Healthy Life Ad
Q & A

COVID-19 ရောဂါနှင့် အနံ့မရ၊ အရသာမသိခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ COVID-19 ဓာတ်ခွဲအတည်ပြု Case တချို့မှာ အနံ့မရ၊ အရသာမသိခြင်းဆိုတဲ့ လက္ခဏာကလည်း ပါဝင်လာတာကို သတိထားမိပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တို့အတွက် COVID-19 ရောဂါနှင့် အနံ့မရ၊ အရသာမသိခြင်း ဆက်စပ်မှုအကြောင်း ရေးသားဖော်ပြပေးလိုက်ပါတယ်။

COVID-19 ရောဂါလက္ခဏာမှာ အနံ့မရ၊ အရသာမသိခြင်းက အဖြစ်များတဲ့ လက္ခဏာဖြစ်လာပြီလား

အရင်ကတော့ COVID-19 ဖြစ်တဲ့အခါ အနံ့မရ၊ အရသာမသိခြင်းက အဖြစ်များတဲ့ လက္ခဏာ မဟုတ်ခဲ့ပါဘူး။ အစပျိုးဖြစ်နိုင်တယ်ဆိုတဲ့အထဲ ထည့်ထားပေမယ့် COVID-19 ဖြစ်ရင် အဖြစ်များတဲ့ ဖျားတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ စတာတွေက အဖြစ်များတယ်၊ အဲဒီလက္ခဏာတွေပြရင် စစ်ရမယ်ဆိုတဲ့ Criteria ထဲမှာတော့ မထည့်ထားခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ရရှိတဲ့ limited data တွေအရ ဝူဟန်မှာစဖြစ်တဲ့ ၄၁ ယောက်ကို စစ်ဆေးရင်း သူရဲ့လက္ခဏာ ၈ ခု-၉ ခု ပေါ်လာတယ်။ အဲဒီအထဲမှာ ဝမ်းသွားခြင်း၊ အနံ့မရခြင်းတို့ ပါခဲ့ပေမယ့် ဖြစ်နှုန်းနည်းတယ်လို့ တွေ့ခဲ့ကြတယ်။ အခုနောက်ပိုင်းကျတော့ COVID-19 Positive ဖြစ်တဲ့ Case တွေမှာ အနံ့မရတဲ့ အချက်ကလည်း အတွေ့ရများလာတဲ့အတွက် ဒါကလည်း ဂရုစိုက်ရမယ့် အချက်တစ်ချက်အဖြစ် ပါဝင်နေတယ်လို့ ပြောဆိုလာကြပါတယ်။

ဘာကြောင့် အနံ့မရ၊ အရသာမသိဖြစ်ရတာလဲ

COVID-19 ဖြစ်ရင် နှာခေါင်းအမြှေးပါးမှာရှိတဲ့ အာရုံခံကလာပ်စည်း ထိခိုက်ပျက်စီးသွားလို့ အနံ့မရတော့တာပါ။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းဖြစ်တဲ့ အာခေါင်၊ အာသီးရောင်တာ၊ လည်ချောင်းနာတာလည်း ဖြစ်တတ်ပါတယ်။ အရသာခံအာရုံက လျှာမှာရှိတာဆိုတော့ အရသာခံတဲ့ အာရုံကြောစနစ် ထိခိုက်လို့ အစားအသောက်ပျက်တာလား၊ ဒါမှမဟုတ် ပိုးဝင်နေရင် ဘာပိုးပဲဝင်ဝင် အစားအသောက်ကို အတော်များများက မစားနိုင်တော့ဘူး။ ပိုးရဲ့သဘာဝ။ ထင်ရှားတဲ့ ဥပမာကတော့ တီဘီပိုးရှိရင် အစားအသောက်ပျက်တယ်၊ ဝိတ်ကျတယ်။ COVID-19 မဟုတ်ဘဲ တခြားပိုးဝင်ရင်လည်း ဖျားတဲ့သူက တခြားသာမန်လူလို အစားအသောက်မစားနိုင်ဘူး၊ အစာခြေဖျက်အားလည်း နည်းသွားတယ်။ အရသာမရှိဘူး၊ အရသာပျက်တာတွေက နာတာရှည်ရောဂါသည်တွေမှာလည်း တွေ့ရတတ်သလို ပိုးဝင်တဲ့သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ COVID-19 ဖြစ်ရင် အရသာပျက်တယ်ဆိုတဲ့ လေ့လာထားချက် မတွေ့သေးတော့ ပြောရခက်ပါတယ်။

အနံ့မရ/အရသာမသိရင် ပိုးရှိ၊ မရှိ စစ်ပေးသင့်ပြီလား

COVID-19 ရဲ့ လက္ခဏာက ၉ ခုလောက်ရှိတယ်။ ဖြစ်တဲ့သူတိုင်းရဲ့ လက္ခဏာက အဖျားဆိုရင် အဖျားက ဖြစ်နိုင်ခြေများတဲ့ ရာခိုင်နှုန်းမှာ ထိပ်ဆုံးရောက်သွားတယ်။ အနံမရတဲ့သူ/ အရသာမသိတဲ့သူ ဖြစ်နှုန်းရာခိုင်နှုန်းက ဘယ်လောက်ရှိသလဲဆိုတာ ရှာရမယ်။ ရာခိုင်နှုန်းများရင်တော့ စစ်သင့်တဲ့ Criteria ထဲ ထည့်သင့်တယ်လို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top