Healthy Life Ad
Health Tips

မြန်မာလူမျိုးတွေကို ဘယ်အကြောင်းရင်းတွေက သွေးတိုးစေတာလဲ . . .

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

အငန်စားရင် သွေးတိုးတယ်ဆိုတာ မှန်ပါတယ်။ သတ်မှတ်ချက်အရ လူတစ်ယောက်က ဆား (Salt or Sodium) တစ်နေ့ခြောက်ဂရမ် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း) ပဲ စားသင့်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သုတေသနတွေအရ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ဆားကိုးဂရမ်စားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆားလျှော့စားဖို့ လိုပါတယ်။

ပြီးတော့ မြန်မာလူမျိုးတွေ နေ့စဉ်စားလေ့ရှိတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့ကိုလည်း လျှော့စားဖို့လိုသလို အုန်းနို့ကိုလည်း လျှော့စားဖို့လိုပါတယ်။ သွေးတိုးဖြစ်စေတဲ့ တခြားအကြောင်းတွေကတော့ စိတ်ဖိစီးမှုများတာ၊ ဆေးတွေအနေနဲ့ စတီးရွိုက်ဟော်မုန်းဆေးတွေ သောက်တာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာပြောလိုတာက ဆေးဆိုင်တချို့က အဆစ်အမျက်ကိုက်တာ သက်သာအောင်ပေးတဲ့ စပ်ဆေးတွေထဲမှာ Dexamethasone ဆိုတဲ့ စတီးရွိုက်တွေ ပါပါတယ်။ ဒီဆေးတွေကို ကြာကြာသောက်ရင် ဆီးချိုသွေးချိုရောဂါ၊ အရိုးပါးရောဂါ၊ သွေးတိုးရောဂါ စတဲ့ရောဂါတွေကို ဖြစ်စေနိုင်တယ်။ တိုင်းရင်းဆေး အကိုက်အခဲပျောက်ဆေးတွေ၊ နွယ်ချိုပါတဲ့ လျက်ဆားတွေကလည်း မကြာခဏသောက်ရင် သွေးတိုးကိုဖြစ်စေသလို NSAIDs အကိုက်အခဲပျောက်ဆေးတွေ များများသောက်တာကလည်း ခန္ဓာကိုယ်ထဲမှာ ဆားနဲ့ရေကိုစွဲပြီး ထိန်းထားတာကို ဖြစ်စေတဲ့အတွက် သွေးတိုးစေနိုင်ပါတယ်။ အမျိုးသမီးတွေသောက်တဲ့ ပဋိသန္ဓေတားဆေးတွေကလည်း ကြာလာရင် သွေးတိုးစေနိုင်ပါတယ်။

နောက်တစ်ချက်က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတွင်းအဆီများတာ၊ လေဖြတ်တာ၊ ကင်ဆာဖြစ်တာနဲ့ အဝလွန်တာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပြီး ဒီရောဂါတွေကို ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများ (NCD) လို့ခေါ်ပါတယ်။ ဒါတွေက ၂၁ ရာစုမှာ အဖြစ်များနေပါတယ်။ ဒီရောဂါတွေ ဖြစ်စေတဲ့ အဓိကအကြောင်းရင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှု ပုံစံကြောင့်ပါ။ အဆီအအိမ့်၊ အချို၊ အငန်ပါတဲ့ အစားအသောက် အစားများတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးငုံတာ၊ အရက်ကို အန္တရာယ်ရှိလောက်တဲ့ ပမာဏသောက်တာ၊ စိတ်ဖိစီးမှုများတာ စတဲ့အချက်တွေကြောင့် ဖြစ်တတ်တာကြောင့် ဒီရောဂါတွေမဖြစ်အောင် ဒီအချက်တွေကိုရှောင်ဖို့၊ တစ်နေ့နာရီဝက်နဲ့ တစ်ပတ်ငါးရက် လေ့ကျင့်ခန်းလုပ်ဖို့၊ ဟင်းသီးဟင်းရွက် များများစားပေးဖို့ လိုပါတယ်။

သွေးတိုးရှိနေပြီဆိုရင်လည်း-

• ရောဂါကိုထိန်းနိုင်အောင် အငန်လျှော့စားရပါမယ်။

• အဆီအအိမ့်ကို လျှော့စားရပါမယ်။

• အုန်းနို့ကို လျှော့စားရပါမယ်။

• ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။

• လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပေးသင့်ပါတယ်။

• သွေးပေါင်မှန်မှန် ချိန်ပေးရပါမယ်။

မြန်မာနိုင်ငံမှာ သုတေသနတွေအရ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ဆားကိုးဂရမ်စားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆားလျှော့စားဖို့ လိုပါတယ်။ ပြီးတော့ မြန်မာလူမျိုးတွေ နေ့စဉ်စားလေ့ရှိတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်တို့ကိုလည်း လျှော့စားဖို့လိုသလို အုန်းနို့ကိုလည်း လျှော့စားဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top