကလေးစုစုပေါင်းကတော့ ၂၆ ယောက်ရှိပါတယ် အမေ”ဟု မရှင်ငြိမ်းမယ်က ပြောကြားခဲ့သည်။

alignnone size-medium wp-image-55643

“ဒါက လူ့အသိုင်းအဝိုင်းရဲ့ တန်ဖိုးထားပုံတွေနဲ့ ဆိုင်တာပေါ့။ အမေငယ်ငယ်တုန်းက မေမေ(ဒေါ်ခင်ကြည်)က မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနမှာ လုပ်တုန်းကဆိုရင် သူနာပြုဆရာမတွေနဲ့ အများကြီး ပတ်သက်မှုရှိတယ်။ အဲဒီအထဲမှာ အမေကောင်းကောင်းမှတ်မိတယ်။ သူနာပြုဆရာမလေးတစ်ယောက်ဆိုရင် အိမ်ကိုဝင်ထွက်နေတာ။ ဒီလိုပဲ ကလေးလေးတစ်ယောက်နဲ့၊ ကိုယ်ဝန်နဲ့စွန့်ပစ်ခံရတာပေါ့နော်။ အမေတို့ငယ်ငယ်တုန်းက ခွဲခြားတဲ့စိတ်မရှိဘူး၊ မေမေ(ဒေါ်ခင်ကြည်)ကလည်း မသင်ပေးဘူး။ ဒါက ဒီအခြေအနေက ဒီလိုပဲ။ ကလေးရောအမေပါ မျက်နှာမငယ်ရဘူး။ အဲဒီလို မျက်နှာမငယ်ရတဲ့ လူ့အသိုင်းဝိုင်းမျိုး ဖြစ်စေချင်တယ်။ တန်ဖိုးထားမှန်တဲ့ လူ့အသိုင်းအဝိုင်းမှာဆို ဘယ်လိုမှ မျက်နှာငယ်စရာမလိုဘူး။ သမီးအနေနဲ့ သတ္တိရှိတာကိုလည်း ချီးမွမ်းတယ်၊ သဘောကျတယ်။ ပြဿနာတစ်ခုဖြစ်ပြီဆိုရင် ပြဿနာက ပြဿနာမဟုတ်ဘူး။ အဖြေရှာဖို့ကသာ ပြဿနာ၊ အဖြေရှာနိုင်ရင် ပြဿနာမဟုတ်တော့ဘူး။ အဖြေမရှာနိုင်လို့ရှိရင်တော့ ပြဿနာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး-

“ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ အခက်ခဲဆုံးစိန်ခေါ်မှုက ဘာဖြစ်မလဲ”ဟု ပြန်လည်မေးမြန်းခဲ့ရာ –

“အခက်အခဲဆုံးစိန်ခေါ်မှုကတော့ ငွေကြေးပါအမေ။ သမီးက အလှူရှင်ကိုတော့ အခြေမခံပါဘူး။ အရာအားလုံးကို ဖြတ်ကျော်သွားနိုင်ဖို့ မေတ္တာကတော့ အရေးကြီးပါတယ်။ ဒီအင်အားစုကြီးတစ်ခုလုံးအတွက် ငွေကြေးကို အခြေခံပြီး ဖြတ်ကျော်ရပါတယ်။ နေ့စဉ် စရိတ်တွေ၊ ကလေးစရိတ်စကကစလို့ ကိုယ်ကူညီချင်တာအားလုံးအတွက် နံပါတ်တစ်လိုအပ်ချက်က ငွေကြေးပါ။ တကယ့်တကယ်တော့ ကိုယ့်မေတ္တာ၊ ကိုယ့်စွမ်းအားနဲ့ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့တဲ့အခါ ငွေကြေးလိုအပ်ချက်က မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သမီးကလေးတွေကို ချစ်ခင်ပေးကြတဲ့သူတွေ၊ နောက်ကွယ်ကနေ မေတ္တာတွေပေးကြတဲ့အတွက် သမီးအတွက် ဖူလုံပါတယ်။ တကယ်လိုအပ်တာက ငွေကြေးဖြစ်ခဲ့ပေမယ့်လည်း အဲဒီငွေကြေးကို အချိန်ပြည့်အာရုံမစိုက်ဘဲ သမီးရဲ့ကလေးတွေကို အချိန်ပြည့် မေတ္တာအပြည့်ပေးပြီး စောင့်ရှောက်ပြုစုပေးခဲ့တဲ့အတွက် နောက်ကွယ်ကနေ ဝိုင်းဝန်းကူညီ အသိအမှတ်ပြုပေးခဲ့ကြတာကြောင့် အခုချိန်ထိ ရပ်တည်နိုင်ခဲ့ပါတယ်”ဟု မရှင်ငြိမ်းမယ်က ဖြေကြားခဲ့သည်။

ချည်ထည်နှာခေါင်းစည်းပြိုင်ပွဲတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံး ရည်ရွယ်ချက်ဆု၌ ပထမဆုရရှိခဲ့သည့်အတွက် ကလေးများကလည်း အလွန်ပျော်ရွှင်နေကြကြောင်း မရှင်ငြိမ်းမယ်က ပြောကြားခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများအတွက် ဂုဏ်ပြုလွှာများကို အထူးတလည် ပြင်ဆင်နေသဖြင့် အချိန်စောင့်ဆိုင်းစေလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားခဲ့သည်။

Photo-(မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များကူညီရေး FB)

Most Popular

Healthy Life Ad
To Top