Healthy Life Ad
Child

ကလေးငယ်များ အိပ်ရာဝင်ချိန် နောက်ကျခြင်းက အဝလွန်စေနိုင်

——၊ ကိုထက် ၊——-

ဆွီဒင်နိုင်ငံမှ လေ့လာသူတွေဟာ ကလေးငယ်တွေ အိပ်ရာဝင်နောက်ကျခြင်းနဲ့ ပတ်သက်လို့ လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ၄င်းတို့ရဲ့ လေ့လာချက်အရ အသက် ၆ နှစ်အောက်ကလေးငယ်တွေ အိပ်ရာဝင်နောက်ကျခြင်းကြောင့် အဝလွန်ခြင်းကို ပိုမိုဖြစ်လာနိုင်စေတယ်လို့ သိရပါတယ်။ လေ့လာချက်တွေအရ ဆွီဒင်နိုင်ငံရှိ အသက် ၁ နှစ်မှ ၆ နှစ်အတွင်းရှိ ကလေးငယ် ၁၀၇ ယောက်ကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အရပ်၊ ကိုယ်အလေးချိန်နဲ့ ခါးအရွယ်အစားတွေကို ပုံမှန်တိုင်းတာ မှတ်တမ်းပြုခဲ့ကြပါတယ်။ ထို့အတူ အိပ်ချိန်အပါအဝင် တခြားအချက်အလက်တချို့ကို သိရှိစေနိုင်ဖို့အတွက် ကလေးငယ်တွေရဲ့ခါးမှာ မှတ်တမ်းတင်စက်လေးကို ၁ ဦးလျှင် ၁ နှစ်ခန့် ဝတ်ဆင်ထားစေခဲ့ကြတယ်လို့လည်း သိရပါတယ်။

လေ့လာသူတွေက ည ၉ နာရီကျော်မှသာ အိပ်ရာဝင်တတ်တဲ့ ကလေးငယ်တွေရဲ့ခါးဟာ ပိုတုတ်လာပြီး ခန္ဓာကိုယ်ထုထည် အညွှန်းကိန်းကလည်း တက်လာတာကို တွေ့ရှိခဲ့ကြပါတယ်။ “အိပ်ရာဝင်နောက်ကျခြင်းဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်၊ ဒါပေမဲ့ ကလေးတွေကို ဘယ်အချိန်အိပ်တာက အကောင်းဆုံးဖြစ်တယ်ဆိုတာကိုတော့ ပြောပြဖို့ မလွယ်ကူသေးပါဘူး၊ ကလေးတွေကို စောစောအိပ်ခိုင်းတာကတော့ ကိုယ်အလေးချိန် ပုံမှန်ပြန်ဖြစ်စေလားဆိုတဲ့ မေးခွန်းတွေကိုတော့ အခုထိမဖြေနိုင်သေးပါဘူး”လို့ လေ့လာရေးအဖွဲ့မှာ ပါဝင်ခဲ့သူ မားကဒ်က ပြောပြခဲ့ပါတယ်။

“အခုထုတ်ပြန်ချက်ဟာ လေ့လာမှတ်တမ်းတင်ခဲ့တဲ့ အချက်အလက်တွေအရ တွေ့ရှိချက်ပဲဖြစ်ပါတယ်၊ တကယ့်လက်တွေ့မှာတော့ တီဗီ၊ ဖုန်းမှန်သားပြင်တွေကြည့်ချိန်၊ လှုပ်ရှားမှုပြုလုပ်ချိန်နဲ့ အစားအသောက် စတဲ့အချက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်၊ ပိုပြီး အိပ်ရာဝင်နောက်ကျလေ့ရှိတဲ့ ဒေသက ကလေးငယ်တွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ပိုကောင်းတဲ့အဖြေတွေ ရလာနိုင်မှာပါ” လို့ မားကဒ်က ပြောပြခဲ့ပါသေးတယ်။ အိပ်ရာဝင်ချိန်နဲ့ အဝလွန်ခြင်းတွေဟာ ဆက်စပ်မှုတစ်ခုခု ရှိနေတာကို ကယ်လဖိုးနီးယားမှ ကျွမ်းကျင်ပညာရှင်တချို့က ထောက်ခံခဲ့ကြပါတယ်။ ခန္ဓာကိုယ်ဇီဝ ဖြစ်စဉ်တွေတချို့ဟာ အိပ်စက်နေစဉ်အချိန်မှာသာ အသက်ဝင်လှုပ်ရှားတတ်တာတွေရှိတယ်လို့ ၎င်းင်းတို့က ဆိုပါတယ်။

ဒီလေ့လာမှုဟာ အလွန်ငယ်တဲ့ ကလေးငယ်လေးတွေကို နှစ်ရှည်စောင့်ကြည့်မှတ်တမ်းတင်ရတာ အလွန်ခက်ခဲတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “အဖြေကထွက်နေပေမယ့် အကြောင်းပြချက်က ရှာရအလွန်ခက်ပါတယ်၊ အရွယ်ရောက်ပြီးလူတွေမှာတော့ အိပ်ရာဝင်နောက်ကျခြင်းနောက်မှာ စိတ်ဖိစီးမှု၊ နေထိုင်စားသောက်မှုပုံစံ စတာတွေကြောင့် အဝလွန်တတ်ကြကြောင်း ခိုင်ခိုင်မာမာ သိရှိကြပေမယ့် ကလေးငယ်လေးတွေမှာတော့ ဒါတွေသိဖို့ မလွယ်ကူပါဘူး”လို့ မားကဒ်က ပြောပြခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာပြီး အသက်ရှည်ဖို့အတွက် ငယ်စဉ်ကတည်းက ဂရုစိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ကလေးငယ်တွေကို အတင်းအိပ်ရာဝင်ခိုင်းတာထက် ဘယ်အချိန်ထ၊ ဘယ်အချိန်စား၊ ဘယ်အချိန်အိပ်ရမယ်ဆိုတဲ့ အိမ်တွင်းစည်းကမ်းလေးတွေထုတ်ပြီး ထိန်းကျောင်းပေးမယ်ဆိုရင် အကောင်းဆုံးဖြစ်မှာပါလို့ လေ့လာသူတွေက အကြံပြုခဲ့ကြပါတယ်။

(Ref;CNN 24-2-2020)

Most Popular

Healthy Life Ad
To Top