Healthy Life Ad
Health Tips

နှာခေါင်းစည်း (Mask) တပ်ပြီး လေ့ကျင့်ခန်းလုပ်သင့်/မလုပ်သင့်

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) နှင့် ဆွေးနွေးခြင်း

Q. အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ နှာခေါင်းစည်း (Mask) တပ်ပြီး လုပ်တာက ကျန်းမာရေးအရ သင့်တော်မှုရှိပါသလား ဆရာ။

A. အခုလောလောဆယ် ထုတ်ထားတဲ့ အမိန့်အရ အပြင်ထွက်ရင် Mask တပ်ရမယ်ဆိုတော့ Mask က တပ်ကိုတပ်သင့်တယ်။ တပ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့ ကိစ္စကို ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် Mask တပ်ထားတဲ့လူတွေက လေထဲမှာပါတဲ့ အောက်ဆီဂျင်တွေကို လုံလုံလောက်လောက် မရဘူး။ လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်က အောက်ဆီဂျင်ပိုလိုလာတယ်။ ဒါကြောင့် အသက်ရှူနှုန်း မြန်လာတယ်၊ အသက်ရှူတာ မြင့်လာတယ်။ Mask တပ်ပြီး လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်လို့ရတယ်၊ ဥပမာ-လမ်းလျှောက်ခြင်း။ လမ်းလျှောက်တာက Mask တပ်ပြီး ပုံမှန်လျှောက်မယ်ဆိုရင်ရတယ်။ ပြေးမယ်ဆိုရင်တော့ ပထမလမ်းသွက်သွက်လျှောက်ပြီး ကိုယ့်ခန္ဓာကိုယ်ကို အရင်ဆုံး လေ့လာရမယ်။ ကိုယ့်ခန္ဓာကိုယ် လှုပ်ရှားမှုနဲ့ ကိုယ်ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ပမာဏ လုံလောက်မှုရှိတယ်ဆိုရင် Mask တပ်ပြီး ခပ်ဖြည်းဖြည်းပြေးလို့ရတယ်။ အခုချိန်မှာ Mask တပ်ပြီး ပြေးတာထက် ခပ်သွက်သွက်လမ်းလျှောက်တာကိုပဲ လုပ်သင့်ပါတယ်။

alignnone size-medium wp-image-55223
Mask အထူအပါးပေါ် မူတည်

Mask မှာ အထူအပါးပေါ် မူတည်ပြီး အမျိုးမျိုးရှိတယ်။ အခုဆိုရင် Surgical Mask အပြင် အိမ်လုပ်အဝတ် Mask တွေလည်း ရှိတဲ့အခါကျတော့ အထူအပါးပေါ်မူတည်ပြီး လေ့ကျင့်ခန်းလုပ်နိုင်တဲ့ အတိုင်းအဆ ကွာခြားသွားနိုင်တယ်။ Mask က သိပ်မထူဘူး၊ လေဝင်လေထွက် ထိခိုက်မှုမရှိဘူးဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ရတာ အဆင်ပြေနိုင်တယ်။

Mask တပ်ပြီး လေ့ကျင့်ခန်းလုပ်ရင်း အောက်ဆီဂျင်မလုံလောက်တဲ့အခါ ပြတတ်တဲ့လက္ခဏာတွေ

Mask တပ်ပြီး လေ့ကျင့်ခန်းမလုပ်ရဘူးလို့တော့ Recommend မရှိဘူး။ ဒါပေမဲ့ အောက်ဆီဂျင်ဝင်ရောက်မှု လုံလောက်ခြင်း၊ မလုံလောက်ခြင်းကိုတော့ ကိုယ့်ခန္ဓာကိုယ်ကို စနစ်တကျ စောင့်ကြည့်ရပါမယ်။ တကယ်လို့ Mask တပ်ပြီး လေ့ကျင့်ခန်းလုပ်ရင်း အောက်ဆီဂျင်မလုံလောက်ရင် လူမှာလက္ခဏာပြတတ်ပါတယ်။ အဲဒါတွေကတော့-

(၁) ခေါင်းမူးတယ်
(၂) ခေါင်းအုံတယ်
(၃) အသက်ရှူမဝဘူး
(၄) မောတယ်
(၅) ခြေလက်ထိပ်လေးတွေ ထုံတာ၊ ကျဉ်တာ ဖြစ်တယ်။

ဒီလက္ခဏာတွေပြရင် ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် မလုံလောက်ဘူး။ ဒီအချိန်မှာတော့ လေ့ကျင့်ခန်းလုပ်တာရပ်ပြီး ထိုင်ချလိုက်ရမယ်။ ပြီးရင် အသက်ရှူရမယ်။ ဒီလက္ခဏာတွေ သက်သာသွားသလား စောင့်ကြည့်ရမယ်။ မသက်သာရင် Mask ချွတ်ပြီး လေကို ဝအောင်ရှူရပါမယ်။ Mask ချွတ်တဲ့အခါမှာတော့ ကိုယ့်ဘေးနား ခြောက်ပေအကွာမှာ လူမရှိရပါဘူး။

အကြံပြုချက်
————

(၁) အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ရင် ညွှန်ကြားထားတဲ့အတိုင်း Mask တပ်ပါ။

(၂) ကိုယ့်လှုပ်ရှားမှုကို ဖြည်းဖြည်းချင်း စတင်ပါ။ ဥပမာ-လမ်းလျှောက်တယ်ဆိုရင် ဖြေးဖြေးမှန်မှန် စလျှောက်ပါမယ်၊ ဘာလက္ခဏာမှ မရှိဘူးဆိုရင် လှုပ်ရှားမှုကို အရှိန်မြှင့်ပြီး ခပ်သွက်သွက်လျှောက်ကြည့်ပေးပါ။

(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်နေသူတွေအနေနဲ့ကတော့ Maskတပ်ထားပေမယ့် တစ်ဆင့်ပြီးတစ်ဆင့်တိုးပြီး လုပ်ကိုင်နိုင်တာတွေကို တွေ့ရပါတယ်။

(၄) တိတိကျကျသိချင်ရင် Pulse Oxymeter ကိုဆောင်၊ ကိုယ့်လက်မှာ စမ်းကြည့်လိုက်တဲ့အခါ အောက်ဆီဂျင် ကျ၊ မကျ တစ်ခါတည်း သိနိုင်ပါတယ်။

(၅) ပိုအရေးကြီးတာက စောစောကပြောတဲ့ လက္ခဏာတွေကို သတိထားဆန်းစစ်ဖို့ပါပဲ။ အထူးသဖြင့် ခေါင်းမှာမူးတူးရိပ်တိပ်ဖြစ်သွားရင် ချက်ချင်းရပ်ပြီး ထိုင်ချလိုက်သင့်ပါတယ်။ မဟုတ်ရင် မူးလဲတတ်လို့ပါ။

ဘယ်လိုလူတွေက Maskတပ်ပြီး လေ့ကျင့်ခန်းမလုပ်သင့်ဘူးလဲ

♦ အထူးသဖြင့် အဆုတ်ရောဂါဝေဒနာရှင်တွေ၊ (နာတာရှည် ရင်ကျပ်ပန်းနာဝေဒနာသည်တွေ၊ နာတာရှည်လြွေပန်ကျဉ်းမြောင်းရောဂါသည်တွေ၊ အဆုတ်ရောင်/အဆုတ်ပွရောဂါသည်တွေ)

♦ နှလုံးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေကတော့ ကိုယ့်ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လေ့ကျင့်ခန်းလုပ်ပါ၊ သူတို့အနေနဲ့ကတော့ အိမ်တွင်းလေ့ကျင့်ခန်းကို Mask မပါဘဲ လုပ်တာက ပိုသင့်တော်တယ်လို့ ယူဆပါတယ်။

Most Popular

Healthy Life Ad
To Top