Healthy Life Ad
Health Tips

ပြတင်းပေါက်များ ဖွင့်ထားခြင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို လျော့ကျစေနိုင်ဟုဆို

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

နေအိမ်များအပါအဝင် အဆောက်အဦတို့ရှိ ပြတင်းပေါက်များကို ဖွင့်ထားခြင်းက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို လျော့ကျစေနိုင်ဖွယ်ရာရှိကြောင်း သိပ္ပံပညာရှင်တို့ ယုံကြည်ထားကြသည်။ အော်ရီဂွန်တက္ကသိုလ်နှင့် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကျန်းမာရေးနှင့် ပိုးမွှားဗေဒဆိုင်ရာ ကျွမ်းကျင်သူများကို COVID-19 ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ပိုးမွှားများကို လက်တလောလေ့လာခဲ့သည်။ လေ့လာမှုအရ လူအများစုသည် အဆောက်အအုံထဲတွင် နေ့စဉ်ဘဝ၏ ၉၀ ရာခိုင်နှုန်းကျော် အချိန်ဖြုန်းနေကြပြီး အခြားသူများနှင့် အနီးကပ်ထိတွေ့ခြင်း၊ မျက်နှာပြင်များကို ထိတွေ့ခြင်း၊ ပိုးရှိသော လေထုရှူရှိုက်ခြင်း စသည့်နည်းလမ်းများဖြင့် ပိုးကူးစက်နိုင်ခြေကို ဖြစ်ပွားစေကြောင်း သိရသည်။

“အဆောက်အအုံအများစုအတွက် အလွယ်ဆုံးနည်းက ပြင်ပလေကို အခန်းထဲတိုက်ရိုက်ရောက်ရှိအောင် ပြတင်းပေါက်ကို ဖွင့်ထားဖို့ပါပဲ”ဟု လေ့လာသူတို့က ဆိုသည်။ သို့ရာတွင် ပြင်ပပတ်ဝန်းကျင် အပူချိန်ကို ထည့်တွက်သင့်ကြောင်းနှင့် အဆောက်အအုံအတွင်း နေသူအချင်းချင်း ဗိုင်းရပ်စ်မပြန့်ပွားစေရန် ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း သတိပေးထားသည်။ ထို့ပြင် နေရောင်ခြည်ကလည်း ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးများ ပြန့်ပွှားမှုကို လျော့ကျစေနိုင်ကြောင်း ဆိုသည်။

လေ့လာသူများဟာ တုပ်ကွေးပိုးအပါအဝင် ပိုးမွှားများ၊ ဘတ်တီးရီးယားများကို နေရောင်ခြည်အောက်တွင် ထားရှိစမ်းသပ်ခဲ့ကြပြီး အလင်းရောင်ကလည်း ကူးစက်တတ်သော ရောဂါအချို့ ပြန့်ပွားမှုကို ထိန်းချုပ်ရာတွင် အသုံးဝင်ကြောင်း ထောက်ပြခဲ့ကြသည်။ လေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည် ကောင်းစွာရရှိစေအောင် တည်ဆောက်ထားသော အိမ်ခန်းသို့မဟုတ် အဆောက်အဦအတွင်းတွင် ရောဂါပိုးမွှားပြန့်နှံ့မှုကို ထိန်းချုပ်ရသည်မှာ ပိုမိုလွယ်ကူကြောင်း လေ့လာမှုစစ်တမ်းများ ရှိပြီးဖြစ်သည်။ နေရောင်မှာပါသော အလင်းဓာတ်၊ အပူဓာတ်အပြင် ခရမ်းလွန်ရောင်ခြည်ကလည်း ပိုးမွှားများကို ပျက်စီးစေနိုင်ကြောင်း သိရသည်။ လေ့လာမှုရလဒ်အရ အမှောင်အတွင်း ၃၁ မိနစ် ရှင်သန်နိုင်သော ပိုးမွှားများက နေရောင်ခြည်အောက်မှာ ၂ မိနစ်သာ ရှင်သန်နိုင်ခြင်းရှိကြောင်း ထုတ်ပြန်ထားသည်။

ယခုကူးစက်ပြန့်ပွှားလျက်ရှိသော COVID-19 ဗိုင်းရပ်စ်ကလည်း အခန်းတွင်း လေဝင်လေထွက် စနစ်များပေါ်မူတည်ပြီး လေထဲမှတစ်ဆင့် ကူးစက်စွမ်းမတူညီကြတာ ဖြစ်မယ်ဟု ယူဆထားကြသည်။ စမ်းသပ်မှုအချို့က မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာများ ဖြစ်မလာစေရန် သတိထားနေရသည့်အတွက် စမ်းသပ်မှုပြုလုပ်ရန် ခက်ခဲလျက်ရှိသည်။ လေ့လာမှုရလဒ်များ ထွက်လာပါက အလျင်မြန်ဆုံး ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်ကြောင်း ဆိုသည်။ “အိမ်ထဲမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးအပေါ် သဘာဝအလင်းရောင်ရဲ့ သက်ရောက်မှုကို နားလည်ဖို့ နောက်ထပ်လေ့လာမှုတွေ လိုအပ်ပါတယ်။ ဒါပေမဲ့ နေ့အလင်းရောင်က အဆောက်အအုံအတွင်း နေသူတွေအတွက် ကောင်းမွန်တဲ့အရင်းအမြစ်ပါ။ လူတွေရဲ့ ကျန်းမာရေးကောင်းကျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်”ဟု လေ့လာသူတို့က အကြံပြုထားသည်။

(Ref;Newsweek 15-4-2020)

Most Popular

Healthy Life Ad
To Top