Healthy Life Ad
Q & A

မျိုးရိုးလိုက်ပြီးဖြစ်တတ်သည့် မျက်စိရောဂါများ

————–၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊————-

Q. မျိုးရိုးလိုက်ပြီးဖြစ်တတ်တဲ့ မျက်စိရောဂါတွေအကြောင်း သိပါရစေ ဆရာ။

A. မျိုးရိုးလိုက်တတ်တဲ့ မျက်စိရောဂါတွေကို အစဉ်လိုက်ပြောရမယ်ဆိုရင်-

(၁) မျက်ခွံ(Eyelid)မှာတော့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါမရှိပါဘူး။

(၂) မျက်ကြည်လွှာ(Cornea)မှာ မျက်ကြည်လွှာကျုံလှီတာ(Corneal Dystrophy) ဆိုတဲ့ ပြဿနာက မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါတယ်။ ဒါကို Auto- somal Dominant လို့ခေါ်ပါတယ်။ အဲဒီမှာ မျက်ကြည်လွှာ မက်ကူလာကျုံ့တဲ့ Corneal Stromal Macular Dystrophy ကတော့ မျိုးရိုးလိုက်ပြီး မဖြစ်တတ်ပါဘူး။ ဒါက မျိုးရိုးဗီဇငုပ်လျှိုးနေတဲ့ Autosomal Recessive အခြေအနေမျိုး ဖြစ်ပါတယ်။

(၃) ရေတိမ်(Glaucoma)ကတော့ မျိုးရိုးလိုက်နိုင်ခြေ ရှိပါတယ်။ ရေတိမ်မှာ ထောင့်ကျဉ်းရေတိမ်နဲ့ ထောင့်ကျယ်ရေတိမ်ဆိုပြီး နှစ်မျိုးရှိတဲ့အနက် မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုတွေ လုပ်ခဲ့ရာ ထောင့်ကျယ်ရေတိမ်က မျိုးရိုးလိုက်ပြီး ဖြစ်တတ်တာကို တွေ့ရပါတယ်။ အဲဒီမှာ မြန်မာပြည်ဖွားဖြစ်တဲ့ မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဦးတင်အောင်က စင်ကာပူအမျိုးသား မျက်စိစင်တာ(Singapore National Eye Centre)မှာ မျိုးရိုးဗီဇလေ့လာမှု(Gene Therapy) လုပ်နေပါတယ်။ သူက ကမ္ဘာတစ်ဝန်းလုံးက လေ့လာသူတွေထဲမှာ ထင်ရှားသူတစ်ဦးအဖြစ် ပါဝင်ပါတယ်။ ဒါက ဆရာတို့ မြန်မာလူမျိုးတွေအတွက် ဂုဏ်ယူစရာပဲဖြစ်ပါတယ်။ ဒါကလည်း ဓာတ်ခွဲစမ်းသပ်မှုလုပ်နေဆဲ အဆင့်မှာ ရှိပါသေးတယ်။

“လူနာတွေမှာ ဒီလိုအခြေအနေမျိုးဖြစ်ရင် ဆရာတို့လုပ်ပေးနိုင်တာက လူနာကို နှစ်သိမ့်ဆွေးနွေးအကြံပေးတာ (Counselling)ပဲဖြစ်ပါတယ်။ အလုပ်အကိုင်အနေနဲ့ ကိုယ့်မျက်စိအခြေအနေနဲ့ သင့်တော်တာကို ပြောင်းလဲလုပ်ခိုင်းသလို Low Vision Aid ဆိုတဲ့ မျက်စိအထောက်အကူပြု ကိရိယာကိုလည်း ပေးရပါတယ်။”

(၄) မျက်စိအာရုံခံလွှာ (Retina) မှာ မျိုးရိုးလိုက်တတ်တဲ့ မျက်စိရောဂါတွေက မျက်စိအာရုံခံလွှာရောင်ရမ်းမှု (Retinitis) ဖြစ်ပါတယ်။ အဲဒီမှာ Pigmentosa က မျိုးရိုးဗီဇလိုက်နိုင်တဲ့ အခြေအနေ (Autosomal Dominant) ဖြစ်ပြီး ညမမြင်တာက မျိုးဗီဇငုပ်လျှိုးနေတဲ့ အခြေအနေ (Autosomal Recessive) ဖြစ်ပါတယ်။ ညမမြင်တဲ့အခြေအနေက ယောကျာ်း၊ မိန်းမဆိုတဲ့ လိင်အမျိုးအစားနဲ့ ဆက်နွှယ်မှုရှိပါတယ်။ တကယ်တော့ ဒီအခြေအနေက နေ့အမြင်အာရုံကျသွားတာဖြစ်သလို ရှေ့တည့်တည့်ပဲမြင်ရပြီး ဘေးဘီမမြင်ရတဲ့ အမြင်ကျဉ်းတဲ့အခြေအနေ(Tunnel Vision) ဖြစ်တာမျိုးပါ။ ဒီအခြေအနေအတွက် တိကျတဲ့ဆေးကုထုံး မရှိသေးပါဘူး။ ဒါကို Microchip ပြားလေးတွေထည့်ပြီး တိရစ္ဆာန်တွေမှာ စမ်းသပ်တဲ့အဆင့်ကနေ ဂျာမဏီမှာ လူတွေကို လေ့လာတဲ့ စမ်းသပ်မှုအဆင့်အထိ လုပ်ဆောင်လာခဲ့ပါတယ်။ မျိုးရိုးဗီဇနဲ့ပတ်သက်တဲ့ လေ့လာစမ်းသပ်မှုလုပ်ကြည့်တော့ ဆက်စပ်မှုရှိတာကို မတွေ့ရသေးပါဘူး။

လူနာတွေမှာ ဒီလိုအခြေအနေမျိုးဖြစ်ရင် ဆရာတို့လုပ်ပေးနိုင်တာက လူနာကို နှစ်သိမ့်ဆွေးနွေး အကြံပေးတာ (Counselling)ပဲဖြစ်ပါတယ်။ အလုပ်အကိုင်အနေနဲ့ ကိုယ့်မျက်စိအခြေအနေနဲ့ သင့်တော်တာကို ပြောင်းလဲလုပ်ခိုင်းသလို Low Vision Aid ဆိုတဲ့ မျက်စိအထောက်အကူပြု ကိရိယာကိုလည်း ပေးရပါတယ်။ အဝေးမှုန်အတွက်ဆိုရင် တယ်လီစကုပ်(Telescope)ပေးပြီး အနီးမှုန်အတွက်ဆိုရင် Magnifying Lens ကိုပေးရပါတယ်။ ဒီနေရာမှာ သိစေလိုတာက ဒီကိရိယာတွေကို ဆရာတို့ဆေးရုံကနေ အခမဲ့ပေးနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ လူနာအများစုက ဒီအချက်ကို မသိသေးတဲ့အတွက် ဆရာတို့ဆေးရုံကို လာရောက်ပြသမှု မလုပ်ကြတာတွေ ရှိနေပါသေးတယ်။

မျက်စိအာရုံခံလွှာနဲ့ ပတ်သက်ပြီး နောက်ထပ်မျိုးရိုးလိုက်ပြီး ဖြစ်တတ်တာက Retinoblastoma ပဲဖြစ်ပါတယ်။ ကလေးတွေမှာဆိုရင် မျက်စိအာရုံခံလွှာမှာ အကျိတ်(Retinal Tumor)ဖြစ်တာပါ။ ဒါက မျိုးရိုးလိုက်ပြီး ဖြစ်တတ်ပါတယ်။ ဒီလိုကလေးတွေကို ရန်ကုန်ကလေးဆေးရုံကြီးနဲ့ ရန်ကင်းကလေးဆေးရုံကြီးတို့မှာတွေ့ရင် ဆရာတို့ဆီကို လွှဲပေးပါတယ်။

(၅) စက္ခုအာရုံကြော (Optic Nerve)မှာဆိုရင် Laber’s Optic Neuropathy ဆိုတာ ဖြစ်တတ်ပြီး ဒါက Mitochondrial Disease ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အမြင်အာရုံက နည်းပေမယ့် မျက်စိလုံးဝမမြင်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။

Most Popular

Healthy Life Ad
To Top