Healthy Life Ad
Health Tips

ကွယ်လွန်သွားသည့် Covid-19 လူနာအမှတ်(၁၇)၏ မိသားစုဝင်များကို ဝေဘာဂီသို့ လွှဲပြောင်းမည်

ကျော့ကေခိုင်

ဖခင်ဖြစ်သူ COVID-19 လူနာအမှတ် (၁၇) ကွယ်လွန်ပြီးနောက် ပြည်ဆေးရုံတွင် ကုသနေသည့် မိသားစုဝင်များအား မိခင်ဖြစ်သူ လူနာအမှတ်(၁၅)ရှိသည့် ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လ.ဝ.က ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောသည်။ “သူ့အမေက ဝေဘာဂီ‌ဆေးရုံမှာဆိုတော့ ကလေး ၂ ယောက်ကို ‌ဝေဘာဂီကို ပြောင်းပေးဖို့ စီစဉ်နေတယ်” ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လ.ဝ.က ဝန်ကြီး ဦးထွန်းထွန်းဦးက ဆိုသည်။

၄င်းတို့၏ ဖခင်ဖြစ်သူ ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးမှာ ဧပြီလ ၈ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်ခန့်တွင် COVID-19 ရောဂါကြောင့် သွေးဆိပ်တက်ခြင်း၊ ပြင်းထန်အသက်ရှုလမ်းကြောင်း ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ မိခင်ဖြစ်သူ လူနာအမှတ် (၁၅) သည် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားသားများအား ကျန်းမာရေးဝန်ဆောင်မှုပေးသည့် SOS ဆေးခန်းမှ သူနာပြုတစ်ဦးဖြစ်ပြီး ယခုအခါ ဝေဘာဂီဆေးရုံတွင် ကုသပေးလျက်ရှိသည်။ အဆိုပါ လူနာအမှတ် (၁၅) မှတစ်ဆင့် ခင်ပွန်းဖြစ်သူ လူနာအမှတ် (၁၇)၊ သားဖြစ်သူ လူနာအမှတ် (၁၈)၊ သမီးဖြစ်သူ လူနာအမှတ် (၁၉)၊ တူမဖြစ်သူ လူနာအမှတ် (၂၀)တို့ကို ရောဂါပိုးကူးစက်ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိအချိန်ထိ သူ့တို့အဖေသေတာကို အသိမပေးထားသေးဘူး။ ကလေးတွေလဲ မသိသေးဘူး။ သူ့အမေလည်း မသိလောက်သေးဘူး” ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လ.ဝ.က ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ဧပြီ ၈ ရက်နေ့အထိ COVID-19 ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးတွေ့ရှိခဲ့သည့်အနက် ၃ ဦးမှာသေဆုံးခဲ့သည်။

Most Popular

Healthy Life Ad
To Top