Healthy Life Ad
Child

ကလေးများကစားရင်း ဦးခေါင်းထိခိုက်မှု မရှိစေရန်

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ဦးခေါင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ ဦးနှောက်ရှိနေလို့ပါ။ ဦးနှောက်က ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ထိန်းချုပ်ထားပါတယ်။ ကလေးတွေ ကစားရင်း မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ ဦးခေါင်းထိခိုက်မှုဖြစ်ရင် သတိမေ့တာအထိ ဖြစ်တတ်ပါတယ်။

ဘယ်လိုဖြစ်တတ်သလဲ

• ကစားရင်း ဦးခေါင်းနဲ့ကျတဲ့အခါ အောက်ပါဝေဒနာတွေ ဖြစ်တတ်ပါတယ်။

• စက္ကန့်အနည်းငယ် သတိမေ့သွားပါတယ်၊ လှုပ်ရှားနိုင်စွမ်း မရှိတော့ပါဘူး။

• နာမကျန်းမှု ဖြစ်တတ်ပါတယ်။ အန်ချင်အန်နိုင်ပါတယ်။

• ပြန်သတိရပြီး နောက်ပိုင်းမှာ ခေါင်းကိုက်နေနိုင်ပါတယ်။

• အားအင်ဖျော့တော့နေတတ်ပါတယ်။

• ထိခိုက်ဒဏ်ရာ ဖြစ်ခါနီးအခြေအနေကို သတိမရတော့တာမျိုး ဖြစ်တတ်ပါတယ်။

ဘာလုပ်သင့်သလဲ

• ကလေးတစ်ဦး ကစားရင်း လဲကျသွားတဲ့အခါ-

• ကျောင်းမှာဆိုရင် ဆရာ၊ ဆရာမ ဒါမှမဟုတ် အိမ်နားမှာဆိုရင် လူကြီးမိဘတွေကို ပြေးခေါ်ရပါမယ်။

• သင်အကူအညီခေါ်နေချိန်အတွင်း လဲကျသူကို လုံခြုံဘေးကင်းတဲ့ နေရာမှာ ထားပေးရပါမယ်။ ဖြစ်နိုင်ရင် အကူအညီတစ်ယောက်လောက် ထားခဲ့ရပါမယ်။

• သတိရနေရင် လုံခြုံတဲ့နေရာကို ရွှေ့သင့်ပါတယ်။

• သတိမရရင် မရွှေ့ပါနဲ့။ ရွှေ့လိုက်တာကြောင့် ထိခိုက်ဒဏ်ရာကို ပိုဆိုးစေနိုင်ပါတယ်။

• ဖြစ်နိုင်ရင် ကျန်းမာရေးစောင့်ရှောက်သူတွေရဲ့ အကူအညီရနိုင်ဖို့ ကြိုးစားပါ။

ဦးခေါင်းထိခိုက်ဒဏ်ရာ မရစေရန်

ကလေးတွေကစားချိန်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာ မရစေဖို့ အောက်ပါအတိုင်း ကာကွယ်သင့်ပါတယ်။ စက်ဘီး၊ စကိတ် စတာတွေစီးရင် ဆိုင်ကယ်စီးဦးထုပ်လို အမာစားဦးထုပ်ကို ဆောင်းပေးပါ။ အန္တရာယ်ကို မရှောင်ရှားတတ်သေးတဲ့ ကလေးတွေကို အုပ်ထိန်းသူမပါဘဲ ပြေးလွှားဆော့ကစားတာမျိုး မလုပ်ပါစေနဲ့။ ရေကူးကန်နဲ့ စိုစွတ်တဲ့နေရာတွေမှာ လမ်းလျှောက်တဲ့အခါ ခြေချော်လဲနိုင်တာကြောင့် အဲဒီအနီးတဝိုက်မှာ ဆော့ကစားမှု မပြုပါစေနဲ့။ တခြားသူတွေကို တိုက်မိနိုင်ခြေများတဲ့ အိမ်ခန်း၊ ကျောင်းခန်းထဲမှာ ကလေးကို မပြေးပါစေနဲ့။ ကစားကွင်းထဲက အသုံးအဆောင်တွေဟာ ကလေးအတွက် အန္တရာယ်ကင်းမှု ရှိ၊ မရှိ ဆန်းစစ်ပြီးမှ ကစားခွင့်ပြုပါ။

Most Popular

Healthy Life Ad
To Top