Healthy Life Ad
Q & A

မျက်စိညောင်းခြင်း၊ မျက်ရိုးကိုက်ခြင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. မျက်စိမညောင်းအောင် ဖုန်းသုံးခြင်း၊ ကွန်ပျူတာသုံးခြင်း၊ တီဗီကြည့်ခြင်း စတဲ့ မျက်စိအသုံးပြုရတဲ့ အလုပ်တွေလုပ်တဲ့အခါ ဆောင်ရန်/ရှောင်ရန်တွေ ရှိပါသလား။ ရှိရင် ပြောပြပေးပါဆရာ။

A. မျက်စိမညောင်းအောင် မျက်စိသုံးပြီး လုပ်ဆောင်တဲ့အလုပ်တွေကို ရှောင်လို့မရတော့ ဆင်ခြင်စရာတွေတော့ ရှိပါတယ်။ ဆရာတို့ဆီလာပြတဲ့ လူနာတွေက ဇက်ကြောတက်တာနဲ့ ခေါင်းကိုက်တာတွေ အဖြစ်များပါတယ်။ ဒီလူနာတွေက မျက်လုံးကို ဘယ်လိုခိုင်းစေရမယ်ဆိုတာမသိလို့ ဖြစ်တာပါ။ လမ်းလျှောက်တာများရင် ခြေထောက်ညောင်းတယ်။ နားလိုက်မှ သက်သာတယ်။ အဲ့ဒီလိုပဲ မျက်စိရဲ့သဘာဝက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတော့ ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာရေးတာကြာလာရင် ညောင်းလာသလိုမျိုးပေါ့။ မျက်စိက အိပ်ရာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့ တပြိုင်နက် အလုပ်လုပ်နေရတာပဲ။ စာဖတ်တာ၊ တီဗီကြည့်တာ၊ ကွန်ပျူတာသုံးတာတွေ မလုပ်ရင်တော့ ပေါ့ပါးတဲ့အလုပ် (Light Duty) ပေါ့။

Q. စာဖတ်ခြင်း၊ ကွန်ပျူတာသုံးခြင်း၊ တီဗီကြည့်ခြင်း စတဲ့ မျက်စိအသုံးပြုရတဲ့ အလုပ်တွေလုပ်ရင်း မျက်ရိုးကိုက်တဲ့အခါ ဘာလုပ်သင့်ပါသလဲ ဆရာ။

“ကွမ်းရွက်အုံတာ၊ လက်ဖက်အုံတာ စတဲ့နည်းတွေကြောင့် မျက်ရိုးကိုက်သက်သာတယ်ဆိုတာ သွယ်ဝိုက်ပြီး သက်သာတဲ့သဘောပါ။ ကွမ်းရွက်၊ လက်ဖက်အုံပြီး မျက်စိကိုမှိတ်ပြီး နားလိုက်ရင် မျက်လုံးကနားပြီးသား ဖြစ်သွားတဲ့အတွက် သက်သာတာပါ။ ဒါပေမဲ့ ဆိုးကျိုးရှိနိုင်တာက” . . .

A. စာဖတ်ခြင်း၊ ကွန်ပျူတာသုံးခြင်း၊ တီဗီကြည့်ခြင်း စတဲ့အလုပ်တွေ လုပ်လိုက်ရရင်တော့ မျက်စိအတွက် ကြီးမားတဲ့အလုပ် (Heavy Duty) ဖြစ်သွားတယ်။ ရှန်ဟိုင်းတက္ကသိုလ်မှာ လုပ်ထားတဲ့ သုတေသနအရ မျက်စိကြွက်သားတွေရဲ့ ခံနိုင်ရည်အားက မိနစ် ၃၀ ပဲရှိတယ်။ မျက်စိအားသုံးပြီး လုပ်ရတဲ့အလုပ်တွေကို နာရီဝက်ထက်ပိုပြီး မလုပ်သင့်ဘူး။ နာရီဝက်ကြာရင် ခဏနားပေးဖို့လိုတယ်။ အနားယူတဲ့နည်းက မျက်စိကတစ်မိနစ်လောက် မှိတ်ပေးဖို့ပါပဲ။ မျက်စိပိတ်လိုက်တဲ့အခါ အပြည့်အဝအနားရပြီး Dark Adaptation Cycle က လည်သွားတဲ့အတွက် ဘက်ထရီတစ်ခုလိုပဲ အားပြန်ပြည့်သွားတယ်။ အဲဒါကြောင့် နာရီဝက်လောက် မျက်စိသုံးပြီးတိုင်း တစ်မိနစ်နားပေးမယ်ဆိုရင် မျက်စိညောင်းညာမှုတွေ လျော့နည်းသွားမှာပါ။ ဆရာ့အနေနဲ့ အကြံပေးချင်တာက မျက်စိကိုသုံးပါ။ ဒါပေမဲ့ နာရီဝက်ပြည့်တိုင်း ခဏနားပေးပါ။

Q. မျက်ရိုးကိုက်တဲ့သူတွေအတွက် စာကြည့်မျက်မှန် တပ်သင့်ပါသလား ဆရာ။

A. မျက်စိက မျက်ရိုးကိုက်တဲ့အခါ ဆေးခန်းသွားပြရင် ဆလင်ဒါပါဝါနဲ့ မျက်မှန်လုပ်ပေးတာတွေ ရှိတယ်။ ဒီဆလင်ဒါပါဝါနဲ့ မျက်နှာတပ်လိုက်လို့ရှိရင် သက်သာသွားသလိုလို အကြံပေးကြတယ်။ လူနာတွေအနေနဲ့ မယုံကြည်ဖို့ လိုပါတယ်။ အဓိကကတော့ မျက်လုံးကို နာရီဝက်သုံးပြီးတိုင်း နားလိုက်ရင် လုံလောက်ပါပြီ။

Q. မျက်ရိုးကိုက်သက်သာအောင် တချို့လူတွေက ကွမ်းရွက်အုံခြင်း၊ လက်ဖက်အုံခြင်း စတဲ့နည်းတွေ သုံးတတ်ကြတယ်။ ဒီနည်းတွေဟာ တကယ်ပဲ ထိရောက်မှုရှိပါသလား ဆရာ။

A. မျက်ရိုးကိုက်တာက မျက်စိညောင်းတာကြောင့်ပဲ ဖြစ်တတ်တော့ အဓိကက အနားယူပေးဖို့ပါပဲ။ ကွမ်းရွက်အုံတာ၊ လက်ဖက်အုံတာ စတဲ့နည်းတွေကြောင့် မျက်ရိုးကိုက်သက်သာတယ်ဆိုတာ သွယ်ဝိုက်ပြီး သက်သာတဲ့သဘောပါ။ ကွမ်းရွက်၊ လက်ဖက်အုံပြီး မျက်စိကိုမှိတ်ပြီးနားလိုက်ရင် မျက်လုံးက နားပြီးသား ဖြစ်သွားတဲ့အတွက် သက်သာတာပါ။ ဒါပေမဲ့ ဆိုးကျိုးရှိနိုင်တာက လက်ဖက်မှာ မှိုရှိနေရင် မျက်လုံးထဲ မတော်တဆဝင်သွားတဲ့အခါ အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် လက်ဖက်နဲ့ကွမ်းရွက် သန့်ရှင်းအောင် ဂရုစိုက်ဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top