Healthy Life Ad
Health Tips

မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်ရဲ့ COVID-19 ရောဂါ ကျော်လွှားမှုခရီးလမ်း

———-၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊—————

မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်သည် ပြည်ဆေးရုံတွင် ပေါက်ခေါင်းမြို့မှ လူနာအမှတ်-၁၇ (ကွယ်လွန်) အား အသက်ရှူလမ်းကြောင်းထဲသို့ အသက်ရှူစက်မှ Tube ထည့်ရာတွင် မမြင်ရသဖြင့် အကာအကွယ်ဖြစ်သည့် Eye shield ကို ချွတ်ပြီး လုပ်ဆောင်ရင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ခြင်းဖြစ်သည်။ COVID-19 ဓာတ်ခွဲအတည်ပြု လူနာအမှတ် (၃၀) ဖြစ်သည့် ဒေါက်တာဒေါ်မြင့်မြင့်စိန်မှာ မေလ (၁၁) ရက်နေ့က နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ရာ ဆရာမကြီး၏ COVID-19 ရောဂါ ကျော်လွှားမှုခရီးလမ်းနှင့် အတွေ့အကြုံများကို စာဖတ်သူတို့ သိရှိနိုင်ရန် မေးမြန်းဖော်ပြပေးလိုက်ရပါသည်။

မေး- ဆရာမမှာ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေပြီလို့ စသိရချိန်မှာ မြန်မာတပြည်လုံး စိတ်မကောင်းဖြစ်ခဲ့ကြရတယ်။ ဆရာမအနေနဲ့ကော ဘယ်လိုခံစားခဲ့ရပါသလဲ။

ဖြေ- ကျွန်မက ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချိန်ကတည်းက အချိန်မရွေး လူနာဖြစ်သွားနိုင်တယ်ဆိုတာကို ကျွန်မအပါအဝင် ICU အဖွဲ့တစ်ဖွဲ့လုံးက သိနေပါတယ်။ တစ်ယောက်မဟုတ် တစ်ယောက် မမျှော်လင့်တဲ့အချိန် ဖြစ်နိုင်တဲ့အထဲက ကျွန်မမဲပေါက်သွားခဲ့ပါတယ်။ ဆရာဝန်ကနေ လူနာဖြစ်ဖို့ မျှော်လင့်ထားပေမယ့် ဖြစ်သွားချိန်မှာ စိတ်လှုပ်ရှားပါတယ်။ ဘာဖြစ်လို့ စိတ်လှုပ်ရှားသလဲဆိုတော့ ကိုယ့်ရှေ့မှာပဲ ဆိုးရွားတဲ့ ကိုဗစ်လူနာတစ်ယောက် အသည်းအသန်ခံစားပြီးမှ သေသွားတာကို နီးနီးကပ်ကပ် တွေ့လိုက်ရတာကိုး။ စိုးရိမ်ကြောင့်ကြမှု ရှိပေမယ့် ကိုယ့်မှာရှိတဲ့ ဗဟုသုတ၊ ကိုယ့်မှာရှိတဲ့ ကျွမ်းကျင်မှု၊ ကိုယ့်အဖွဲ့အစည်းအပေါ်မှာလည်း မျှော်လင့်နိုင်စရာတွေ ရှိတယ်ဆိုတာ သိနေပါတယ်။ ဒါကြောင့် ကြောက်စိတ်ကို လျှော့ပစ်လိုက်ပြီး ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်ပါတယ်။

မေး- ဆရာမအနေနဲ့ ဘယ်လိုလက္ခဏာတွေကို ခံစားခဲ့ရပါသလဲ။ အဲဒီလက္ခဏာတွေကို ဘယ်လိုကျော်ဖြတ် အနိုင်ယူခဲ့ပါသလဲ။

ဖြေ-COVID-19 ရဲ့ လက္ခဏာတွေထဲမှာ တုပ်ကွေးလက္ခဏာတွေပါတယ်၊ တချို့ဆို ပြင်းပြင်းထန်ထန် မခံစားရဘဲ အိမ်မှာနေရင်းနဲ့ပဲ ပျောက်သွားတာရှိတယ်၊ တချို့ကျတော့ Quarantine မှာနေပြီး ပျောက်သွားတာလည်း ရှိတယ်။ ကျွန်မက သာမန်လက္ခဏာထက်တော့ ပိုတယ်။ ဖျားတယ်၊ ချောင်းအရမ်းဆိုးတယ်၊ ဝမ်းသွားတယ်၊ အသိသာဆုံးက အရမ်းနုံးတယ်၊ ပင်ပန်းတယ်၊ အိပ်ရာထဲခွေနေချင်တယ်၊ အနံ့အရသာတွေ ပျောက်တယ်၊ ခေါင်းကိုက်တယ်၊ ကိုယ်တွေလက်တွေ ညောင်းတယ်၊ ဒါတွေဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ရှေ့မှာ အသည်းအသည်ခံစားရပြီး သေဆုံးသွားတဲ့ လူနာအမှတ် (၁၇) လောက်တော့ ကျွန်မကမခံစားရဘူး။ အသက်ရှူကြပ်တာ မဖြစ်ခဲ့ဘူး။ ကိုဗစ်လက္ခဏာ အတန်းအစားခွဲလိုက်ချိန်မှာ ကျွန်မက Category B ထဲမှာ ပါပေမယ့် အောက်ဆီဂျင်ရှူပြီး အသက်ရှူကြပ်တဲ့အထိ မဖြစ်ခဲ့ပါဘူး။

မေး- ရောဂါတွန်းလှန်ရာမှာ စိတ်ခွန်အားကလည်း အရေးကြီးတယ်ဆိုတော့ ဒီကာလအတွင်း စိတ်ဓာတ်ကျတာများ ဖြစ်ခဲ့ဖူးပါသလား။

ဖြေ-စိတ်ဓာတ်ကျတာက ကိုဗစ်မဖြစ်ခင်မှာလည်း ဖြစ်ဖူးတယ်၊ ကိုဗစ်ဖြစ်ချိန်မှာလည်း ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က ခံစားမှုအမှားတွေရတယ်လို့ပဲ ပြောရမလား မသိဘူး။ ကိုယ့်ရှေ့မှာ ကိုဗစ်မတိုင်ခင် ICU Care ပေးရတော့ အဲဒီကိုရောက်လာတဲ့ လူနာတွေက သက်သောင့်သက်သာ တစ်ယောက်မှမရှိဘူးလေ။ ကိုဗစ်ကတော့ ပိုဆိုးတာပေါ့။ ကိုဗစ်မဖြစ်ခင်ကတည်းက ဒါတွေကို ကျွန်မတို့ဟာ လူနာတွေဆီက သင်ယူခဲ့ရတယ်။ ဒီလူနာတွေကြည့်ရင်း ငါကလည်း တစ်ချိန်မဟုတ်တစ်ချိန် ဒီလိုအသည်းအသန် လူနာဖြစ်လာနိုင်တယ်လို့ တွေးပြီး လူနာတွေ ဘယ်လိုရင်ဆိုင်သလဲ၊ လူနာတွေ သူ့အသိဉာဏ်အဆင့်အလိုက် ရောဂါခံစားမှု ကျော်လွှားပုံတွေကို ကျွန်မသင်ယူလာခဲ့တယ်။ ကိုဗစ်မှာကျတော့ ပိုပြီး ရှုပ်ထွေးပြင်းထန်လာတဲ့အတွက် ဒါကို ပိုပြီး သတိရှိတယ်။ ငါဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြင်ဆင်ထားခဲ့တယ်။ ချောင်းဆိုးရင် ရေနွေးသောက်မယ်၊ ချင်းပြုတ်ရည်သောက်မယ်၊ အသက်ရှူကြပ်ရင် အောက်ဆီဂျင်ရှူမယ်၊ ဒါပေမဲ့ အသက်ရှူစက်တင်ရမယ်ဆိုရင်တော့ မတင်တော့ဘူးဆိုပြီး ဖေ့စ်ဘွတ်ခ်မှာတောင် ရေးခဲ့သေးတယ်။ တစ်ခုက အသက်ရှူစက်တင်ရင် သေနှုန်းများပြီး ရှင်နိုင်စွမ်းနည်းတယ်၊ နောက်တစ်ခုက သိပ်မသေချာတာကို အရမ်းကြိုးစားခြင်းအားဖြင့် နောက်တစ်ယောက်ကို ကူးစက်မှာကိုလည်း မလိုလားဘူး။ ဒီလိုမျိုး ပြင်ဆင်တာတွေတော့ ရှိတယ်။

မေး-ကိုဗစ်ရောဂါဖြတ်သန်းမှုမှာ စိတ်ခွန်အားကို ဘယ်လိုတည်ဆောက် အနိုင်ယူခဲ့ပါသလဲရှင့်။

ငယ်စဉ်ကာလ မိဘတွေပျိုးထောင်တာနဲ့လည်း ဆိုင်မယ်ထင်တယ်။ ကျွန်မမိဘတွေက လွပ်လပ်ရေးအတွက် ကြိုးပမ်းစဉ်ကာလထဲက ပါဝင်ခဲ့တဲ့ နိုင်ငံရေးမိသားစုဝင်တွေပါ။ သူတို့ဟာ နိုင်ငံရေးအကျဉ်းသားအဖြစ် အချိန်တော်ကြာ ခံခဲ့ရတာကြောင့် သူတို့ပြန်ပြောပြတဲ့ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်ပြီး သီးခြားနေထိုင်ရတဲ့ ကာလတွေမှာ သူတို့ဘယ်လို ဖြတ်သန်းလာရသလဲဆိုတာကို ကျမငယ်စဉ်ကာလမှာ ပြန်မျှဝေခဲ့တဲ့အတွက် ကျွန်မအခုလို သီးခြားစောင့်ကြည့်ခံရတဲ့ အခါမှာလည်း အဲဒီကြားနာခဲ့ဖူးတဲ့ အချက်အလက်တွေကြောင့် ပိုပြီးခံနိုင်သွားတယ်လို့လည်း ပြောနိုင်ပါတယ်။ သင်ယူခဲ့ရတဲ့ ဆရာကောင်း သမားကောင်းတွေရဲ့ ကျေးဇူးလည်းပါတာပေါ့။ ပညာရှာပမာ သူဖုန်းစားဆိုသလို ဆရာတိုင်းဆရာတိုင်းရဲ့ ကောင်းတာကိုမှတ်သားပြီး ပင်ကိုယ်အစွမ်းအစနဲ့ ဆွဲထုတ်ရတယ်။ ဒါက ကြံ့ခိုင်စေတယ်လို့ ယူဆပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ လုပ်ငန်းအရ နောက်ထပ်ကျေးဇူးရှင်လို့ ပြောလို့ရတဲ့ လူနာတွေက သက်ရှိဆေးစာအုပ်တွေလိုပါပဲ။ သူတို့ခံစားမှု၊ သူတို့အတွေ့အကြုံတွေကို စာအုပ်ကြီးတစ်အုပ်လို သေချာနားထောင်တဲ့အခါ သင်ကြားတာထက်ပိုပြီး တောက်ပြောင်လာပါတယ်။ ကျွန်မလုပ်သက် ၂၉ နှစ်ကာလလုံး ကိုယ့်ကိုယ်ကိုယ် တောက်လျှောက် လေ့ကျင့်သင်ကြား ဆုံးမနေခဲ့တာပေါ့။ အခုလိုမျိုး အရေးအကြောင်း ဖြစ်လာချိန်မှာ တန်ဖိုးရှိတဲ့ ကိုယ်ခံအားတွေ ရှိလာပါတယ်။

မေး-လူနာနံပါတ် (၁၇) ကို ကုသမှုပေးရတဲ့ အတွေ့အကြုံက ဆရာမအတွက် ဘာသင်ခန်းစာ ရခဲ့ပါသလဲ။

ကိုဗစ်က အထူးအဆန်းရောဂါသစ် တစ်ခုဖြစ်တယ်။ ဘယ်သူမှလည်း အပြည့်အစုံမသိနိုင်ဘူး။ အဲဒီအချိန်မှာ အစီအစဉ်တကျ ဆက်စပ်လုပ်ဆောင်တာ၊ ပူးပေါင်းဝန်းရံတာ (Co-orperative and co-ordination) တွေ အများကြီးလိုတယ်။ မေ့ဆေးဆရာဝန်တစ်ယောက်တည်း လုပ်လို့မရဘူး၊ သမားတော်တစ်ယောက်တည်းလည်း လုပ်လို့မရဘူး။ အားလုံးဝိုင်းဝန်းပြီး ပုံမှန်နိစ္စဓူဝကိစ္စတွေကို ညှိနှိုင်းလျှော့ချကြမလဲ၊ ဘယ်လိုမျိုး မထိခိုက်အောင် လုပ်ကြမလဲဆိုတာတွေကို ဆေးရုံက အားလုံးလိုအပ်ပါတယ်။ ဘယ်သူကမှ ပိုအရေးကြီးတယ်၊ ဘယ်သူကမှ ပိုအဓိကကျတယ်ဆိုတာ မရှိဘဲနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်ခြင်းက အရေးကြီးဆုံးအချက်ဆိုတာ ဒီကိုဗစ်ကိစ္စမှာ ကျွန်မသိလိုက်ပါတယ်။ လူအင်အား၊ ပစ္စည်းအင်အား လိုအပ်ချက်ကတော့ ဒီတိုင်းပြည်မှာ အရင်ကတည်းက ရှိတယ်။

ဒီကပ်ရောဂါဖြစ်လာတော့ ရှိတဲ့လူအင်အား၊ ပစ္စည်းအင်အားနဲ့ ပူးပေါင်းဆောင်ရွက်ရမှာပါ။ ပူးပေါင်းမှု၊ စည်းလုံးမှုနည်းတဲ့အတွက် ICU မှာ အဓိကလိုအပ်တဲ့ Video Laryngoscope ကလည်း အချိန်မီမရောက်လာခဲ့ဘူး။ အဲဒီလို အဆင်မပြေမှုတွေ ရှိတဲ့အခါ အန္တရာယ်အများဆုံး အနီးကပ်ပြု စုရတဲ့ ဝန်ထမ်းတွေမှာ ဖိစီးမှုတွေအများကြီး ဖြစ်ရပါတယ်၊ စိတ်မလုံခြုံမှုတွေ ဖြစ်တယ်၊ အဲဒီတော့ အဓိကအချက်တွေ လွတ်တယ်။ အဲဒီတော့ Failure ရတယ်။ ဟိုးအရင်ကတည်းက ဖြစ်လာခဲ့တဲ့ ပစ္စည်းလိုအပ်ချက်၊ လူအင်အားလိုအပ်ချက်တွေက ကပ်ရောဂါမှာ ဘူးပေါ်သလို ပေါ်တာပဲ။ ပစ္စည်းတွေကို ဖြည့်လို့ရပေမယ့် လူကိုချက်ချင်း ဖြည့်လို့မရပါဘူး။ သင်တန်းတွေပေးရမယ်၊ လေ့ကျင့်ရမယ်၊ ဇာတ်တိုက်ရမယ်။ အကောင်းဘက်က ဘာမြင်သလဲဆိုတော့ ကိုဗစ်အရေးအခင်းတင်မက ကျွန်မတို့နိုင်ငံရဲ့ အားနည်းလျော့ကျနေတဲ့ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းရေးတွေမှာပါ တိုးတက်အောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်။ နောက်မျိုးဆက်အတွက် ကျွန်မတို့တာဝန်တစ်ခုလို့လည်း ခံယူပါတယ်။

မေး- ဆရာမကြီးရဲ့ ဆေးကုသမှု အစောပိုင်းသတင်းတွေအရ ပိုးက Negative ပြလိုက်၊ Positive ပြလိုက် ဖြစ်တယ်ဆိုတော့ ဆေးပညာရပ်အနေနဲ့ ဘာကြောင့် ဒီလိုဖြစ်ရတယ်လို့ ထင်ပါသလဲရှင့်။

အသက်ရှူလမ်းကြောင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်က အဓိကခိုအောင်းနေပါတယ်။ နှာခေါင်းကနေ အဆုတ် . .လေအိတ်အထိ ရှိနေတဲ့အချိန်မှာ ချောင်းဆိုး၊ နှာချေတဲ့အခါ အချိန်မရွေး အာခေါင်ပတ်ဝန်းကျင်မှာ ရှိနေနိုင်တဲ့အတွက် နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်ယူပါတယ်။ လာယူတဲ့အခါ ဓာတ်ခွဲခန်းပညာရှင်တွေရဲ့ ကျွမ်းကျင်မှုအရ ဘယ်လိုနေရာကို ယူရသလဲဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ အဲလိုယူတဲ့အခါ နာကျင်မှုနည်းနည်းရှိတယ်၊ ခံနိုင်တဲ့လူနာနဲ့ မခံနိုင်တဲ့လူနာဆိုတာ ရှိပြန်ရော။ တချို့ကျတော့ နှာခေါင်းထဲ၊ ပါးစပ်ထဲကို တစ်ခုခုဝင်သွားရင်ကို မခံနိုင်ဘူး။ အဲလို တုတ်ကလေးနဲ့ ယူနေတဲ့အချိန် လိုအပ်တဲ့နေရာကို မရောက်ခင်မှာ နာလို့ပဲဖြစ်ဖြစ် နောက်ဆုတ်လိုက်တဲ့အခါ လိုအပ်တဲ့နေရာမရောက်ရင် ဗိုင်းရပ်စ်ပိုးတွေ မပါလာဘူး။ အာခေါင်ထဲ ယူတဲ့အခါမှာလည်း အန်တာ/အော့တာ လုပ်လိုက်ရင်လည်း လိုတဲ့နေရာကို မရောက်ဘူး။ ဗိုင်းရပ်စ်ရဲ့ အကောင်ရေပေါ်မှာလည်း မူတည်တာပေါ့။

ဆရာဝန်၊ ဆရာမလေးတွေ ယူတဲ့အခါမှာလည်း ဒီလိုလေးတွေ ဖြစ်နိုင်တာပဲ။ ပြီးရင် ရေခဲပုံးထဲထည့်၊ ရန်ကုန်ပို့ရတယ်။ အဲဒီအခါ တစ်ခုခုပြောင်းလဲသွားရင် Test က Negative ဖြစ်နိုင်တယ်။ တစ်ခါတလေ Test က Negative ဖြစ်နေတဲ့တိုင် ကိုဗစ်လက္ခဏာ တွေရှိနေရင်တော့ လူရဲ့မျက်မြင်လက္ခဏာတွေအရ Positive သဘောအနေနဲ့ ကြည့်ပေးရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက Positive ပြန်ဖြစ်နိုင်ခြေ ရှိလို့ပါပဲ။ ဒါကြောင့် ကျွန်မက ပထမ Positive ဖြစ်တယ်၊ ၁၄ ရက်အတွင်း ပြန်စစ်တော့ Negative ပြတယ်။ ၄၈ နာရီအတွင်း ပြန်စစ်တော့ Positive ဖြစ်တယ်။ အဲဒီ ၁၅ ရက်အတွင်း ရောဂါလက္ခဏာတွေက မပျောက်သေးဘူး။ ၂ ပတ်မှာထွက်တဲ့ Negative က False Negative ဖြစ်နိုင်တယ်။ Test က မသေချာတာ မဟုတ်ဘူး။ တတိယပတ်ကျမှ လက္ခဏာတွေ လျော့လာတယ်။ နောက်ထပ် ၆ ရက်အကြာမှာ ပြန်စစ်တော့ Negative ဖြစ်နေတယ်။ ၄၈ နာရီမှာ ပြန်ယူတော့ Positive ပြန်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ရောဂါလက္ခဏာတွေက တဖြည်းဖြည်းနဲ့ ပြန်ကောင်းတဲ့ဘက် ရောက်လာတယ်။ စိုးရိမ်စရာ မရှိတော့ဘူး။ ဒါကျတော့ False Positive ဖြစ်နိုင်တယ်။

တောင်ကိုးရီးယားက လေ့လာမှုအရ ဒီလိုမျိုးရောဂါလက္ခဏာမရှိဘဲနဲ့ Positive ပြတာတွေ ရှိနိုင်တယ်လို့ ဆိုတယ်။ သူတို့ဆီမှာ နှစ်ခါ Negative ပြပြီး ဆေးရုံကပြန်လွှတ်လိုက်တဲ့ လူနာတွေမှာ Positive ပြန်ပြတာ တွေ့တယ်။ ဒါက ပြန်ကူးတာလားဆိုပြီး ပြန်စစ်ဆေးတဲ့အခါ Positive စတွေ့တဲ့အချိန်ကနေ လေးပတ်ကျော်တဲ့အထိ တချို့တွေမှာ Positive ဖြစ်နေတာ တွေရှိတယ်။ လူနာကတော့ ကောင်းနေပြီ၊ ဒါပေမဲ့ Positive ဖြစ်နေတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ သေသွားတဲ့ ဗိုင်းရပ်စ်တွေရဲ့ RNA အပိုင်းအစတွေကလည်း Positive အဖြေထွက်နိုင်တယ်လို့တောင် ကိုရီးယားက ပြောလိုက်တယ်။

ကျွန်မမှာ ခြောက်ကြိမ်မြောက် Positive ကလည်း သေသွားတဲ့ဗိုင်းရပ်စ်တွေရဲ့ RNA အပိုင်းအစတွေ့လို့ ဖြစ်နိုင်တယ်၊ ဒါက စက်မှားတာမဟုတ်ဘူး။ NHL မှာစမ်းတဲ့ PCR Test က ဗိုင်းရပ်စ်ရဲ့ RNA ကိုပဲ စမ်းတာကိုး။ အရှင်ရဲ့ RNA ကော၊ အသေရဲ့ RNA ပါ Positive ထွက်တယ်။ ဒါကြောင့် ဘာနဲ့ခွဲမလဲဆိုတော့ ဒီလူနာက လက္ခဏာခံစားရသေးသလား၊ ပြင်းထန်လာလား၊ သက်သာသွားလားဆိုတာနဲ့ ဆိုင်ပါတယ်။ ကျွန်မ ၇ ကြိမ်မြောက်စစ်တော့ Negative ပြတယ်၊ နောက်ထပ် ၄၈ နာရီမှာ ထပ်စစ်တော့လည်း Negative ပြပါတယ်။ အဲဒီအချိန်မှာ အဖျားမရှိ ကိုဗစ်လက္ခဏာ ဘာမှမရှိတော့ဘဲ ကျွန်မရဲ့ အခြေခံကျန်းမာရေး အချက်အလက်တွေကလည်း ပုံမှန်ပြန်ရောက်နေပြီမို့ test အဖြေနဲ့လည်း ကိုက်ညီသွားပါတယ်။ ခုနှစ်ကြိမ်တိုင်တိုင် နှာခေါင်းလည်ချောင်းတို့ဖတ်နဲ့ သလိပ်တွေကို စေတနာမေတ္တာများ၊ ဇွဲလုံလနဲ့ ဂရုတစိုက် စစ်ဆေးပေးတဲ့ NHL နဲ့ WBG က တာဝန်ရှိသူများနဲ့ ညီအကိုမောင်နှမ လုပ်ဖော်ကိုင်ဖက်များကို အထူးကျေးဇူးတင်ပါတယ်။

မေး- ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် လူတွေအနေနဲ့ ဘာတွေကို အဓိကလိုက်နာသင့်ပါသလဲ ဆရာမ။

ရောဂါပိုးရှိသူပဲဖြစ်ဖြစ်၊ မရှိသူပဲဖြစ်ဖြစ် အဓိကလိုက်နာရမှာကတော့ Social Distancing ပဲ။ လူတိုင်းလူတိုင်းက ကိုရိုနာဗိုင်းရပ်စ် ရှိနေနိုင်လို့ ၃ပေ- ၆ပေက ခွာကို ခွာရမှာ။ လူစုလူဝေးရှောင်ရမှာ။ အဲဒီထက်ပိုကောင်းတာက Mask တပ်ရမှာ။ ပိုပြည့်စုံသွားအောင် လက်ခဏခဏ ဆေးရမှာ။ ရောဂါလက္ခဏာမပြဘဲ ပိုးရှိသူတွေက လူထုထဲရှိနေနိုင်တာကြောင့် ဒါတွေကို လိုက်နာနေရမှာပါ။ လူထုရဲ့ အသိပညာရေချိန်ကို မြှင့်တင်ပေးဖို့ သက်ဆိုင်ရာကလည်း New Normal ပုံစံနဲ့ လုပ်ရပါမယ်။ မေတ္တာရပ်ခံတယ်၊ ပညာပေးတယ်၊ ပညာပေးလို့မရလာရင် လိုက်နာလာအောင် ဘယ်လိုလုပ်မလဲဆိုတာ တာဝန်ရှိသူတွေကလည်း တိကျတဲ့ စည်းမျဉ်းဥပဒေနဲ့ လုပ်ဆောင်ရပါမယ်။

မေး- ဆရာမအနေနဲ့ အခုဆို ပိုးမတွေ့တာ နှစ်ကြိမ်ဖြစ်ပြီး လက်ရှိဘယ်မှာ Quarantine ဝင်နေပါသလဲ၊ ကျန်းမာရေးအခြေအနေက အရင်လိုပြန်ကောင်းနေပါပြီလား။

ဝေဘာဂီမှာ ပိုးမတွေ့ Negative Room က လွတ်နေတဲ့အတွက် ဒီမှာနှစ်ပတ်ကြာနေရမှာ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရတော့ သိပ်မပြင်းထန်တဲ့ လူနာထဲမှာ ပါတဲ့အတွက်ရယ်၊ ဝေဘာဂီက ဆရာကြီး၊ ဆရာမကြီးတွေကလည်း ဝိုင်းကူညီကြတာရယ်၊ ကျွန်မလည်း ကြိုးစားတာရယ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြန်ကောင်းလာပါတယ်။ ကျွန်မမှာ နဂိုကတည်းက နှလုံးသွေးကြောကျဉ်းတာ၊ လည်ပင်းကြီးရောဂါကြောင့် ခွဲစိတ်ထားလို့ ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီ လျော့နည်းနေတာ ရှိတယ်။ ကျွန်မအသက် ၅၈ နှစ် ရှိပါပြီ။ ပျမ်းမျှအားဖြင့်တော့ ရုပ်ပိုင်းဆိုင်ရာ ပုံမှန်ပြန်ဖြစ်လာပါပြီ။ စိတ်ပိုင်းဆိုင်ရာအရတော့ တည်ငြိမ်အောင် ကြိုးစားနေပါတယ်။ နေကောင်းရင် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်ထဲ ပြန်သွားရမှာဖြစ်တဲ့အတွက် စိတ်ဓာတ်ကြံ့ခိုင်အောင် အချိန်ယူရပါဦးမယ်။

မေး- ဆေးရုံကဆင်းရင် ဆရာမကြီး သွေးလှူခဲ့မယ်လို့လည်း သိရပါတယ်။ သွေးရည်ကြည်ကုထုံးအကြောင်းလည်း သိပါရစေ။

COVID-19 ကုထုံးတွေက တိတိကျကျ မပြောနိုင်သေးဘူး။ အားလုံးက စမ်းသပ်နေဆဲပဲ။ သွေးရည်ကြည်ကုထုံးနဲ့ ပတ်သက်ပြီး သိပ်မထူးခြားဘူးလို့ ပြောတဲ့တိုင်းပြည်တွေလည်း ရှိသလို ထူးခြားတယ်လို့ ပြောတဲ့တိုင်းပြည်တွေလည်း ရှိတယ်။ သေချာတာမရှိတဲ့အတွက် သွေးရည်ကြည်ကုထုံးကို ကုထုံးတစ်ရပ်အနေနဲ့ ကြိုးစားဖို့ လုပ်နေပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ပိုးမတွေ့လူနာတွေမှာ ဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ပဋိပစ္စည်းတွေ ရှိနေတာကြောင့် သွေးကို သိမ်းဆည်းထားမယ်။ ပုံမှန်လူနာတွေကို မကုသဘူး။ ပြင်းထန်ပြီး အဆုတ်မှာ ဒဏ်ရာတော်တော်များများ ရနေတဲ့ လူနာတွေကိုတော့ စမ်းသပ်ဖို့ ကြိုးစားနေတာပါ။ ပဋိပစ္စည်း ဘယ်လောက်ပါလဲဆိုတဲ့ စစ်ဆေးမှုမျိုးကို မြန်မာပြည်မှာ မလုပ်နိုင်သေးဘူး။ အခုလောလောဆယ်က ဗိုင်းရပ်စ်နဲ့ လူအပြေးပြိုင်နေသလိုပဲ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်မှာ တွေ့ရတဲ့ ဗိုင်းရပ်စ်မျိုးရိုးဗီဇ မဟုတ်တော့ဘဲနဲ့ နောက်ထပ်ဆန်းသစ်တဲ့ မျိုးဗီဇ ပေါ်နေတယ်လို့လည်း လေ့လာမှုတချို့က ပြောတယ်။ နောက်ထပ် ဇွန်၊ ဇူလိုင်မှာ ဖြစ်လာမယ့် ဗိုင်းရပ်စ်ကို ဒီသွေးရည်ကြည်ကုထုံးက ဘယ်လောက်ကုပေးနိုင်မလဲဆိုတာ ဘယ်သူမှ မသိသေးဘူး။ ကာကွယ်ဆေး ဆိုတာကလည်း အရင်ကိုဗစ်နဲ့ နောက်ပေါ်မယ့် ကိုဗစ်နဲ့ မတူရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ သွေးရည်ကြည်ကုထုံးရော ကာကွယ်ဆေးပေါ်လာဖို့ကိုရော တိကျတဲ့အဖြေထွက်လာဖို့ သိပ္ပံပညာရှင်တွေက ဆက်လက်စမ်းသပ် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

မေး- COVID-19 အခြေအနေတင်မက နေ့စဉ်ကုသရာမှာ မေ့ဆေးဆရာဝန်တွေရဲ့ အခန်းကဏ္ဍကိုလည်း ပြည်သူအများသိအောင် ပြောပြပေးပါဦး ဆရာမ။

ကျွန်မတို့မေ့ဆေးဆရာဝန်တွေက သီးခြား လေ့ကျင့်ပျိုးထောင်ထားတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် တတ်ကျွမ်းသူ ပညာရှင်တွေပါ။ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိကြောင်း ကမ္ဘာက အသိအမှတ်ပြုထားတာပါ။ ကျွန်မတို့က အသင်းအဖွဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ခွဲစိတ်တဲ့အပိုင်းမှာ မေ့ဆေးဆရာဝန်တွေကသာ နောက်ဆုံးအဆင့် ခွဲသင့်၊ မခွဲသင့်ကို တာဝန်ယူစဉ်းစား၊ ဆုံးဖြတ်ကြရတာ ဖြစ်ပါတယ်။ လက်ရှိခွဲစိတ်ရမယ့် ပတ်ဝန်းကျင်အခြေအနေမှာ ဖြစ်နိုင်ခြေအများဆုံး အန္တရာယ်၊ မမျှော်လင့်ဘဲ ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို လူနာရှင်ကို အသိပေးပြီး ညှိနှိုင်းသဘောတူညီချက်ယူပြီးမှ ခွဲစိတ်ခြင်းကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အကြောင်းရင်းတစ်ခုခုကြောင့် ခွဲစိတ်ပြီးချိန် ကိုယ်ခံအားကျသွားခဲ့ရင်လည်း ICU မှာထားပြီး မေ့ဆေးဆရာဝန်တွေက ဆက်လက်စောင့်ရှောက်ပေးရပါတယ်။ တစ်တိုင်းပြည်လုံးမှာ မေ့ဆေးဆရာဝန်တွေ အရမ်းနည်းနေပါတယ်။ ဒီအချိန်မှာ ကိုဗစ်ဖြစ်လာချိန်မှာ ပစ္စည်းမလုံလောက်မှုတွေကြောင့် ဖိစီးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် တာဝန်ကျေအောင် ကျွန်မလုပ်ခဲ့ပါတယ်။ ကျွန်မလိုတော့ နောက်ထပ်မဖြစ်စေချင်ပါဘူး။ အဲဒါကြောင့် အဖွဲ့လိုက်ဆောင်ရွက်မှု၊ နားလည်ပံ့ပိုးမှုတွေ အများကြီးလိုအပ်တဲ့အကြောင်း မေ့ဆေးဆရာဝန်တွေအားလုံးကိုယ်စား ပြောချင်ပါတယ်။

မေး- COVID-19 ရောဂါနဲ့ ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ ဆောင်ရွက်မှုအခြေအနေတွေကို ဆရာမကြီး ထပ်မံအကြံပေးလိုတာရှိရင် ပြောပေးပါဦး။

ကျွန်မတို့တိုင်းပြည်ရဲ့ အခြေအနေက လူတိုင်းသိတာပဲလေ။ ချမ်းသာတဲ့ နိုင်ငံတွေတောင် ရာနှုန်းပြည့်မလုပ်နိုင်ဘူး။ ခုနကျွန်မပြောသလို ရှိတဲ့အင်အားနဲ့ ပိုပြီး စည်းစည်းလုံးလုံး ပွင့်ပွင့်လင်းလင်း ယုံယုံကြည်ကြည် လေးလေးစားစား လုပ်ကြမယ်ဆိုရင် ဒီ့ထက်ပိုပြီး လုံခြုံစိတ်ချရတဲ့ အနေအထား ရောက်မယ်ထင်ပါတယ်။ မြေပြင်အခြေအနေမှာ တကယ်လုပ်နေရတဲ့ လူတွေက လိုအပ်ချက်တွေပြောတဲ့အခါ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အချိန်မီအချိန်ကိုက် ဖြည့်ဆည်းပံ့ပိုးဝန်းရံပေးဖို့ အများကြီး လိုအပ်ပါတယ်။

နောက်ဆုံးအနေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးတဲ့ နိုင်ငံတော်အတိုင်ပင်ခံ၊ ဆရာကြီးဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့တကွ WBG၊ NHL၊ ပြည်မြို့ကုတင် ၅၀ဝ ဆေးရုံကြီးမှ လုပ်ဖော်ကိုင်ဖက်များနဲ့ စေတနာမေတ္တာတွေနဲ့ ဆုတောင်းပေးကြတဲ့ ပြည်သူတရပ်လုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကပ်ရောဂါဆိုးကို အမူအကျင့်အသစ်တွေနဲ့ အနိုင်ယူ၊ လွတ်မြောက်နိုင်ပါစေကြောင်း ဆုတောင်းပါတယ်။

Most Popular

Healthy Life Ad
To Top