Healthy Life Ad
Q & A

ရောဂါတာရှည်ခံစားနေရသူများ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာကင်းဝေးစေရန်

—–၊ သွားနှင့်ခံတွင်းဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦး ၊——-

Q. နာတာရှည်လူနာတွေအနေနဲ့ သွားနဲ့ခံတွင်းမှာ ဘယ်လိုပြဿနာတွေ အဖြစ်များပါသလဲဆရာ။

A. သွားနဲ့ခံတွင်း သန့်ရှင်းရေးအတွက် ထိထိရောက်ရောက် မလုပ်နိုင်တာကြောင့် သွားတွေကြားထဲ စားကြွင်းစားကျန်တွေ ကပ်ညိနေတာ၊ သွားအခေါင်းပေါက်တွေ ဖြစ်နေတာ၊ သွားပေါက်တွေထဲမှာ အစာတွေဝင်တာ၊ သွားပိုးစားတာတွေ ဖြစ်တတ်သလို သွားကြားထဲ အစာဝင်တာကြောင့် သွားကိုက်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဆီးချိုသွေးချိုရောဂါ ရှိသူတွေမှာ ခုခံအားကျနေတာကြောင့် သွားနဲ့ခံတွင်းသန့်ရှင်းရေး မကောင်းရင် ပါးစပ်ထဲမှာ သွားဖုံးရောင်ရောဂါ၊ သွားမြစ်ဝှမ်းရောင်ရောဂါ၊ ပါးစပ်ထဲအနာပေါက်တာတွေ ဖြစ်တတ်ပါတယ်။ သွားကိုက်တာ၊ သွားဖုံးရောင်တာ၊ သွားဖုံးသွေးထွက်တာ၊ ခံတွင်းအနံ့ဆိုးထွက်တာတွေ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် နာတာရှည်လူနာတွေအနေနဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးကို အလေးထားပြီး အထူးသန့်ရှင်းရေးလုပ်ဖို့ လိုတာဖြစ်ပါတယ်။

Q. နာတာရှည်လူနာတွေအနေနဲ့ သွားနဲ့ခံတွင်းကျန်းမာအောင် ဘယ်လိုအချက်တွေကို အဓိက လိုက်နာသင့်ပါသလဲ ဆရာ။

A. စားကြွင်းစားကျန်နဲ့ ဘက်တီးရီးယားပိုးတွေ ကပ်ညိစေတတ်တဲ့ အံကပ်တွေ တပ်ထားတာ၊ သွားတုအရှင်စိုက်ထားတာ၊ သွားတုအသေစိုက်ထားတာတွေ ရှိနေရင် သွားဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။ အံကပ်တွေက ရှနေရင်၊ ကွဲနေရင်၊ မာနေရင်၊ ချိတ်တွေကစူးနေရင် ဖြုတ်သင့်တာဖြုတ်ပစ်ပြီး ပြုပြင်လို့ရတာကို ပြုပြင်ပေးသင့်ပါတယ်။ နာတာရှည်ရောဂါသည်တွေရဲ့ ပါးစပ်ထဲမှာ အံကပ်အတုတွေကို ကြာရှည်မထားသင့်ပါဘူး။ အထူးသဖြင့် အိပ်တဲ့အခါမှာ ပါးစပ်ထဲ အံကပ်တပ်မထားသင့်ပါဘူး။ ဖြစ်နိုင်ရင် အစာစားမှပဲ အံကပ်အတုတွေကို တပ်ထားပြီး ကျန်တဲ့အချိန်မှာ ဆေးရည်ထဲစိမ်ထားတာ၊ ရေထဲထည့်ပြီး စိမ်ထားတာတွေကို လုပ်ဆောင်ထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နာတာရှည်ဝေဒနာသည်တွေရဲ့ အာရုံက ရောဂါဝေဒနာကို ခံစားနေရတာကြောင့် ပါးစပ်ထဲမှာရှိတဲ့ သွားတုအံကပ်တွေကို မတော်တဆ ကိုက်လိုက်မိတာတွေ ဖြစ်တတ်တဲ့အတွက် အံကပ်တွေက ပဲ့ပြီး မတော်တဆ လေပြွန်ထဲကို ဒါမှမဟုတ် အစာအိမ်ထဲကို ကျသွားနိုင်တာကြောင့်ပါ။ အဲဒီအခါ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်တတ်ပါတယ်။ သွားတုတွေ၊ အံကပ်တွေရဲ့ ဇောင်းတွေက ရှပြီး ပါးစပ်နဲ့ လျှာတွေမှာ အနာဖြစ်လာတတ်ပါတယ်။ ဒါကြောင့် နာတာရှည်ရောဂါ ရှိသူတွေအနေနဲ့ အစာမစားတဲ့အခါမှာ အံကပ်အတုတွေ၊ သွားတုတွေကို ဖြုတ်ထားသင့်ပါတယ်။

“နှာခေါင်းပိုက်နဲ့ အစာသွင်းနေရတဲ့ သူတွေကတော့ ပါးစပ်ကို အနည်းဆုံး ရေနဲ့ပလုတ်ကျင်းပေးဖို့ လိုပါတယ်။ အခုနောက်ဆုံးတွေ့ရတဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ ခန္ဓာကိုယ်က ရောဂါတွေနဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ရောဂါတွေက ဆက်နွှယ်မှုရှိတယ်ဆိုတာ အသေအချာ တွေ့ရှိလာပြီ ဖြစ်တာကြောင့် ခံတွင်းသန့်ရှင်းရေးကို အလေးထားဖို့ ထပ်မံသတိပေးချင်ပါတယ်။”

Q. နာတာရှည် လူနာတွေအနေနဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အထူးဂရုစိုက် လိုက်နာသင့်တဲ့ အချက်တွေရှိရင် သိပါရစေ ဆရာ။

A. နာတာရှည်ဝေဒနာ ခံစားနေရတဲ့ လူနာတွေအနေနဲ့ သွားနဲ့ခံတွင်း ကျန်းမာနေအောင် အောက်ပါအချက်တွေကို လိုက်နာပေးရပါမယ်။

(၁) တချို့နာတာရှည် ရောဂါသည်တွေမှာ အံကပ်တွေ၊ သွားတုတွေ ရှတာကြောင့် စကားပြောတဲ့အခါ မပီသရင်၊ ဆေးတွေမျိုရာမှာ အနှောင့်အယှက်ဖြစ်နေရင် သွားတုအရှင်ကို ဖြုတ်ပါ။

(၂) ခံတွင်းကို မကြာခဏ ပလုတ်ကျင်းပါ။ အစာစားပြီးတိုင်း ရေ ဒါမှမဟုတ် ဆားရေနွေးနဲ့ မှန်မှန်ပလုတ်ကျင်းပေးပါ။ ခံတွင်းသန့်ဆေးရည်တွေနဲ့ အခါအားလျှော်စွာ ပလုတ်ကျင်းပေးသင့်ပါတယ်။

(၃) သွားကြားထိုးတံ ဒါမှမဟုတ် သွားကြားပွတ်ကြိုးနဲ့ သွားကြားထဲကို သန့်စင်ပေးပါ။ တကယ်လို့ လူနာက မလုပ်နိုင်ရင် ဘေးကစောင့်ရှောက်ပေးတဲ့လူ ဒါမှမဟုတ် သူနာပြုဆရာမက လုပ်ပေးရပါမယ်။

(၄) သွားကို မှန်မှန်တိုက်ပါ။ လူနာကိုယ်တိုင် တိုက်နိုင်ရင် ညင်ညင်သာသာ သွားတိုက်ပေးပါ။ မတိုက်နိုင်ရင် လူနာစောင့်ဖြစ်သူက အားမစိုက်ဘဲ လူနာကို သွားတိုက်ပေးပါ။ သွားအတွင်းအပြင် နှံ့နှံ့စပ်စပ် သွားတိုက်ပေးပါ။ သုံးတဲ့သွားပွတ်တံက သေးတဲ့အရွယ်အစား ဖြစ်သင့်ပြီး ဝင်မှင်ဘီးတွေကလည်း နူးညံ့ပျော့ပျောင်းနေရပါမယ်။ ကိုယ်တိုင်တိုက်နိုင်ရင် မိမိဘာသာ ညင်ညင်သာသာ တိုက်ပေးပါ။ လူနာက သွားကို ကိုယ်တိုင်မတိုက်နိုင်ရင် လူနာစောင့်ဖြစ်သူက တိုက်ပေးဖို့လိုပါတယ်။ သွားတိုက်တဲ့အခါ သွားဖုံးကနေ သွားအထိ အပေါ်အောက် တိုက်ပေးရပါမယ်။

သတိပြုရမယ့်အချက်က သွားတိုက်ရင်း သွေးထွက်လာတာကြောင့် မတိုက်ဘဲမထားပါနဲ့။ တချို့လူနာတွေက သွားတိုက်လို့ သွေးထွက်တယ်ထင်ပြီး သွားမတိုက်ဘဲ နေတတ်ကြပါတယ်။ အဲဒီလို သွားကိုမတိုက်ဘဲနေရင် သွားဖုံးရောဂါက ပိုဆိုးသွားနိုင်တာကြောင့်ပါ။ ဒါကြောင့် သွားကို မှန်မှန်တိုက်ပေးသင့်ပါတယ်။ သွားကို မှန်မှန်တိုက်ပေးတာကြောင့် သွေးထွက်တာပျောက်သွားမယ်၊ သွားဖုံးသားတွေ ပြန်တက်လာမယ်၊ ဒါ့အပြင် စားကြွင်းစားကျန်တွေ ကင်းဝေးကာ ခံတွင်းအနံ့ဆိုးမထွက်အောင် ကာကွယ်နိုင်ပါတယ်။

Q. သွားနဲ့ခံတွင်းသန့်စင်ရာမှာ သာမန်လူတွေနဲ့ နာတာရှည်လူနာတွေအကြား မတူတဲ့အချက်တွေ ရှိပါသလားဆရာ။

A. သာမန်လူတွေက နံနက်စာစားပြီး တစ်ကြိမ်၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်ပေးသင့်ပါတယ်။ နာတာရှည် လူနာတွေအနေနဲ့လည်း ဖြစ်နိုင်ရင် သာမန်လူတွေလိုပဲ တစ်နေ့နှစ်ကြိမ် တိုက်သင့်ပါတယ်။ လူနာတွေအနေနဲ့ ပင်ပန်းနေရင် လူနာစောင့်ဖြစ်သူက သွားတိုက်ပေးသင့်ပါတယ်။ လူနာအနေနဲ့ ပါးစပ်ကိုဟဖို့ အခက်အခဲရှိနေရင် ကလေးလေးတွေမှာသုံးတဲ့ ရာဘာလက်စွပ်ကိုစွပ်ပြီး သွားတိုက်သင့်ပါတယ်။ ဒီ့ထက်ပိုပြီး အခြေအနေဆိုးတဲ့ လူနာတွေဆိုရင် လူနာစောင့်က လက်ချောင်းမှာ ဂွမ်းစပတ်ပြီး သွားနဲ့သွားဖုံးတွေကို ပွတ်တိုက်ပေးသင့်ပါတယ်။ ဒါမှသာ ခံတွင်းရောဂါတွေ ကင်းဝေးပြီး ခံတွင်းအနံ့ဆိုး ကင်းစင်တတ်ပါတယ်။ ခံတွင်းထဲမှာ ပိုးတွေရှိနေရင် ခန္ဓာကိုယ်ထဲကို ပိုးတွေရောက်ရှိတတ်တာကြောင့် ရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top