Healthy Life Ad
Real Life

ပေးသလောက်သာ ပြန်ရရိုးထုံးစံရှိပါတယ်

စူး (ဆေးဝါးတက္ကသိုလ်)

လယ်သမားတစ်ဦးက မုန့်ဖုတ်သမားဆီကို နေ့တိုင်းနေ့တိုင်း ထောပတ်တစ်ပေါင် ရောင်းလေ့ရှိပါသတဲ့။ တစ်နေ့ကျတော့ မုန့်ဖုတ်သမားက သူဝယ်တဲ့ထောပတ်တစ်ပေါင်ဟာ အလေးချိန်မပြည့်ဘူးဆိုပြီး စိတ်တိုဒေါသထွက်ကာ ရွာလူကြီးဆီ သွားတိုင်ပါတော့တယ်။

ရွာလူကြီးက လယ်သမားကိုဆင့်ခေါ်ပြီး ထောပတ်ကိုဘယ်လိုချိန်တွယ်ပြီး ရောင်းလိုက်သလဲလို့ မေးမြန်းပါတယ်။

လယ်သမား ပြန်ဖြေတာက-

“ရွာလူကြီးမင်းခင်ဗျား . .ကျွန်တော့်မှာ တိကျတဲ့ အလေးချိန်ခွင်တော့ မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော့်မှာ ချိန်တွယ်နည်းတော့ ရှိပါတယ်”

“ထောပတ်ကို ဘယ်လိုချိန်တွယ်တာလဲ လယ်သမား”လို့ ရွာလူကြီးက ထပ်မံမေးလိုက်ပါတယ်။

လယ်သမားပြန်ဖြေလိုက်ပုံက-

“ကျွန်တော်က မုန့်ဖုတ်သမားဆီက ပေါင်မုန့်တစ်ပေါင်ဝယ်နေကျပါ။ နေ့တိုင်း အဲဒီပေါင်မုန့်ယူလာတဲ့အခါ ပေါင်မုန့်တစ်ပေါင်ရဲ့ အလေးချိန်နဲ့ညီမျှတဲ့ ထောပတ်တစ်ပေါင်ကိုချိန်ပြီး ကျွန်တော်ပြန်ရောင်းလေ့ရှိပါတယ် . . တကယ်လို့ ကျွန်တော်ရောင်းတဲ့ထောပတ်က အလေးချိန်မပြည့်ဘူးဆိုရင် ပေါင်မုန့်အလေးချိန်မပြည့်တာဖြစ်လို့ မုန့်ဖုတ်သမားမှာပဲ အပြစ်ရှိပါတယ် ရွာလူကြီးမင်း”

ဒီပုံပြင်လေးလိုပါပဲ ဘဝမှာ ကိုယ်ပေးသမျှပဲ ကိုယ်ရရိုး ထုံးစံရှိပါတယ်။ တခြားသူတွေကို မလိမ် ညာပါနဲ့၊ မလှည့်စားပါနဲ့ . . ကိုယ်က တန်ပြန်ခံရမှာ အမှန်ပါ။

Most Popular

Healthy Life Ad
To Top