Healthy Life Ad
Q & A

ခြေလက်ထုံကျဉ်ခြင်း

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. ခြေတွေ၊ လက်တွေ ထုံကျဉ်တာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. အတော်များများတော့ ခြေတွေ၊ လက်တွေ ထုံတာ၊ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဘယ်လိုလူတွေမှာ ခြေတွေ၊ လက်တွေ ထုံကျဉ်တာတွေ ဆက်စပ်ဖြစ်တတ်သလဲဆိုတော့ ဆီးချိုသွေးချို ရောဂါရှိသူတွေမှာ အဓိက တွေ့ရတတ်ပါတယ်။ တစ်ခါတလေ ဆေးခန်းမှာလာပြရင် တချို့က ဆူးနဲ့ထိုးထားသလိုဖြစ်တယ်၊ တချို့ကျတော့ မီးနဲ့မြှိုက်ထားသလိုပူတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ တစ်ခါတလေ အရက်အများကြီးသောက်တာနဲ့လည်း ဆက်စပ်မှုရှိတတ်ပါတယ်။ အရက်အများကြီး သောက်တဲ့အခါ ဗီတာမင် ဘီဝမ်းချို့တဲ့တာနဲ့လည်း ဆက်စပ်မှုရှိတတ်ပါတယ်။ တချို့ကျတော့လည်း အာရုံကြောဆိုင်ရာ လက္ခဏာတွေနဲ့ ဆက်စပ်ဖြစ်ပေါ်တတ်ပါတယ်။

လက္ခဏာအနေနဲ့ ထုံတယ်၊ ကျဉ်တယ်၊ ကောင်းကောင်း လမ်းမလျှောက်နိုင်ဘူး၊ အားနည်းတယ်၊ ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်ဘူး . . ဒါမျိုးတွေ ဖြစ်တတ်တယ်။ ဒါတွေကတော့ ခါးမှာကျီးပေါင်းတက်တာ၊ အာရုံကြောညပ်တာတွေနဲ့ ဆက်စပ်ဖြစ်တတ်ပါတယ်။ နောက်တစ်ချက်ကျတော့ ဘာနဲ့ဆက်စပ်ဖြစ်တတ်သလဲဆိုရင် အကြာကြီးထိုင်တာနဲ့လည်း ဆက်စပ်ဖြစ်တတ်ပါတယ်။ ဘာသာရေးအရ အကြာကြီး တရားထိုင်တာပဲဖြစ်ဖြစ်ကြောင့်လည်း ထုံတာ၊ ကျဉ်တာ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒါကတော့ ခဏပဲ ဖြစ်တာပါ။ စောစောက ပြောတဲ့အချက်တွေကတော့ ကြာရှည်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။

“ထုံတာ၊ ကျဉ်တာဖြစ်လာရင် ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာရပါမယ်။ အကြောင်းရင်းသိပြီဆိုရင် အဲဒါကို သေချာကုသဖို့ လိုပါတယ်။ အထူးသဖြင့် ဆီးချိုသမားဆိုရင် ဆီးချိုကို သေချာထိန်းချုပ် ကုသရပါတယ်။ သာမန်ဖြစ်တာဆိုရင်တော့ ဗီတာမင်ဘီအုပ်စုပါတဲ့ အားဆေးကို တိုက်လေ့ရှိပါတယ်”. . .

Q. ဆီးချိုသမားတွေမှာ ထုံတာ၊ ကျဉ်တာဖြစ်တာကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်ပါသလဲ ဆရာ။

A. ဆီးချိုသမားတွေဆိုရင် အာရုံကြောထိတာကြောင့် ထုံတာ၊ ကျဉ်တာ ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဖိနပ်ကျွတ်လို့ ကျွတ်မှန်းမသိကြပါဘူး။ တစ်ခါတလေကျရင် ခလုတ်တိုက်မိတယ်၊ တစ်ခုခုကိုနင်းမိတယ်၊ အနာတွေဖြစ်တယ်၊ အနာကမကျက်ဘူး။ အဲဒါကို သေချာမကုရင် ဆီးချိုခြေထောက်အနာ ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် ဆီးချိုသမားတွေကို ဘယ်မှာမဆို ဖိနပ်စီးဖို့၊ နောက်ဆုံး အိမ်ထဲမှာပဲဖြစ်ဖြစ် အဝတ်ဖိနပ်စီးဖို့ မှာရပါတယ်။ မဟုတ်ရင် ထုံတာ၊ ကျဉ်တာတွေကြောင့် မသိတော့ဘဲ ထိခိုက်ဒဏ်ရာတွေဖြစ်တာ၊ ခြေထောက်သွေးကြောပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေဆိုရင် အမြဲတမ်းဂရုစိုက်ပါ၊ ဖိနပ်ကို အမြဲစီးပါ၊ ခြေထောက်မှာ ဒဏ်ရာမရပါစေနဲ့၊ ခြေထောက်မှာ ဒဏ်ရာရ၊ မရ နေ့တိုင်းကြည့်ပေးပါ၊ ဒဏ်ရာရခဲ့ရင် ဆရာဝန်ထံ အမြန်ဆုံးသွားပြပါလို့ သတိပေးချင်ပါတယ်။

Q. ထုံတာ၊ ကျဉ်တာ ဖြစ်လာရင် သက်သာအောင် ဘယ်လိုနေထိုင်ရပါသလဲ ဆရာ။

A. ထုံတာ၊ ကျဉ်တာဖြစ်လာရင် ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာရပါမယ်။ အကြောင်းရင်းသိပြီဆိုရင် အဲဒါကို သေချာကုသဖို့ လိုပါတယ်။ အထူးသဖြင့် ဆီးချိုသမားဆိုရင် ဆီးချိုကို သေချာထိန်းချုပ်ကုသရပါတယ်။ သာမန်ဖြစ်တာဆိုရင်တော့ ဗီတာမင်ဘီအုပ်စုပါတဲ့ အားဆေးကို တိုက်လေ့ရှိပါတယ်။ အရက်သောက်သုံးတဲ့သူဆိုရင် ဗီတာမင်ဘီဝမ်းကို အထူးတလည် ထည့်တိုက်ရပါတယ်။ ဗီတာမင်ဘီက အသား၊ ငါး၊ အသီးအနှံ၊ နွားနို့၊ ကြက်ဥ စတဲ့ အစားအသောက်တွေထဲမှာလည်း ပါဝင်တာကြောင့် ဒီအစားအသောက်တွေကို မျှတအောင် စားပေးရင်လည်း အဆင်ပြေပါတယ်။

Q. ခြေလက်ထုံကျဉ်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။

A. သာမန်အနေအထိုင်လွဲမှားလို့၊ အာဟာရမပြည့်ဝလို့ ထုံတာ၊ ကျဉ်တာ ဖြစ်ရင်တော့ ပြဿနာမရှိဘူးဆိုပေမယ့် အခြေခံအကြောင်းတရားတွေ ရှိလာရင် သေချာလိုက်နာပြီး အစားအသောက်၊ အနေအထိုင်၊ ဆေးကုသမှုတွေကို ဂရုစိုက်ပါလို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top