Healthy Life Ad
Health Tips

လျှာအဆီများကို လျှော့ချခြင်းဖြင့် အိပ်နေစဉ် အသက်ရှူရပ်သည့်ရောဂါကို သက်သာစေနိုင်

ကိုထက်

လေ့လာမှုအသစ်များအရ ခန္ဓာကိုယ်တွင်း အဆီများသူတွေနဲ့ အဝလွန်သူတွေရဲ့လျှာဟာ ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေလို အဆီတွေစုလာနိုင်တယ်လို့ သိရပါတယ်။ အမေရိကန်မှာ လူပေါင်း သန်း၂၀ လောက်ဟာ အိပ်ပျော်နေစဉ် အသက်ရှူရပ်ရပ်သွားတတ်တဲ့ ဝေဒနာခံစားနေရတယ်လို့ သိရပါတယ်။ ဒီဝေဒနာကို အဝလွန်တဲ့သူတွေမှာ ပိုအဖြစ်များတယ်ဆိုတာကိုတော့ သိရှိကြပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို တိတိကျကျ မသိရှိခဲ့ကြပါဘူး။

“ဆရာဝန်တွေအပါအဝင် တချို့ပညာရှင်တွေကိုယ်တိုင် ဒီရောဂါကိုကုသရာမှာ ကိုယ်အလေးချိန်ချဖို့ အကြံပေးတတ်ကြပြီး ခန္ဓာကိုယ်တွင်း အဆီတွေကိုသာ စစ်ဆေးတတ်ကြပါတယ်၊ လျှာမှာရှိတဲ့ အဆီတွေကိုလည်း စစ်ဆေးဖို့ လိုအပ်တယ်ဆိုတာကို မသိကြပါဘူး”လို့ အိပ်စက်ခြင်းနှင့် ဆေးဝါးဆိုင်ရာပညာရှင် ဒေါက်တာရစ်ချက်က ပြောပြခဲ့ပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားခြင်းကြောင့် ဒီဝေဒနာဖြစ်တယ်ဆိုတာ သိကြပေမယ့် အများစုက လည်ပင်းမှာအဆီတွေ များလာတာကြောင့်ဖြစ်တယ်လို့သာ ယူဆထားကြတယ်လို့ သိရပါတယ်။ အမှန်တကယ်ကတော့ လျှာမှာအဆီတွေ စုလာဖြစ်တဲ့အတွက် ဒီရောဂါကို ကုသမှုပြုတဲ့အခါ လျှာရဲ့အထူနဲ့ အရွယ်အစားတွေကိုပါ တိုင်းတာပြီး မှတ်သားထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

လေ့လာသူတွေက ဒီဝေဒနာခံစားနေရတဲ့ လူနာ ၆၇ ဦးကို အသေးစိတ်စစ်ဆေးပြီး စစ်တမ်းကောက်ခဲ့ကြပါတယ်။ ထိုလူနာအားလုံးဟာ ပုံမှန်ထက် ပိုဝသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ထိုလူနာတွေအားလုံးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အဆီပမာဏတွေကို တိုင်းတာခဲ့ပြီးနောက် ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်တွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ၆ လလောက်အတွင်းမှာ ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြပါတယ်။ မေးရိုး လည်ပင်းရှိ ကြွက်သားများ၊ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းတလျှောက် စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ပြီးနောက် လျှာရှိအဆီလျော့ကျမှုဟာ ရောဂါသက်သာလာဖို့အတွက် အဓိကအကျဆုံး ဖြစ်နေတာကို နှိုင်းယှဉ်သိရှိခဲ့ကြရတယ်လို့ ဆိုပါတယ်။ လျှာအဆီနဲ့ပတ်သတ်ပြီး လေ့လာမှုတွေက နည်းပါးသေးတဲ့အတွက် ဆက်လပ်လေ့လာမှု အများအပြားပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

အိပ်ပျော်နေစဉ် အသက်ရှူရပ်တဲ့ ရောဂါဟာ တခြားသော နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ စိတ်ဖိစီးမှု များခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အထိရောက်ဆုံး ကုသမှုမှာ ကိုယ်အလေးချိန် များသူတွေအတွက် ကိုယ်အလေးချိန် လျှော့ချခြင်းသာဖြစ်ပြီး ညအိပ်ရင် အသက်ရှူစက်တပ်ပြီး အိပ်ခြင်းဖြင့် ဝေဒနာကိုသက်သာအောင် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

(Ref;DM 10-1-2020)

Most Popular

Healthy Life Ad
To Top