Healthy Life Ad
Health Tips

ကင်ဆာကပေးသော သင်ခန်းစာများ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

စင်ကာပူနိုင်ငံ၊ National Cancer Center မှ Can Help News စာစောင်ပါ “CANCER AS A TEACHER” ဆောင်းပါးကို ဖတ်ရှုပြီးနောက် ကင်ဆာဝေဒနာရှင်တွေ၊ ၎င်းတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကင်ဆာရောဂါ စတင်တွေ့ရှိ ရောဂါဖော်ထုတ်ပေးကြမယ့် ဆရာဝန်တွေကို အသိပေးလိုတဲ့ ဆန္ဒဖြစ်ပေါ်လာတဲ့အတွက် ဆီလျော်အောင်မှီငြမ်းပြီး ဘာသာပြန် ရေးသားဖော်ပြလိုက်ပါတယ်။

ကြောက်စရာကောင်းတဲ့ရောဂါ ဖြစ်ပွားနေပြီလို့ သိရှိပြီးနောက် ကင်ဆာရောဂါဝေဒနာရှင်တွေရဲ့ များပြားလှတဲ့ အတွေ့အကြုံတွေထဲက တချို့မှာ သင်ခန်းစာကောင်းတွေ ဖြစ်ပါတယ်။ ကင်ဆာရောဂါ ခံစားနေရတဲ့ ဇနီးမောင်နှံတို့ဆီက ကင်ဆာရောဂါ ခရီးတလျှောက် ရရှိခဲ့တဲ့ မှတ်သားစရာတွေကို စာဖတ်သူတွေအတွက် တစ်စုံတစ်ခုသော အထောက်အကူတစ်ခုအဖြစ် ဝေမျှခံစားစေလိုတာကြောင့် အောက်ပါသင်ခန်းစာတွေကို တင်ပြလိုက်ရပါတယ်။

သင်ခန်းစာ (၁) ဆရာဝန်ကောင်းများ၏ အချိန်မီလွှဲပြောင်းကုသမှုတန်ဖိုး

သဘာဝလောကကြီးက ကျွန်တော်တို့ဆရာဝန်တွေကို ဖြစ်ပွားနေတဲ့ ရောဂါတွေ ပျောက်ကင်းစေဖို့အတွက် ကုသနည်းလက်နက်ကောင်းတွေ ပေးထားပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် ရောဂါရှိမှာကို ယုံကြည်ဖို့ ခက်ခဲနေပြီး မဖြစ်နိုင်လို့ ယူဆခြင်း၊ နာကျင်မှုမရှိသေးတာကြောင့် နောက်မှစစ်ဆေးတော့မယ်လို့ ရွှေ့ဆိုင်းထားခြင်းတွေက ကင်ဆာရောဂါ ပိုမိုပျံ့ပွားစေတာကို တွေ့ရှိရပါတယ်။ အဲဒီလို အသိနောက်ကျနေတာမျိုး မဖြစ်အောင် လုံးဝကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါ အမျိုးအမည်အလိုက် ကြိုတင်စစ်ဆေးမှုတွေကို ပြုလုပ်တဲ့နည်းနဲ့ ရောဂါကို စောစောရှာဖွေ တွေ့ရှိနိုင်ပြီး ရောဂါပြန့်ပွားခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါကို စောစောရှာဖွေ တွေ့ရှိတာက ရောဂါပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ရောဂါနဲ့ ပတ်သက်ပြီး ပျောက်ကင်းနိုင်တဲ့ ယုံကြည်ချက်ထားရှိဖို့ လိုအပ်သလို ကျွမ်းကျင်သူဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လည်း လိုအပ်ပါတယ်။ ဆရာဝန်တွေအနေနဲ့လည်း လူနာတွေ ကင်ဆာရောဂါဝေဒနာ ခံစားနေရတာကို စောစောသိရှိပြီး အချိန်မီလွှဲပြောင်း ကုသစေတဲ့နည်းနဲ့ လူနာတွေရဲ့အသက်ကို တစ်ဖက်တစ်လမ်းကနေ ကယ်တင်ရာရောက်တယ်လို့ သိရှိထားသင့်ပါတယ်။

“အခုလို ကြောက်စရာကောင်းတဲ့ အချိန်မှာတောင် သင့်မှာ တခြားသူတွေမရနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။ “ဒုက္ခတွေ့မှ မိတ်ကောင်းသိရ”ဆိုသလို ဘဝမှာ ဘယ်အရာနဲ့ ဘယ်သူတွေက အမှန်တကယ် အရေးကြီးတယ်၊ စစ်မှန်တယ်ဆိုတာ အေးအေးဆေးဆေး ဝေဖန်သုံးသပ်ဖို့ အချိန်ရပါတယ်။”

သင်ခန်းစာ (၂) မျှော်လင့်ချက်ရှိခြင်း၏ အရေးပါမှုကဏ္ဍ

ကျွန်တော်တို့ ဆရာဝန်တွေဆီက စာနာစိတ်နဲ့ လူနာရဲ့ အားထားယုံကြည်မှုတွေက လူနာတွေ ရောဂါပျောက်ကင်းစေရေးအတွက် အရေးပါကြောင်း မကြာခဏ ကြားသိနေရပါတယ်။ ဒါပေမဲ့ ဆရာဝန်အများစုက စာနာစိတ်နဲ့ အားထားယုံကြည်မှုတို့အပေါ် အလေးအနက်မထားတာ တွေ့နေရဆဲ ဖြစ်ပါတယ်။ လူနာတစ်ဦးအဖို့ မျှော်လင့်ချက်ရှိတာက ကျွန်တော်တိုရဲ့ ခေတ်ပေါ်ဆေးဝါးတွေလောက်နီးပါး အကျိုးရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ မိမိတို့လူနာ မျှော်လင့်ချက်ကုန်ဆုံးအောင် မလုပ်မိစေဖို့ အရေးကြီးပါတယ်။

alignnone size-medium wp-image-54694
သင်ခန်းစာ (၃) ကင်ဆာရောဂါက ကူးစက်ရောဂါ မဟုတ်ပါ

မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုထံက ရရှိတဲ့မေတ္တာဟာ လူနာတွေကို အမြဲအားတက်စေပါတယ်။ ဒါပေမဲ့ တချို့မိတ်ဆွေသူငယ်ချင်းတွေက သူတိုရဲ့ဂရုစိုက်မှု လိုအပ်တယ်ဆိုတာကို လျစ်လျူရှုထားပြီး လူနာတွေထံက ရောဂါကူးစက်မှာစိုးလို့ သတင်းမေးခြင်းတွေ မပြုလုပ်မိရင် သူတို့မိတ်ဆွေလူနာတွေကို ဝမ်းနည်းရစေပါတယ်။

သင်ခန်းစာ (၄) မျှော်လင့်ချက်ကင်းမဲ့စေသော စကားများ ပြောဆိုသူတို့ကို ရှောင်ကြဉ်ပါ

လူနာတွေအတွက် သူတို့မိတ်ဆွေ၊ မိသားစုတွေဆီက အားပေးစကားရရှိဖို့ဆိုတာ အလွန်ပဲ အရေးကြီးသလို ကိုယ့်အပေါ် မျှော်လင့်ချက်ကင်းမဲ့စေတဲ့ စကားတွေ၊ ဝမ်းနည်းအားငယ်စေတဲ့ စကားတွေ ပြောဆိုမယ့်သူတွေကို ရှောင်ကြဉ်ဖို့ကလည်း တန်းတူအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ကို စာနာစိတ်နဲ့ ပြောဆိုမယ့်သူတွေကို တွေ့ဆုံပြီး သူတိုရဲ့အားပေးကူညီမှုကို ရယူဖို့ လိုအပ်သလို သင်ရဲ့ယုံကြည်ချက် ခွန်အားတွေကို ယုတ်လျော့စေတဲ့ စကားတွေ ပြောဆိုမယ့်သူတွေရဲ့ရန်က လွတ်မြောက်အောင်လည်း ဆောင်ရွက်ဖို့ လိုပါတယ်။

“လူနာတစ်ဦးအဖို့ မျှော်လင့်ချက်ရှိတာက ကျွန်တော်တိုရဲ့ ခေတ်ပေါ်ဆေးဝါးတွေလောက်နီးပါး အကျိုးရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ မိမိတို့လူနာ မျှော်လင့်ချက်ကုန်ဆုံးအောင် မလုပ်မိစေဖို့ အရေးကြီးပါတယ်။”

သင်ခန်းစာ (၅) သင်ရဲ့အမြင်က သင့်ခံစားချက် ဖြစ်စေပါတယ်

တချို့လူတွေအတွက် ဆေးကုရင်း ဆံပင်ကျွတ်တာက ဝမ်းနည်းစိတ်ထိခိုက်ရတတ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ခဲ့ရင် ဝမ်းနည်းတဲ့ခံစားချက် လျော့ကျအောင် ဆံပင်တိုတို မြန်မြန်ညှပ်ပစ်လိုက်ပါ။ ဆံပင်တုက ကြည့်ပျော်ရှုပျော်ဖြစ်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ ကိုယ့်ရုပ်သွင်ကို ဆွဲဆောင်မှုရှိအောင် အဝတ်အစား လှလှပပ ဝတ်ဆင်တာ၊ ဆံပင်/မိတ်ကပ်တွေ လိမ်းခြယ်တာ လုပ်သင့်ပါတယ်။ အရာရာကို ဟာသအမြင်နဲ့ကြည့်ပြီး အမြဲရယ်မောနိုင်အောင် ကြိုးစားပါ။ လောကကြီးမှာ သင့်အပြုံးလောက် ဘယ်အရာကမှ ကြည့်လို့မကောင်းဘူးဆိုတာ ယုံကြည်လိုက်ပါ။

သင်ခန်းစာ (၆) ကင်ဆာကြောင့် လိင်မှုကိစ္စ မဆုံးရှုံးပါ

လူတစ်ဦးရဲ့ အတွင်းရေးဖြစ်တဲ့ လိင်မှုကိစ္စကို မေးမြန်းဖို့ မလွယ်ကူလှပါဘူး။ သင်နဲ့ သင့်အဖော်ကြား အတွင်းရေးရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ အလွန်အရေးကြီးပါတယ်။ သင့်ရောဂါကို ရှာဖွေစစ်ဆေးနေချိန်နဲ့ ကုသနေချိန်တွေမှာ သင့်အဖော်နဲ့ ပုံမှန်ဆက်ဆံမှု ပြုနိုင်သလို ပြုလည်းပြုလုပ်သင့်ပါတယ်။ သင့်ကို အကူအညီနဲ့ အကြံဉာဏ်တွေပေးနိုင်တဲ့ သင့်ဆရာဝန်၊ ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။

သင်ခန်းစာ (၇) ပိုမိုနားထောင်၊ ပိုမိုကြည့်မြင်ပြီး ပိုမိုချစ်မြတ်နိုးပါ

ကင်ဆာရောဂါက သင့်ဘဝကို အမျိုးမျိုးအဖုံဖုံ ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲမှုအားလုံးက အဆိုးဝါးကြီးတော့ မဟုတ်ပါဘူး။ အခုလို ကြောက်စရာကောင်းတဲ့ အချိန်မှာတောင် သင့်မှာ တခြားသူတွေ မရနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ပါတယ်။ “ဒုက္ခတွေ့မှ မိတ်ကောင်းသိရ”ဆိုသလို ဘဝမှာ ဘယ်အရာနဲ့ ဘယ်သူတွေက အမှန်တကယ် အရေးကြီးတယ်၊ စစ်မှန်တယ်ဆိုတာ အေးအေးဆေးဆေး ဝေဖန်သုံးသပ်ဖို့ အချိန်ရပါတယ်။ ကင်ဆာရောဂါကြောင့် အံ့သြဖွယ်ကောင်းလောက်အောင် လူတချို့က ကိုယ့်ဘဝထဲ ရောက်ရှိလာနိုင်သလို သူတိုရဲ့ အားအင်၊ မေတ္တာနဲ့ ချိုမြိန်တဲ့ ကြင်နာမှုတွေကို ခံစားရနိုင်ပါတယ်။

သင်ခန်းစာ (၈) သင့်မှာ ယုံကြည်ချက်ကောင်းတွေ ရရှိအောင် ဆောင်ရွက်ပါ

နောက်ဆုံးအရေးကြီးတဲ့ သင်ခန်းစာကတော့ ကိုယ်ကိုးကွယ်ရာ ဘာသာတရားက ကျွန်တော်တို့တွေ ဒုက္ခတွေ့ချိန်မှာ ကူညီဖို့အတွက် အားကိုးခိုလှုံရာနဲ့ အားအင်တွေ ပေးစွမ်းရာပဲ ဖြစ်ပါတယ်။ သင်တို့ရောဂါနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်မရှိတော့ပါလို့ ငြင်းဆန်မနေသင့်တော့တဲ့အတူ လက်ကျန်ဘဝမှာ မိမိရောဂါအကြောင်း ဖွင့်ဟပြောတဲ့နည်းနဲ့ သင်ရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ကိုးကွယ်အားထားရာတွေကို တိုးပွားစေပြီး ခံနိုင်ရည်ရှိလာစေမှာ ဖြစ်ပါတယ်။ ကင်ဆာက အထီးကျန်ရောဂါ တစ်ခုပါပဲ။ ဒါပေမဲ့ သင့်အနေနဲ့ကတော့ မိတ်ဆွေကောင်းတွေ ရရှိလာနိုင်တာကြောင့် အထီးကျန်မဖြစ်နိုင်ပါဘူး။ မိမိက ကင်ဆာရောဂါ ခံစားနေရပေမယ့် အနာဂတ်မှာ လူကောင်းဖြစ်ပြီဆိုတဲ့ ယုံကြည်ချက်ထားပြီး ကြိုတင်ပြင်ဆင်ထားဖို့ပဲ လိုပါတယ်။

(ကျေးဇူးတင်လွှာ-မစ္စတာရောဘတ်စီဖိုးနဲ့ ၄င်းရဲ့ဇနီးတို့ကို သူတို့အတွေ့အကြုံတွေ မျှဝေခံစားခွင့်ပြုတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။)

Most Popular

Healthy Life Ad
To Top