Healthy Life Ad
Life Style

သစ်ပင်နှင့် ခရီးသွားများ

—–၊ စူး(ဆေးဝါးတက္ကသိုလ်) ၊—–

တစ်ခါတုန်းက ပင်စည်အကြီးကြီးနဲ့ သစ်ပင်ကြီးတစ်ပင်က ခြောက်သွေ့တဲ့ တောအလယ်မှာ ထီးထီးကြီးရှိနေပါသတဲ့။ သစ်ပင်ကြီးက သစ်ခက်သစ်ရွက်တွေ စိမ်းစိမ်းစိုစိုနဲ့မို့ ရာနဲ့၊ ထောင်နဲ့ချီတဲ့ ခရီးသွားဧည့်သည်တွေအတွက် နားခိုရာ အရိပ်ဖြစ်စေပါတယ်။ အနီးအနား မြို့တွေ၊ ရွာတွေရှိလို့ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့ ကူးလူးသွားလာကြတဲ့ ခရီးသွားတွေက လမ်းတထောက်မှာ သစ်ပင်ကြီးရဲ့အရိပ်အောက် ခိုနားလေ့ရှိကြပါသတဲ့။

တစ်နေ့မှာတော့ ခရီးသွားဧည့်သည် နှစ်ယောက်ဟာ အချိန်ကြာကြာ လမ်းလျှောက်ပြီးနောက် မောပန်းနေချိန်မှာ သစ်ပင်ကြီးဆီ ရောက်လာခဲ့ပါတယ်။ ပူပြင်းတဲ့နေ့ဖြစ်လို့ သစ်ပင်ကြီးကိုတွေ့တာနဲ့ ခရီးသွားနှစ်ယောက်က အလွန်အမင်း ပျော်ရွှင်သွားကြပါတယ်။ သစ်ပင်အောက်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း၊ လေတဖြူးဖြူးတိုက်တာကို ခံစားရင်း ခဏတာအိပ်စက် အနားယူလိုက်ကြပါတယ်။

နိုးလာချိန်မှာ ခရီးသွားတစ်ယောက်က အလွန်အမင်း ဗိုက်ဆာလာပါတယ်။ သူတို့မှာ စားစရာမုန့်ကလည်း မရှိတော့ဘူး။ ဒါနဲ့ သစ်ပင်ပေါ်ကိုကြည့်ပြီး သစ်သီးတစ်လုံးတလေများ တွေ့လေမလားလို့ မော့ကြည့်ပါတယ်။ သစ်သီးတစ်လုံးမှ မတွေ့တာနဲ့ ခရီးသွားက -“အလကားသစ်ပင်၊ ဘာသစ်သီးမှလည်း မသီးဘူး။ အသုံးမကျတဲ့သစ်ပင်”ဆိုပြီး မြည်တွန်တောက်တီးပါတော့တယ်။

တခြားခရီးသွားက -“သူကအရိပ်ပေးလို့ ငါတို့အေးမြမှုကို ခံစားရတာလေကွာ”လို့ ဖျောင်းဖျပေမယ့် သူကတော့ ကျိန်စဲမြဲ ကျိန်စဲနေပါတယ်။ ခရီးသွားရဲ့ အပြစ်တင်သံကို နားမခံသာတော့တဲ့ သစ်ပင်ကြီးက-“မင်းက ငါ့ကိုကျေးဇူးမတင်တတ်တဲ့ကောင်ပဲ။ မင်းဒီကို ရောက်လာချိန်ကို ပြန်တွေးကြည့်စမ်းပါ။ ပူပြင်းခြောက်သွေ့နေတဲ့ နွေလယ်ခေါင်ခေါင်မှာ ငါ့ကြောင့်အရိပ်ရ၊ အနားရပြီး လေပြေလေညင်းနဲ့တောင် အိပ်မောကျသွားသေးတယ် မဟုတ်လား။ ငါသာ ဒီနေရာမှာမရှိရင် မင်းပင်ပန်းလွန်းလို့ လဲတောင်လဲကျနိုင်တယ်လေ. .တကယ်တော့ နွေအပူဒဏ်ကနေ မင်းကို ငါသက်သာရာ ရစေတာမဟုတ်လား”လို့ ပြောလိုက်ပါတော့တယ်။ဒီတော့မှ ခရီးသွားက သူ့အမှားကို နားလည်သဘောပေါက်ပြီး သစ်ပင်ကြီးကို တောင်းပန်ခဲ့ပါတော့တယ်။

Most Popular

Healthy Life Ad
To Top