Healthy Life Ad
Life Style

လက်ထပ်ပြီးခါစ စုံတွဲများကို အိမ်ထောင်သက် နှစ် ၄၀ ကြာ ဇနီးမောင်နှံက ပြောပြချင်သည့် အကြံပြုချက်များ

—–၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊—–

လက်ထပ်လိုက်ပြီဆိုတာ ဘဝမှာ ခြေတစ်လှမ်းရှေ့တိုးပြီး ကြီးမားတဲ့ အပြောင်းအလဲကို လုပ်ဆောင်လိုက်တာပါ။ အိမ်ထောင်ပြုပြီဆိုတာနဲ့ လူတိုင်းဟာ မျှော်လင့်ချက်အပြည့်နဲ့၊ အကောင်းမြင်စိတ်အပြည့်နဲ့၊ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပျော်ရွှင်နေကြပါတယ်။ အဲဒီလိုပျော်စရာကာလက ဟန်းနီးမွန်းခရီးအထိ သေချာပါတယ်။ တကယ့်လက်တွေ့ဘဝထဲ တူနှစ်ကိုယ်လက်တွဲရင်ဆိုင်ရချိန်မှာ အခက်အခဲလေးတွေ ကြုံရသလို ဆူးခင်းလမ်းကိုလည်း ဖြတ်လျှောက်ရပါတယ်။ အဲဒီအချိန်မှာ လင်နဲ့မယား အငြင်းပွား အချင်းများရာက အဆင်မပြေဖြစ်၊ ရန်ဖြစ်ပြီး နောက်ဆုံးမှာ လမ်းခွဲရတဲ့ စုံတွဲတွေလည်း မနည်းမနောပါ။ ဒါကြောင့် အိမ်ထောင်ပြုပြီးခါစ စုံတွဲတွေကို နှစ် ၄၀ ကြာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဖန်တီးနိုင်ခဲ့တဲ့ အိမ်ထောင်ရှင်အကြံပေးပညာရှင် ဝီနီဖရက်က အကြံပြုချက်တွေ မျှဝေထားပါတယ်။

လက်ထပ်ခြင်းက ကျွန်ခံခြင်းမဟုတ်

အိမ်ထောင်ပြုတယ်ဆိုတာ ပါတနာ (ဘဝအဖော်) ရှာပြီး ပူးပေါင်းတဲ့သဘောပါ။ ကျွန်ခံဖို့ မဟုတ်ပါဘူး။ အိမ်ထောင်တစ်ခုမှာ ဇနီးပဲဖြစ်ဖြစ်၊ ခင်ပွန်းပဲဖြစ်ဖြစ် ကိုယ်ဘာလိုချင်တယ်ဆိုတာသိဖို့ အရေးကြီးပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ၊ အိပ်မက်တွေကို အသီးသီး အကောင်အထည်ဖော်ရင်း ကိုယ့်အိမ်ထောင်ဖက်ကိုလည်း ပါရမီဖြည့်ပေးရမှာပါ။

alignnone size-medium wp-image-55028
အခက်အခဲမှန်သမျှ တာဝန်အတူတူယူပါ

ခင်ပွန်းက အိမ်ထောင်ဦးစီးဖြစ်လို့ မိသားစုရဲ့ အခက်အခဲမှန်သမျှ သူ့မှာပဲတာဝန်ရှိတယ်၊ သူပဲတာဝန်ယူရတယ်ဆိုတာ မဟုတ်ပါဘူး။ ကြုံလာသမျှ အခက်အခဲ လောကဓံမှန်သမျှ လင်နဲ့မယား အတူလက်တွဲပြီး ရင်ဆိုင်ဖြေရှင်းတာက အကောင်းဆုံးပါ။

alignnone size-medium wp-image-55029
နှစ်ယောက်စလုံး ခြားနားချက်တွေ အများကြီး

အချစ်တစ်ခုတည်း အရင်းပြုပြီး လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေးမှာ အရာရာတိုင်း သူနဲ့ကိုယ် စိတ်သဘောထားချင်း တိုက်ဆိုင်မယ်လို့ မထင်ပါနဲ့။ စိတ်သဘောထား မတူတာတွေအတွက်လည်း အငြင်းမပွားဘဲ သူ့အမြင်၊ ကိုယ့်အမြင်ကို လေးစားတန်ဖိုးထားရပါမယ်။ သင်ကသဘောထားပျော့ပျောင်းပြီး ပွင့်လင်းတဲ့ စိတ်ခံစားချက်ရှိတယ်ဆိုရင် သင့်အိမ်ထောင်ရေးက စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝခရီးဖြစ်နေမှာပါပဲ။

ငါပဲလုပ်နေရတာဆိုတဲ့ စကားကို မေ့လိုက်ပါ

“မိုးလင်းကတည်းက သူကဘာမှမလုပ်ဘူး၊ ငါကပဲ လုပ်နေရတာ”ဆိုပြီး တချို့အိမ်ရှင်မတွေ ပြောတတ်ကြပါတယ်။ အဲဒီလို ညည်းညူနေမယ့်အစား တစ်နေ့တာအတွင်း ဘာကိုကူလုပ်ပေးဖို့ ညှိထားပါ။

alignnone size-medium wp-image-55030
ပဋိပက္ခကို နားလည်မှုရှိဖို့ လမ်းစလို့ယူဆပါ

လင်နဲ့မယားကြားမှာ အဆင်မပြေတဲ့ ပဋိပက္ခတွေကို အခွင့်အလမ်းလို့ ယူဆပြီး သင်ဘာကိုလိုချင်တယ်၊ သင့်အားသာချက်က ဘာရှိတယ်၊ သင့်အားနည်းချက်က ဘာရှိတယ်ဆိုတာကို သိအောင်ပြောပြပါ။ သူ့အနေနဲ့လည်း ပွင့်ပွင့်လင်းလင်း ပြောလာပါစေ။ ပဋိပက္ခကို စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဒါက တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိဖို့၊ ပံပိုးကူညီမှု ပိုပေးနိုင်ဖို့ လမ်းစလို့သာ သဘောထားလိုက်ပါ။

သင့်အိမ်ထောင်ဖက်ရဲ့ သဘောထားကို မေးပါ

အသေးအဖွဲပဲဖြစ်ဖြစ် ကိုယ်တစ်ဦးတည်း မဆုံးဖြတ်ပါနဲ့။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်ဘယ်လိုထင်သလဲ”ဆိုတဲ့ မေးခွန်းကို မေးပါ။ ဒါက သူ့ထင်မြင်ချက်ကို သင်ကအလေးထားတယ်ဆိုတာ သိစေတဲ့အတွက် သူ့ကိုလည်း ပျော်ရွှင်စေပါတယ်။ ဒီနေရာမှာ သိထားရမှာက သူ့ထင်မြင်ချက်မေးတဲ့အခါ ကိုယ်ဖြစ်ချင်တာကိုပဲ အလေးထားမမေးပါနဲ့။ သူပြောတာကို အရင်ဆုံး နားထောင်ပေးပါ။ ပြီးမှ သင်ဖြစ်ချင်တာကို ပြောပါ။

ခွင့်လွှတ်ပါ

ဘယ်သူမှတော့ စင်းလုံးချောမဟုတ်တဲ့အတွက် အိမ်ထောင်ဖက်က တစ်ခါတလေ အမှားလုပ်တဲ့အခါ ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ခွင့်လွှတ်နိုင်လောက်တဲ့ အမှားဆိုရင်ပေါ့။ ခွင့်လွှတ်ပြီးပြီဆိုရင်လည်း အဲဒီအမှားကို ထပ်ခါတလဲလဲ ထပ်တလဲလဲ ပြန်မပြောပါနဲ့။

နှုတ်ဆက်စကားပြောဖို့ မမေ့ပါနဲ့

အလုပ်တွေ ဘယ်လောက်များများ အပြင်သွားချိန်မှာ ပွေ့ဖက်နှုတ်ဆက်ဖို့၊ ပြန်လာရင် “ဟဲလို”လို့ ပြောပြီး အနမ်းပေးဖို့ မမေ့ပါနဲ့။ ပွေ့ဖက်နှုတ်ဆက်တာက တစ်ဦးနဲ့တစ်ဦး ပိုချစ်ခင်စေပါတယ်။

တစ်ခါတလေ မုန်းတတ်ပါတယ်

ကိုယ်တစ်ချိန်က သိပ်ချစ်လွန်းလို့ လက်ထပ်ခဲ့ပါတယ်ဆိုတဲ့ ချစ်သူကို အိမ်ထောင်သက်ကြာလာချိန်မှာ တစ်ခါတလေ မုန်းတတ်ပါတယ်။ ဒါပေမဲ့ မုန်းတာလောက်နဲ့ အိမ်ထောင်ရေးကို အဆုံးမသတ်လိုက်ပါနဲ့။ ခရီးထွက်တာ၊ အပန်းဖြေတာတို့နဲ့ စိတ်ကိုပြောင်းလဲလိုက်ပါ။

alignnone size-medium wp-image-55031
သူတန်ဖိုးထားတာကို နားလည်ပါ

သူကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်အနေအထားက မတူညီတဲ့အတွက် တန်ဖိုးထားပုံချင်းလည်း မတူတတ်ပါဘူး။ အဲဒီအခါ သူတန်ဖိုးထားတဲ့အရာကို ဘယ်တော့မှ ပြစ်တင်ရှုံ့ချမှုမလုပ်ဘဲ နားလည်မှုပေးပါ။ လေးစားပေးပါ။

Most Popular

Healthy Life Ad
To Top