Healthy Life Ad
Life Style

သင်ရွေးချယ်လိုက်တဲ့ မျက်လုံးပုံက ပြောပြနေသည့် သင့်အကြောင်း

ကိုထက်

အခုဖော်ပြထားတဲ့ မတူတဲ့ မျက်လုံးပုံစံလေးတွေကို ကြည့်ပြီး သင့်စိတ်ထဲမှာ သဘောအကျဆုံးလို့ ခံစားမိတဲ့ ပုံတစ်ပုံကို ရွေးချယ်လိုက်ပါ။ ပြီးရင် သင်ရွေးလိုက်တဲ့ ပုံလေးက ဘယ်လိုစိတ်နေသဘောထား ရှိတတ်သူတွေလဲဆိုတာကို ဖတ်ကြည့်လို့ရပါပြီ။

နံပါတ် (၁) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

ပထမဆုံး မျက်လုံးပုံလေးကို သဘောကျတယ်ဆိုရင်တော့ သင်ရင်းနှီးဖော်ရွေသူတစ်ဦး ဖြစ်ပါတယ်။ ဘယ်လိုလူကိုဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံနိုင်စွမ်းရှိပြီး အလွယ်တကူလည်း သံယောဇဉ်ဖြစ်တတ်လေ့ ရှိသူတွေပါ။ ကိုယ်ခင်တဲ့သူက ကိုယ့်အပေါ်မကောင်းလို့ စိတ်ညစ်ရတယ်ဆိုတာ တစ်ယောက်ထဲအထီးကျန်ပြီး နေနေရတာနဲ့စာရင်တော့ ပိုကောင်းပါသေးတယ်လို့ ယုံကြည်သူဖြစ်ပါတယ်။ လောကဓံကို ခံနိုင်ရည်ရှိသူဖြစ်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တစ်ယောက်ထဲပဲ ရှင်းလေ့ရှိပါတယ်။ သင်ကိုယ်တိုင် အခက်အခဲတွေ ကြုံနေပေမယ့် အကူအညီတောင်းလာတဲ့ သူတွေရှိလာရင်တော့ သူတို့ရဲ့ အရေးကိစ္စတွေကို ဦးစားပေးလုပ်ပေးတတ်သူပါ။ သူများကို ကူညီနေရတာကိုက သင့်စိတ်ပင်ပန်းမှုအတွက် အားဆေးတစ်ခွက်ပါ။

နံပါတ် (၂) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

ဒုတိယမျက်လုံးပုံကို သဘောအကျဆုံးလို့ ခံစားမိသူဆိုရင် သင်ဟာ သတိရှိသူဖြစ်ပါတယ်။ အမှန်တရားကို အလွန်အလေးထားပြီး အကောင်းမြင်သမားလဲ ဖြစ်ပါတယ်။ သင်ဟာ အဆင်မပြေတဲ့သူတွေ အဆင်ပြေသွားစေဖို့၊ အဆင်ပြေတဲ့သူတွေ ပိုပြီးအဆင်ပြေသွားစေဖို့ဆိုတဲ့ အတွေးကို အခြေခံပြီးတော့ လုပ်ကိုင်ဆောင်ရွက်တတ်သူပါ။ စိုးရိမ်စိတ်တွေရှိပေမယ့် ထုတ်ဖော်ပြောပြလေ့ မရှိပါဘူး။ သင်မဖြေရှင်းပေးနိုင်တဲ့ မမျှတမှုတွေကိုကြည့်ပြီး စိတ်ဓာတ်ကျနေတတ်ပါသေးတယ်။ သင်ဟာ ကမ္ဘာကြီးပေါ်မှာ အကောင်းဆုံးရှင်သန်ခဲ့ပြီး နောက်ဆုံးအချိန်ထိ အများအတွက် တက်အားသမျှ ကူညီဆောင်ရွက်နေမယ့်သူပါပဲ။

နံပါတ် (၃) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

တတိယမျက်လုံးပုံကို သင်အကြိုက်ဆုံးလို့ ရွေးချယ်လိုက်ပြီဆိုရင် သင်ဟာ အတိတ်ကအဖြစ်အပျက်တွေနဲ့ ရှင်သန်နေတတ်သူပါပဲ။ အရင်က ဝမ်းနည်းဖူးတဲ့ အဖြစ်အပျက်တွေတွေးပြီး ပြန်ဝမ်းနည်းနေတာ၊ အရင်က ကြောက်လန့်ဖူးတာကို ပြန်တွေးပြီး ပြန်ကြောက်လန့်မိနေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဘဝဆိုတာ တက်မက်စရာ သိပ်မရှိဘူးလို့လဲ တွေးနေမိတတ်သူပါ။ ဒါကြောင့် စိတ်ငြိမ်းချမ်းစေတဲ့ အရာတွေကို လိုက်ရှာနေပြီး အေးအေးချမ်းချမ်းနေရဖို့အတွက် ဘာကိုမဆို လုပ်မယ့်သူမျိုး ဖြစ်ပါတယ်။ သူများတွေထက်ပိုပြီး စိတ်ခံစားချက်နုပေမယ့် သူများတွေထက်ပိုပြီး ကြံ့ကြံ့ခံနေနိုင်သူလဲ ဖြစ်ပါတယ်။ သင်ဟာ ကျရှုံးသွားချိန်တွေကနေ ပြန်လည်ရုန်းထွက်တဲ့နေရာမှာ အလွန်ကျွမ်းကျင်သူပဲ ဖြစ်ပါတယ်။

နံပါတ် (၄) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

လေးခုမြောက်မျက်လုံးပုံကို သဘောကျတယ်ဆိုရင်တော့ သင်ဟာ အတွေးအခေါ် ဒဿနသမားကြီးပဲ ဖြစ်ပါတယ်။ ဘယ်အရာကိုဖြစ်ဖြစ် သာမှန်ထက်ပိုပြီးတော့ တွေးတောတတ်သူဖြစ်သလို လုပ်သမျှအလုပ်ကိုလဲ အဓိပါယ်ရှိအောင် လုပ်တတ်သူ ဖြစ်ပါတယ်။ စနစ်တကျ ကြိုတင်တွေးခေါ် ကြံစည်ထားခြင်းက အလုပ်တခုကို မလုပ်ခင်ကပင် တစ်ဝက်ပြီးနေတာဖြစ်တယ်လို့ ယုံကြည်သူဖြစ်ပါတယ်။ သင်စိတ်ချပြီး ယုံကြည်လို့မရတဲ့ အရာတွေ အများကြီးရှိနေပေမယ့် ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှုအပြည့် ရှိသူပါ။ လောကမှာ ရှိသမျှအကုန်သိအောင် မလေ့လာနိုင်ပေမဲ့ လေ့လာမိသလောက်ကိုတော့ ပိုင်ပိုင်နိုင်နိုင်ရှိဖို့ လိုတယ်လို့ လက်ခံယုံကြည်သူတွေ ဖြစ်ပါတယ်။

နံပါတ် (၅) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

ငါးခုမြောက်မျက်လုံးပုံကို သဘောကျသူတွေကတော့ နားလည်ရခက်တဲ့သူတွေ ဖြစ်ပါတယ်။ လျှို့ဝှက်တတ်သူတွေလဲ ဖြစ်ပါတယ်။ သင့်အကြောင်းကို သိအောင် စုံစမ်းသူတွေက လက်လျော့သွားတာ များပါတယ်။ သင့်စိတ်နေစိတ်ထားက တစ်နေ့နဲ့တစ်နေ့ မတူညီပဲ ပုံစံမျိုးစုံ ပြောင်းလဲနေတတ်ပါတယ်။ ဒီနေ့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ပုံစံဆိုပေမယ့်လဲ နောက်တစ်နေ့မှာတော့ ဒီလိုပုံစံ ဟုတ်ချင်မှဟုတ်တော့မှာပါ။ သင်ဟာ ဘယ်လိုလူဆိုတာကို လူတွေကိုအသိမပေးတတ်သူ ဖြစ်ပါတယ်။ စကားပြောနည်းပြီး ဟန်ဆောင်တတ်သူလဲ ဖြစ်ပါတယ်။ လူတွေအကြောင်း လေ့လာရတာကို နှစ်သက်သူတွေ ဖြစ်ပါတယ်။ ဘယ်ကိစ္စကိုမဆို အတိအကျ သေသေချာချာ သိမှသာ ပြောဆိုလေ့ရှိပါတယ်။

နံပါတ် (၆) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

ဒီမျက်လုံးပုံလေးကို သဘောအကျဆုံးသူတွေဟာ ဆတ်ဆတ်ထိမခံလေးတွေ ဖြစ်တတ်ကြပါတယ်။ အရာတော်တော်များများကို လွယ်လွယ်ကူကူ မှတ်မိနေတတ်ပြီး မေ့ပျောက်ဖြစ်ဖို့တော့ ခက်ခဲသူတွေ ဖြစ်ကြပါတယ်။ နက်နက်နဲနဲ တွေးခေါ်တတ်ပါတယ်။ တစ်ခါတစ်ရံကြတော့လဲ အတွေးတွေ ချော်တတ်ပါတယ်။ ရီခြင်း ငိုခြင်းတွေ အလွယ်တကူ ပြုလုပ်နိုင်သူလဲ ဖြစ်ကြပါတယ်။ ရှေ့ရေးကို အမြဲတွေးနေတတ်သူ ဖြစ်တဲ့အတွက် ဖြစ်လာနိုင်ခြေရှိတဲ့ အကြောင်းကိစ္စတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။

နံပါတ် (၇) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

ဒီမျက်လုံးပုံကို သဘောကျနှစ်သက်တယ်လို့ တွေးမိရင်တော့ သင်ဟာ စိတ်ဓာတ်ပြင်းထန်သူ ဖြစ်နိုင်ပါတယ်။ စိတ်ခွန်အားကြီးသူဖြစ်ပြီး ဒေါသလဲကြီးပါတယ်။ အချစ်လဲကြီးပြီး စိတ်လှုပ်ရှားလဲ လွယ်သူလဲဖြစ်ပါတယ်။ သင်ဟာ ဘယ်တော့မှ သိမ်သိမ်မွေ့မွေ့နေထိုင်မယ့်သူတော့ မဟုတ်ပါဘူး။ ချစ်လွယ်သလို မုန်းလွယ်သူလဲ ဖြစ်ပါတယ်။ စိတ်ခံစားချက်အလျောက် စိတ်အပြောင်းအလဲ မြန်သူဖြစ်ပါတယ်။ စိတ်ဓာတ်အမြဲတက်ကြွနေပြီး စိတ်ဆန္ဒတွေ စောနေတတ်ပါတယ်။ ကဗျာဆန်ဆန် အနူးအညံ့လေးတွေ မလုပ်တတ်ပေမယ့် တစ်ခါတစ်ရံတော့ စိတ်ကူးယဉ်တတ်ကြပါတယ်။

နံပါတ် (၈) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

ရှစ်ခုမြောက်မျက်လုံးပုံကို အကြိုက်ဆုံးလို့ ရွေးချယ်လိုက်သူတွေဟာ သူများနဲ့မတူပဲ တစ်မူထူးခြားသူတွေ ဖြစ်ကြပါတယ်။ သင့်ရဲ့လုပ်ပုံကိုင်ပုံ၊ အတွေးခေါ်နဲ့ စိတ်ဝင်စားတဲ့အရာတွေဟာ တမူးထူးခြားနေတတ်ပါတယ်။ လူတွေက သင့်ကို ဆန်းကျယ်တဲ့လူအဖြစ် မြင်တတ်ကြပါတယ်။ စည်းကမ်းချက်တွေ ဓလေ့ရိုးရာ လုပ်ထုံးလုပ်နည်းတွေဆိုတာကို သိပ်ပြီး မဘောမကျပါဘူး။ ကိုယ့်စိတ်ကူးအတွေးတွေကို ဦးစားပေးလေ့ရှိပါတယ်။ အများနဲ့ ကွဲလွဲနေတတ်ပေမယ့် ဒီကွဲလွဲမှုကို အများသိအောင် ထုတ်ဖော်ပြလေ့ ရှိတတ်သူပါ။ လူတွေက လက်မခံပဲ အပြစ်တင်ပြောကြားလာခဲ့ရင်လဲ အေးအေးဆေးဆေးပြုံးပြီး တုန့်ပြန်ခြင်းမပြုတတ်ပါဘူး။ ကိုယ့်အကြောင်းကို လူတွေမသိအောင် ဖုန်းကွယ်ထားတာမျိုး လုံးဝမရှိတတ်သူပါ။

နံပါတ် (၉) မျက်လုံးပုံကို သဘောအကျဆုံးဆိုရင်

နောက်ဆုံးဖြစ်တဲ့ ပုံလေးကို သဘောကျနှစ်သက်တဲ့ သူတွေကတော့ စာနာစိတ်အပြည့်ရှိသူတွေ ဖြစ်ပါတယ်။ လူတွေအားလုံးအပေါ်မှာ နားလည်မှုအပြည့်ပေးနိုင်ပြီး လောကကြီးအကြောင်းကိုလဲ နားလည်သူတွေ ဖြစ်တတ်ကြပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာအမူအရာတွေ စကားသံတွေကိုကြည့်ပြီး သူဘာတွေခံစားနေရတယ်၊ ဘာဖြစ်နေတယ်ဆိုတာကို ခန့်မှန်းနိုင်သူတွေ ဖြစ်ပါတယ်။ သင့်ကို တစ်ယောက်ယောက်က လိမ်ညာလိုက်တာကိုလဲ ရိပ်မိနိုင်စွမ်း ရှိသူဖြစ်ပါတယ်။ သင်သိသမျှကို ထုတ်ဖော်ပြောပြလေ့မရှိပဲ သိသင့်တဲ့သူကို သိသင့်တဲ့အကြောင်းအရာကိုသာ ပြောပြတတ်တဲ့သူမျိုး ဖြစ်ပါတယ်။ စာများများဖတ်ပြီး များများလေ့လာလေ သင့်ရဲ့လူတွေရဲ့စိတ်ကို ထိုးဖေါက်မြင်နိုင်စွမ်း ပိုကောင်းလေလေပါပဲ။

Most Popular

Healthy Life Ad
To Top