Healthy Life Ad
Health Tips

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မြေထဲပင်လယ် အစားအသောက်အကြောင်း သိကောင်းစရာ

—–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—–

မြေထဲပင်လယ်စာဆိုတာ ဂရိ၊ ပြင်သစ်တောင်ပိုင်းနဲ့ အီတလီ တစ်စိတ်တပိုင်းတွေမှာ စားလေ့ရှိပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အခြေခံတဲ့ အစားအစာမျိုးပါ။ အဆီနည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မြေထဲပင်လယ်အစာစားစားရင် ကျန်းမာသက်ရှည်စေတာကြောင့် လေ့လာကြည့်နိုင်ဖို့ မျှဝေပေးပါရစေ။

ဘာတွေပါသလဲ

မြေထဲပင်လယ်ဒေသအစာမှာ အသားနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု အလွန်နည်းပါးပြီး အပင်ထွက်အစားအစာနဲ့ မပြည့်ဝဆီ(သွေးတွင်းကိုလက်စထရောမတက်စေတဲ့အဆီ)ပဲ ပါဝင်ပါတယ်။


သံလွင်ဆီအကြောင်း

မြေထဲပင်လယ်ဒေသအစာမှာ သံလွင်ဆီပဲ ပါဝင်ပါတယ်။ သံလွင်ဆီက ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီတစ်မျိုး ဖြစ်ပါတယ်။ အစားအသောက်တွေ ပြင်ဆင်ရာမှာ အရသာလည်းကောင်းစေပါတယ်။


အပင်ထွက်ပစ္စည်းများ

မြေထဲပင်လယ်ဒေသအစာမှာ အဓိကအားဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ အခွံမာသီး၊ ပဲ စတာတွေ ထည့်ပေးဖို့ လိုပါတယ်။ အပင်ထွက်အစားအစာတွေကို ရွေးချယ်ရာမှာ ဒေသထွက် လတ်လတ်ဆတ်ဆတ်ကို တတ်နိုင်သမျှရွေးပါ။


နှလုံးကျန်းမာရေး

မြေထဲပင်လယ်ဒေသအစာက သွေးတွင်းကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက်အဆင့်ကို ကျစေပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေတာကြောင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါတချို့ရဲ့ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေကာ စိတ်ဓာတ်ကျတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


ငါးနဲ့ ပင်လယ်စာ

ပရိုတင်းပါဝင်အောင် ငါးနဲ့အဆီနည်းအသားတွေကို အဓိကစားပြီး အနီရောင်အသားကို နည်းနည်းပဲစားကြပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်း

အဆီအပြည့်ပါတဲ့ ဒိန်ချဉ်၊ ဒိန်ခဲ စတာတွေ စားသုံးတာကို ကန့်သတ်ပါ။ အဆီထုတ်ထားတဲ့၊ ဖြစ်နိုင်ရင် အဆီမပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သရေစာအနေနဲ့ စားသောက်ပါ။

အချိုစာလျှော့စားပါ

အချိုပွဲအဖြစ် သစ်သီးများများထည့်ပြီး စားပါ။ သကြားနဲ့ ပျားရည်ပါတဲ့ အချိုစာတွေကို တစ်ပတ်မှာတစ်ကြိမ်လောက်ပဲ စားသင့်ပါတယ်။


ဝိုင်

မြေထဲပင်လယ်ဒေသအစာမှာ ဝိုင်အသင့်အတင့် ပါဝင်ပါတယ်။ အနီရောင်ဝိုင်က နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အမျိုးသမီးဆိုရင် တစ်နေ့တစ်ခွက်၊ အမျိုးသားဆိုရင် တစ်နေ့နှစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။

မြေထဲပင်လယ်ဒေသအစာစားရခြင်းရဲ့ အကျိုးကျေးဇူးများ

(၁) အရွယ်မတိုင်ခင် သေဆုံးနိုင်တဲ့အန္တရာယ်ကို လျော့ကျစေပါတယ်

စားသောက်တဲ့ အစားအသောက်ပုံစံက ကင်ဆာနဲ့ နှလုံးသွေးကြောရောဂါတွေအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိပါတယ်။ လေ့လာမှုတစ်ရပ်အရ မြေထဲပင်လယ်ဒေသအစာကို များများစားသူတွေက အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေကို ၁၇ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။


(၂) ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

စပိန်လေ့လာသူတွေက မြေထဲပင်လယ်ဒေသ အစာစားသူနဲ့ မစားသူ ၁၃,ဝ၀ဝ ဦးကို လေးနှစ်ကျော်ကြာ လေ့လာခဲ့ကြပါတယ်။ မြေထဲပင်လယ်ဒေအစာကို စားတဲ့သူတွေက မစားသူတွေနဲ့ယှဉ်ရင် အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဖြစ်နှုန်း ၈၃ ရာခိုင်နှုန်း လျော့ကျတာကို တွေ့ရှိခဲ့ရပါတယ်။


(၃) ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

အစ္စရေးနဲ့ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာသူတွေက အဝလွန်နေသူ သုံးရာကျော်ကို လေ့လာခဲ့ပါတယ်။ သူတို့ထဲက တစ်အုပ်စုကသာ မြေထဲပင်လယ်ဒေသပုံစံ စားကြပါတယ်။ လေ့လာမှုရလဒ်အရ မြေထဲပင်လယ်ဒေသ အစာစားတဲ့သူတွေက ကိုယ်အလေးချိန် အလျော့ကျဆုံးဖြစ်နေတာကို တွေ့ရပါတယ်။


(၄) ဦးနှောက်ကို အကာအကွယ်ပေးနိုင်ပါတယ်

ကိုလံဘီယာတက္ကသိုလ် သုတေသနအရ အသက်ကြီးသူ ၂၂၅၈ ဦးရဲ့ အစားအသောက်စားသောက်တဲ့ အလေ့အထကို လေ့လာခဲ့ကြပါတယ်။ မြေထဲပင်လယ်ဒေသ အစာစားတဲ့သူတွေက မစားသူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဟားဗတ်တက္ကသိုလ်ကလည်း မြေထဲပင်လယ်ဒေသပုံစံ စားသောက်တာက ပါကင်ဆန်ရောဂါကို ကာကွယ်နိုင်ကြောင်း လေ့လာအတည်ပြုခဲ့ပါတယ်။ မြေထဲပင်လယ်ဒေသအစာဟာ အတွေးအခေါ်ကျဆင်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း တခြားလေ့လာသူတွေက ဆိုပါတယ်။


(၅) အဆုတ်ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်

မြေထဲပင်လယ်ဒေသအစာကို စားတာက အသက်ရှူတာကို ကောင်းမွန်စေပါတယ်။ အဆုတ်ပွပန်းနာ (COPD)၊ ပန်းနာရင်ကျပ်ရောဂါနဲ့ ချောင်းဆိုးရင် အသံမြည်တာတွေရဲ့ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေတာကို တွေ့ရပါတယ်။ လေ့လာမှုအရ ကလေးတွေမှာ မြေထဲပင်လယ်ဒေသအစာကို စားတာကြောင့် ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေတာကို တွေ့ရပါတယ်။


(၆) အဆစ်ရောင်နာကို သက်သာစေပါတယ်

မြေထဲပင်လယ်ဒေသအစာကို စားတာကြောင့် အဆစ်ရောင်နာနဲ့ ဆက်စပ်နေတဲ့ နာကျင်မှုနဲ့ တောင့်တင်းမှုတို့ကို လျော့ကျစေပါတယ်။ သံလွင်ဆီစစ်စစ်ဟာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိတဲ့အပြင် Oleocanthal ပါဝင်မှုကြောင့် အကိုက်အခဲပျောက်ဆေး အိုင်ဗျူပရိုဖင်လို အာနိသင်မျိုးလည်း ပေးစွမ်းနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top