Healthy Life Ad
Q & A

အမျိုးသမီးကျန်းမာရေး “သိလိုရာမေး”

——–၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးတစ်ဦး ဖြေကြားသည်။ ၊——–

သားအိမ်အလုံးရှိသူ ကိုယ်ဝန်ရနိုင်ပါသလား . .

Q. သားအိမ်ထဲမှာ အသားလုံး 1.8 cm ခန့်၊ သားဥအိမ်မှာ နှစ်ဖက်လုံး သွေးရည်အိတ်ရှိနေပါတယ်။ ကိုယ်ဝန်ရနိုင်၊ မရနိုင် သိချင်ပါတယ်။
Perfectei Perfectei (FB)

A. ကျန်းမာရေးမေးခွန်းတွေ မေးတဲ့အခါ အဓိကအနေနဲ့ အသက်ကို ထည့်ပြောသင့်ပါတယ်။ အသက်ပါမှ သေချာအောင် အနီးစပ်ဆုံး ဖြေနိုင်ပါတယ်။ အခုမေးခွန်းအရ အကြမ်းဖျဉ်းအားဖြင့် ဖြေရရင်တော့ အသက် ၃၀ အောက်အရွယ်မှာ သားအိမ်အသားလုံးရှိတယ်၊ သားဥအိမ်နှစ်ဖက်မှာ အရည်အိတ်ရှိတယ်၊ ရာသီမှန်တယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်၊ အသက် ၄၀ အောက်ဆိုရင်တော့ ဒီအခြေအနေမျိုးမှာ ကိုယ်ဝန်ရနိုင်ခြေက နည်းသွားပါတယ်၊ မရနိုင်ဘူးလို့တော့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ သားအိမ်မှာ အလုံးရှိတယ်၊ သားဥအိမ်မှာလည်း အရည်အိတ်ရှိတယ်၊ ရာသီကလည်း မမှန်ဘူးဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေက ပိုပြီးနည်းသွားပါတယ်။

သွေးဆုံးမကိုင်အောင် ကြိုတင်ကာကွယ်ချင်ပါတယ် . .

Q. ကျွန်မအသက်က ၄၃နှစ်ပါ။ သွေးဆုံးမကိုင်အောင် ကြိုတင်ဆေးသောက်ချင်ရင် ဘာဆေးသောက်ရမလဲလို့ လမ်းညွှန်ပေးပါ။ ကျေးဇူးတင်ပါတယ်ရှင်။
Khine Khine (FB)

A. သွေးဆုံးကိုင်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူဘူး၊ ပြောရရင် အမျိုးသမီးတိုင်းဖြစ်တာ မဟုတ်ပါဘူး။ သွေးဆုံးကိုင်တဲ့အခါ ပုံမှန်ဖြစ်တာက ရုပ်ပိုင်းဆိုင်ရာလက္ခဏာလေးတွေ ရှိတယ်၊ ပိုဆိုးတာကတော့ စိတ်နဲ့ပတ်သက်ပြီး ထိခိုက်တဲ့ လက္ခဏာလေးတွေရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေအနေနဲ့ ပုံမှန်ထက်စာရင် ကျောပူတာ၊ ချမ်းတက်လာတာ၊ ချွေးတွေအလွန်အမင်း ထွက်လာတာ၊ ဆီးပိုကျဉ်လာတာ စတာတွေ ဖြစ်တတ်ပါတယ်။ နည်းနည်းဆိုးလာတဲ့ သွေးဆုံးကိုင်လက္ခဏာတွေကျတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပြီး သိပ်ဆိုးလာရင် စိတ်ကျရောဂါ (Depression) အထိ ရတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လူမှုရေးကိစ္စတွေအထိပါ ထိခိုက်တတ်ပါတယ်။

ဒီလိုသွေးဆုံးကိုင် လက္ခဏာတွေက အမျိုးသမီးတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကြိုတင်ဆေးသောက်စရာတော့ မလိုပါဘူး။ ဖြစ်နိုင်ရင် ဒီလိုလက္ခဏာတွေ စပေါ်လာပြီဆိုမှ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့တွေ့ဆုံပြီး ဆွေးနွေးရပါမယ်၊ ဒါကို လိုအပ်မှသာ ဆရာဝန်တွေကလည်း ဆေးတိုက်ပါတယ်။ ဆေးဝါးပေးတဲ့အခါမှာ ဘာရောဂါတွေရှိသလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုဆေးဝါးကိုပေးဖို့ သင့်တော်သလဲဆိုတာကို ထည့်သွင်းစဉ်းစားပြီး ပေးရတာဖြစ်ပါတယ်။ သွေးဆုံးကိုင်ဝေဒနာလက္ခဏာက အမေမှာဖြစ်ပြီး သမီးမှာ ဖြစ်ချင်မှဖြစ်တတ်တာပါ၊ အစ်မမှာဖြစ်ပြီး ညီမမှာ ဖြစ်ချင်မှ ဖြစ်တတ်တာပါ။ ပြောရရင် တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ နောက်တစ်ခုက သွေးဆုံးကိုင်တဲ့ ဝေဒနာရှင်ရောက်လာခဲ့ရင် ရင်သားအကျိတ်ရှိတဲ့အခါ ဘယ်ဆေးကိုပေးသင့်တယ်၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိတဲ့အခါ ဘယ်ဆေးကိုပေးသင့်တယ် စသဖြင့် သင့်တော်သလို ပေးရပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဘယ်လိုနေသင့်သလဲ . .

Q. ကျွန်မ အသက်က ၃၆နှစ်ပါ။ ပထမကလေးကို ၂၀ဝ၈မှာ မွေးခဲ့ပါတယ်။ ဒုတိယကိုယ်ဝန်ကို ၂၀၁၇ မှာရခဲ့ပြီး တစ်လပြည့်မှာ ပျက်ခဲ့တဲ့အတွက် သားအိမ်ခြစ်ခဲ့ပါတယ်။ သားအိမ်ခြစ်ပြီး မနားခဲ့ရဘဲ ကျောင်းဖွင့်ခဲ့တဲ့အတွက် စာတန်းသင်ခဲ့ရပါတယ်။ အဲဒီကတည်းက သားအိမ်က အမြဲလိုလို အောင့်နေခဲ့ပါတယ်။ ၂၀၁၈ ခုနစ်လပိုင်းမှာ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခဲ့ပါတယ်။ မရှိဘူးလို့တွေ့ရပါတယ်။ ရှစ်လပိုင်းမှာ ကိုယ်ဝန်ရခဲ့ပါတယ်။ ကိုယ်ဝန်ရှိကတည်းက အမြဲလိုလို နာကျင်နေခဲ့တဲ့အတွက် susten သောက်ခဲ့ရတာ အခုအချိန်ထိပါ။ ၁၁လပိုင်းမှာ သွေးဆင်းခဲ့တဲ့အတွက် ultrasound ရိုက်ခဲ့တော့ အချင်းအရှေ့ရောက်နေတယ်လို့ ပြောပါတယ်။ သွေးမဆင်းတော့ပေမယ့် အဖြူကတော့ အမြဲဆင်းပြီး အောင့်နေတတ်ပါတယ်။ စာနည်းနည်းသင်တာနဲ့ ပြန်ပြန်ဖြစ်ပါတယ်။ အသက်ကြီးမှ ဒီတစ်ယောက်ပြန်ရတာဆိုတော့ အဖတ်တင်ချင်ပါတယ်။ အခုနားနေတာ သုံးရက်ရှိပါပြီ။ မတည့်စာဘာမှမစားပါဘူး။ ဘယ်လိုဆက်နေသင့်တယ်ဆိုတာ အကြံပြုပေးစေလိုပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။
Khin Khin(FB)

A. အသက်က ၃၆နှစ်၊ ကလေးကသုံးယောက်မြောက်၊ တစ်ယောက်ပဲအဖတ်တင်ပြီး တစ်ယောက်ကပျက်ထားတော့ သားဦးကိုယ်ဝန်လိုမျိုးပဲ သားဖွားမီးယပ်ဘက်ကနေ စဉ်းစားရပါတယ်။ အဲဒီမှာ Susten ဆေးသောက်နေတယ်ဆိုတော့ အရပ်ဘက်စကားနဲ့ပြောရရင် သန္ဓေခိုင်ဆေးတွေ သောက်နေတာပါ။ မကောင်းတဲ့အချက်က အချင်းကရှေ့ရောက်နေတယ်၊ လနုတဲ့အချိန်မှာ အချင်းရှေ့ရောက်တာက ပြဿနာသိပ်မရှိပါဘူး။ ဒါပေမဲ့ စောစောပိုင်းမှာ အချင်းရှေ့ရောက်တာနဲ့အတူ သွေးဆင်းထားသလား၊ အခုတော့ အဖြူဆင်းတယ်ဆိုတော့ ပိုးဝင်ချင်တဲ့ လက္ခဏာလားဆိုတာ သိဖို့လိုပါတယ်။ ပြောပုံအရ ကျောင်းဆရာမလေးလို့ ထင်ပါတယ်၊ သွားလာလှုပ်ရှားရတာ၊ စာသင်ရတာ၊ စိတ်ပင်ပန်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အကြံပြုချင်တာက ကိုယ့်ကိုမွေးပေးမယ့် ဆရာဝန်တစ်ယောက် ဒါမှမဟုတ် နီးစပ်ရာ သားဖွားဆရာမတစ်ယောက်နဲ့ အရင်ပြပြီး ဆွေးနွေးစေချင်ပါတယ်။ အထဲက ကလေးကောင်းတယ်ဆိုရင် ခဏနားပြီး စာသင်လို့ရပါတယ်။ လမ်းကြမ်းတဲ့နေရာ ရှောင်တာ၊ ဆိုင်ကယ်စီးတာတွေ ရှောင်ရပါမယ်။ အစားအသောက်အနေနဲ့ အာဟာရရှိတာတွေ အကုန်စားလို့ရပါတယ်။ ပြင်းထန်တဲ့လှုပ်ရှားမှု၊ လေ့ကျင့်ခန်းတွေ ရှောင်ရပါမယ်။ အရင်က သွေးဆင်းဖူးတယ်ဆိုရင် အမျိုးသားနဲ့ ရှောင်ရပါမယ်။ နီးစပ်ရာဆရာဝန်နဲ့ ဖြစ်နိုင်သမျှ မြန်မြန်ပြပြီး ဆွေးနွေးဖို့ အကြံပြုချင်ပါတယ်။

သားဥပြွန်ပွင့်အောင် ကုသချင်ပါတယ် . . .
Q. သားဥပြွန် ပွင့်၊ မပွင့်ကို ရေထည့်တဲ့စနစ်နဲ့ စမ်းသပ်ခဲ့ပါတယ်။ ရေက ဗိုက်ခေါင်းထဲကိုမကျလို့ ပြွန်ပိတ်နေတယ်လို့ သိရပါတယ်။ အဲဒါ ပြွန်ပွင့်အောင် ဘယ်ဆေးခန်းမှာ ကုသလို့ရပါသလဲရှင်။ ကုန်ကျစရိတ်ကော ဘယ်လောက်ရှိပါသလဲရှင်။ အိမ်ထောင်သက် ၈နှစ်ရှိပါပြီ။
Haymar Zaw(FB)

A. သားဥပြွန် ပွင့်၊ မပွင့် ရေထည့်ပြီး စမ်းတာမှာ တစ်ခါတလေ သားဥပြွန်က လုံးဝပိတ်တာလား၊ တစ်ခါတလေ သားဥပြွန်က ခေါက်နေတာလည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သက် ၈ နှစ်ရှိပြီဆိုတော့ အမျိုးသားကော အမျိုးသမီးပါ နှစ်ယောက်စလုံး စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ရန်ကုန်မှာဆိုရင် ဗဟိုအမျိုးသမီးဆေးရုံမှာ ပြနိုင်ပါတယ်။ Non-Invasive Method တွေနဲ့ စမ်းသပ်လို့ရတဲ့နည်းတွေ ကျန်ပါသေးတယ်။ အိမ်ထောင်သည်တွေ သားသမီးမရတာမှာ ယောကျာ်းလေးကြောင့် ၃၀ရာခိုင်နှုန်း၊ မိန်းကလေးကြောင့် ၅၀ -၆၀ ရာခိုင်နှုန်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ကလေးမရတိုင်း နှစ်ယောက်စလုံး စစ်ကြည့်ဖို့လိုပါတယ်။ Laproscope နဲ့ ကြည့်ပြီးမှ သားဥပြွန်ပိတ်နေတာလား၊ တွန့်ခေါက်နေတာလား သိနိုင်ပါတယ်။ ဒါတွေစစ်ပြီး ရလာတဲ့အဖြေတွေနဲ့ ထပ်မံဆွေးနွေးသင့်ပါတယ်။

ရာသီပြန်လာတာ မြန်နေလို့ . . .
Q. အပျိုပါ။ ပုံမှန် ၁၉ရက်က ရာသီစလာတယ်။ ၂၇ ရက်နေ့က ရာသီလာတာ ပြီးသွားတယ်။ ၃၀ရက်နေ့ မနက်အိပ်ရာထတော့ ရေချိုးခန်းမှာ ချော်လဲတယ်။ ၃၁ ရက်နေ့မနက်မှာ ရာသီသွေးပြန်ပေါ်တယ်။ အဲလိုမဖြစ်ဖူးဘူး။ ဘာလုပ်ရမလဲ။
Mar Jan(FB)

A. ရာသီလာတာကတော့ သားအိမ်အတွင်းဘက်က လာတာပါ။ ချော်လဲလို့ ထိခိုက်တယ်ဆိုရင် အထဲမှာနာတာ၊ ကျဉ်တာ ဖြစ်နိုင်ပါတယ်။ အခု ရာသီသွေးပေါ်တာက ရာသီလာတာပဲလား၊ ထိခိုက်တဲ့ ဒဏ်ရာကနေ လာတာလားဆိုတာ တယ်လီဗေးရှင်းရိုက်တာတွေ လုပ်ပြီးမှ သိနိုင်ပါတယ်။ သားအိမ်အတွင်းဘက်က မဟုတ်ဘဲ ချော်လဲလို့ ဘေးဘီကထွက်တာဆိုရင်တော့ နာတာပါနိုင်ပါတယ်။ ဒါမှမဟုတ် သားအိမ်အလုံးတွေဘာတွေ ရှိလို့လည်း ချော်လဲရာက သွေးထွက်တတ်တဲ့အတွက် သေချာစမ်းသပ်ပြီးမှ အကြံပေးလို့ရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top