Healthy Life Ad
Health Tips

မေတ္တာငတ်လို့ဖြစ်ပွားသော ရောဂါ

ယခင်တစ်ပတ်မှအဆက်

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

ဘွဲ့လွန်သင်တန်းသား ဒေါက်တာဂျိုးဆက်က အရင်အပတ်က သူတာဝန်ယူထားတဲ့အတိုင်း ကလေးသူငယ်တွေမှာ တွေ့ရှိရတဲ့ “ခင်မင်တွယ်တာမှု ချို့တဲ့ရောဂါ” (Reactive Attachment Disorder (RAD))နဲ့ “သူစိမ်းတရံဆံကို ဖော်ရွေလွန်းရောဂါDisinhibited Social Engagement Disorder) (DSED) တွေအကြောင်းကို စတင်ဆွေးနွေးပါတယ်။

“RAD ရောဂါနဲ့ DSED ရောဂါလက္ခဏာတွေကို ရှေးဦးစွာ တင်ပြပါမယ်။ “ခင်မင်တွယ်တာမှု ချို့တဲ့ရောဂါ”ရဲ့ အဓိကလက္ခဏာတွေကတော့-(က) အခက်အခဲရှိရင်၊ သောကဝေဒနာခံစားရရင် အုပ်ထိန်းသူ လူကြီးမိဘတွေရဲ့ နှစ်သိမ့်မှု၊ အကူအညီပေးမှုကို ရယူဖို့ မတောင်းဆိုဘူး၊ မကြိုးစားဘူး။ (ခ) လူကြီးမိဘက နှစ်သိမ့်ကူညီမှုပေးလာရင်လည်း လက်ခံတုံ့ပြန်ခြင်း မရှိဘူး။ (ဂ) မိဘအုပ်ထိန်းသူနဲ့ မိသားစုဝင်တွေကို တရင်းတနှီး ဆက်ဆံမှုမရှိဘူး။ အေးစက်စက် မထုံတက်သေး ဆက်ဆံတတ်တယ်။ (ဃ) တခြားကလေးသူငယ်တွေနဲ့လည်း ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံမှု နည်းပါးတယ်။ (င) တစ်ခါတစ်ရံ အကြောင်းမဲ့ စိတ်တိုတတ်ခြင်း၊ စိတ်ညစ်နေခြင်းနဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ်ခံစားရတဲ့ အမူအရာတွေကိုလည်း တွေ့ရှိရမယ်”

လူမှုရေးအရာရှိ စင်ဒီက ကြားဖြတ်မေးမြန်းတယ်။

“အဲဒီလို လက္ခဏာမျိုးကို အော်တစ်ဇင်ရောဂါ (Autistic Disorder) မှာလည်း တွေ့ရှိနိုင်တယ် မဟုတ်ဘူးလား”

“ကျွန်တော်သိသလောက် ပြောရရင် အော်တစ်ဇင်ရောဂါနဲ့ ကွဲပြားတဲ့ အချက်အလက်တွေ ရှိပါတယ်။ အော်တစ်ဇင်ရောဂါမှာ ကလေးသူငယ်က လူတွေနဲ့ ပြောဆိုဆက်ဆံမှု နည်းပါးတာ၊ စိတ်ခံစားတုံ့ပြန်မှု မဖော်ပြတာတွေရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကလေးသူငယ်က စကားပြောနောက်ကျတာ၊ စကားပြောချို့ယွင်းတာနဲ့ တစ်စုံတစ်ခုကို စိတ်စွဲပြီး ထပ်တလဲလဲပြုမူတဲ့ လက္ခဏာတွေကိုလည်း တွေ့ရှိရပါတယ်။ အဲဒီလို ကွာခြားပါတယ်။ ဟုတ်ပါသလား ဒေါက်တာအုန်း”

စာရေးသူက လက်သီးဆုပ်ပြီး လက်မထောင်ပြတော့ ဒေါက်တာဂျိုးဆက်က ဆက်လက်ပြောဆိုပါတယ်။

“သူစိမ်းတရံဆံကို ဖော်ရွေလွန်းရောဂါ” (DSED) လက္ခဏာတွေကတော့-(က) လူစိမ်းသူစိမ်းနဲ့ တွေ့ဆုံတဲ့အခါ အလွန်အမင်း ဖော်ဖော်ရွေရွေ ပြောဆိုဆက်ဆံခြင်း၊ (ခ)သူစိမ်းတရံဆံနဲ့ ဆက်ဆံတဲ့အခါ အသက်အရွယ်နဲ့ မလိုက်တဲ့ အပြောအဆို အပြုအမူများ (သို့မဟုတ်) ယဉ်ကျေးမှုစည်းကမ်းနဲ့ မသင့်တော်တဲ့ အပြောအဆို အပြုအမူတွေကို ထုတ်ဖော်ပြခြင်း၊ (ဂ) မိဘအုပ်ထိန်းသူကို အသိမပေးဘဲ မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်မရယူဘဲ နေအိမ်မှ ထွက်ခွာလည်ပတ်ခြင်း၊ (ဃ) သူစိမ်းတရံဆံက ခေါ်ယူရင် မိမိသဘောအလျောက် အလွယ်တကူ လက်ခံလိုက်ပါသွားတတ်ခြင်းတို့ ဖြစ်ပါတယ်”

RAD ရောဂါနဲ့ DSED ရောဂါလက္ခဏာတွေကို ကလေးတစ်ယောက်တည်းမှာ ပြိုင်တူတွေ့ရှိနိုင်ပါတယ်။

လူမှုရေးအရာရှိစင်ဒီက မှတ်ချက်ချပါတယ်။

“အမေကျော်ဒွေးတော်လွမ်းတယ်လို့ ဆိုမှာပေါ့”

“စာသင်ကျောင်းမှာ တွေ့ရှိလာရတဲ့ ဘော်ဘီရဲ့ အပြုအမူတွေကြောင့်ပါ။ စာသင်ကျောင်းမှာ သူမသိရှိဖူးသေးတဲ့ ကလေးသူငယ်တွေကို ဖက်လဲတကင်း ပြုမူတတ်တယ်။ တစ်ခါတစ်ရံ အတန်းပိုင်ဆရာမကို အလွန်အမင်းရင်းနှီးသူ မိခင်လို၊ အဒေါ်လို ဆက်ဆံတယ်။ ဆရာမရဲ့ ပေါင်ပေါ်မှာတက်ထိုင်တယ်။ တခြားကျောင်းသားတွေရဲ့ မိဘတွေနဲ့ ဆွေမျိုးရင်းချာလို ဆက်ဆံပြောဆိုတယ်။ နောက်ပြီး”. . .

“ပြောလို့ရပါတယ်။ မိဘအုပ်ထိန်းသူကို သူစိမ်းတရံဆံလို ဆက်ဆံပြီး လူစိမ်းသူစိမ်းတွေကိုတော့ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တဲ့ အပြုအမူမျိုးပါ။ ကလေးသူငယ်တွေထဲမှာ RAD နဲ့ DSED ရောဂါ ဖြစ်ပွားနှုန်းက ၁ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒီလိုရောဂါ ဖြစ်ပွားနိုင်ခြေများတဲ့ အကြောင်းရင်း (၃) မျိုး ရှိပါတယ်။ (က) ကလေးသူငယ် စိတ်ဓာတ်ညှင်းပန်း နှိပ်စက်တာခံရခြင်း (Healthy Life အတွဲ ၂၁၁)၊ (ခ) အုပ်ထိန်းသူ တစ်ယောက်ပြီးတစ်ယောက်(သို့မဟုတ်) မွေးစားမိဘ တစ်ဦးပြီးတစ်ဦး လက်အောက်မှာ ကြီးပြင်းလာရလို့ ချစ်ခင်တွယ်တာစိတ်ဖြစ်ပွားမှု မရှိခြင်း၊ (ဂ) အုပ်ထိန်းသူ တစ်ဦး၊ နှစ်ဦးလက်အောက်မှာ ကလေးအများစုနဲ့အတူ ကြီးပြင်းလာရလို့ အုပ်ထိန်းသူရဲ့ ချစ်ခင်တွယ်တာမှုကို မခံစားခဲ့ရခြင်း (ဥပမာ-မိဘမဲ့ကလေးကျောင်း) စတာတွေဖြစ်ပါတယ်။ အဲဒီလို ပတ်ဝန်းကျင်အခြေအနေနဲ့ ကြီးပြင်းလာရတဲ့ ကလေးသူငယ်တွေထဲမှာ RAD နဲ့ DSED ရောဂါဖြစ်ပွားနှုန်းက ၂၀ ရာခိုင်နှုန်းကျော် ရှိပါတယ်”

သူနာပြုနန်စီက သူသဘောပေါက်လာတဲ့အတိုင်း ဖြည့်စွက်ပြောပါတယ်။

“ကလေးသူငယ်တွေရဲ့စိတ်က ရေမြှုပ်(Sponge)နဲ့တူပါတယ်။ ချစ်ခြင်းမေတ္တာကို စုပ်ယူထားခွင့်ရမှ သူတို့ကလည်း ချစ်ခင်တွယ်တာမှုကို ပြန်လည်ဖော်ထုတ်ပေးနိုင်မှာပါ”

သူနာပြုနန်စီကို ချီးကျူးတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး ဒေါက်တာဂျိုးဆက်က ဆက်လက်တင်ပြတယ်။

“ကျွန်တော်နမူနာအဖြစ် တင်ပြမယ့်ကလေးကလည်း နန်စီပြောသလို မေတ္တာရေကြည် ဆွတ်ဖျန်းမခံခဲ့ရလို့ ချစ်ခင်တွယ်တာမှုကို ပုံမှန်မဖော်ပြနိုင်တဲ့သူပါ။ သူက အသက် ၇ နှစ်သားအရွယ် ဘော်ဘီလို့ ခေါ်ပါတယ်။ ဘော်ဘီရဲ့မိဘတွေက ဘော်ဘီကို ညှင်းပန်းနှိပ်စက်တာရှိတယ်လို့ သိရပါတယ်။ မိသားစုအကြမ်းဖက်မှုလည်း ရှိတယ်၊ မိဘတွေ အိမ်ထောင်ပျက်သွားတော့ ဘော်ဘီက မိခင်နဲ့အတူ နေထိုင်ကြီးပြင်းရတယ်။ မိခင်က ဘော်ဘီကို ရိုက်နှက်ညှင်းဆဲတာ မရှိပေမယ့် စိတ်ဓာတ်ညှင်းပန်းနှိပ်စက်သလို ပြုမူဆက်ဆံပါတယ်။ ဘော်ဘီ (၄) နှစ်သားအရွယ်မှာ မိခင်သေဆုံးသွားတယ်။ ဒါကြောင့် ဘော်ဘီကို မိဘမဲ့ကလေးကျောင်းမှာ အပ်နှံလိုက်ကြပါတယ်။ မိဘမဲ့ကလေးကျောင်းမှာ အသက်အရွယ်အမျိုးမျိုးရှိတဲ့ ကလေးသူငယ်ပေါင်း ၅၀ ကျော်ရှိပါတယ်။ ဘော်ဘီက အများထဲက တစ်ယောက်သာ ဖြစ်နေတယ်။ အုပ်ထိန်းသူတွေရဲ့ တစ်ဦးချင်း ချစ်ခင်ယုယမှုကို မခံစားခဲ့ရဘူး။ အသက် (၇)နှစ်အရွယ်ရောက်တော့ ဘော်ဘီက မွေးစားမိခင်အိမ်ကို ရောက်ရှိလာပါတယ်။ စာချုပ်စာတမ်းနဲ့ မွေးစားခံရတာပါ။ မွေးစားမိခင်က စိတ်ရင်းစေတနာရင်းနဲ့ ဘော်ဘီကို မိခင်တစ်ယောက်လို ချစ်ခင်ယုယမှုရှိပါတယ်။ ဒါပေမဲ့ ဘော်ဘီက မတုံ့ပြန်နိုင်ဘူး။ မတုံ့ပြန်တတ်ဘူး။ ခြောက်သွေ့နေတဲ့ ရေမြှုပ်လိုဆိုပါတော့”

“ကျွန်တော်ဆိုလိုတာက အိမ်ထဲမှာ ဘော်ဘီရဲ့ ဆက်ဆံရေးအပြုအမူတွေက ကျွန်တော်တို့ပြောခဲ့တဲ့ ခင်မင်တွယ်တာမှု ချို့တဲ့ရောဂါပုံစံမျိုး ဖြစ်နေတယ်”

“ဒါကြောင့် စိတ်ကျန်းမာရေး စစ်ဆေးဖို့ ဖြစ်လာတာလား”

“မဟုတ်သေးဘူး။ စာသင်ကျောင်းမှာ တွေ့ရှိလာရတဲ့ ဘော်ဘီရဲ့ အပြုအမူတွေကြောင့်ပါ။ စာသင်ကျောင်းမှာ သူမသိရှိဖူးသေးတဲ့ ကလေးသူငယ်တွေကို ဖက်လဲတကင်း ပြုမူတတ်တယ်။ တစ်ခါတစ်ရံ အတန်းပိုင်ဆရာမကို အလွန်အမင်းရင်းနှီးသူ မိခင်လို၊ အဒေါ်လို ဆက်ဆံတယ်။ ဆရာမရဲ့ပေါင်ပေါ်မှာ တက်ထိုင်တယ်။ တခြားကျောင်းသေားတွရဲ့ မိဘတွေနဲ့ ဆွေမျိုးရင်းချာလို ဆက်ဆံပြောဆိုတယ်။ နောက်ပြီး သူတို့က ဖိတ်ခေါ်ရင် အလွယ်တကူ လိုက်ပါသွားတတ်တယ်။ အဲဒီလိုအပြုအမူက ဘော်ဘီအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်။ ကျောင်းတက်ချိန်မှာ ဘော်ဘီပျောက်သွားရင် ကျောင်းမှာတာဝန်ရှိတယ်။ ဒါကြောင့် အတန်းပိုင်ဆရာမက မွေးစားမိခင်နဲ့တိုင်ပင်ပြီး ကျွန်တော်တို့ဌာနကို ဆက်သွယ်လာတာပါ”

အလုပ်သင်ဆရာဝန်တစ်ဦးက ကောက်ချက်ချပါတယ်။

“ဘော်ဘီရဲ့ အပြုအမူတွေက အစာငတ်နေသူ တွေ့ရာအစားအစာကို ကောက်ပြီးစားသလို ဖြစ်နေတာပေါ့”

စာရေးသူက စကားလမ်းကြောင်းပြောင်းပေးပြီး ပါဝင်ဆွေးနွေးတယ်။

“မှန်ပါတယ်။ ဒါကြောင့် RAD နဲ့ DSED ရောဂါကုသဖို့အတွက် အကောင်းဆုံးဆေးက မေတ္တာအာဟာရလို့ ဆိုနိုင်ပါတယ်။ “ခင်မင်တွယ်တာမှုချို့တဲ့ရောဂါ (RAD) ရှိတဲ့ ကလေးသူငယ်ကို မေတ္တာဂရုဏာအပြည့်နဲ့ ပြုစုစောင့်ရှောက်ပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာထားရင် ချစ်ခင်တွယ်တာတတ်တဲ့စိတ် ပြန်လည်ဖွံ့ဖြိုးလာနိုင်ပါတယ်။ ဒါပေမဲ့ “သူစိမ်းတရံဆံကို ဖော်ရွေလွန်းရောဂါရှိတဲ့ ကလေးသူငယ်ကို ကုသရတာက ပိုမိုခက်ခဲပါတယ်။ အဲဒီလိုကလေးတွေက မွေးစားမိဘအပေါ်မှာ သံယောဇဉ်ရရှိလာဖို့ မလွယ်ပါဘူး”

လူမှုရေးအရာရှိစင်ဒီက မကျေနပ်တဲ့လေသံနဲ့ မေးခွန်းထုတ်ပါတယ်။

“ဒီလိုဆိုတော့ ဘော်ဘီရောဂါသက်သာပျောက်ကင်းဖို့ အလားအလာမကောင်းဘူးပေါ့”

ဒေါက်တာဂျိုးဆက်က သူသိသမျှ ပြောပြပါတယ်။

“ဘော်ဘီ့ကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ နည်းမျိုးစုံနဲ့ ကုသတာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ ဘော်ဘီနဲ့ မွေးစားမိခင် တစ်ဦးနဲ့တစ်ဦး ချစ်ခင်တွယ်တာမှု တိုးပွားစေတဲ့ ဆက်ဆံရေးနည်း၊ ဘော်ဘီကို တစ်ဦးချင်း သင်ကြားပြသ လေ့ကျင့်စေတဲ့နည်းနဲ့ စာသင်ကျောင်းမှာ ဆက်ဆံရေးပြေပြစ်အောင် ပြုပြင်ပေးနည်းတွေ ပါဝင်ပါတယ်”

“ကုသပေးရတာ လက်ဝင်တာပေါ့”လို့ မကြားတကြားပြောလိုက်တဲ့ လူမှုရေးအရာရှိစင်ဒီကို ဦးတည်ပြီး စာရေးသူက မှတ်ချက်ပေးတယ်။

“ဒါကြောင့် ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်း မဖြစ်ပွားအောင် ဒါမှမဟုတ် ဖြစ်ပွားမှုရှိနေရင် အချိန်မီတားဆီးနိုင်အောင် အကာအကွယ်ပေးတဲ့ ဥပဒေကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်”
လူမှုရေးအရာရှိစင်ဒီက နိဂုံးချုပ်စကား ပြောပါတယ်။

“ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်း တိုက်ဖျက်ရေးလုပ်ငန်းက ကလေးသူငယ် စိတ်ကျန်းမာမှု ကာကွယ်ရေးလုပ်ငန်းတစ်မျိုးပေါ့”

“သွေးထွက်အောင် မှန်ပါတယ်”

Most Popular

Healthy Life Ad
To Top