Healthy Life Ad
Health Tips

လူနာအမှတ် (၇) ဆွစ်ဇာလန်နိုင်ငံသူကို ဆေးစစ်ရာ COVID-19 ပိုး မတွေ့ရှိကြောင်း အဖြေထွက်

ကျော့ကေခိုင်

နေပြည်တော်မှ COVID-19 ပိုး တွေ့ရှိကြောင်း အတည်ပြုထားသည့် လူနာအမှတ်(၇) ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးကို ဆေးစစ်ရာ Negative (ရောဂါပိုးမတွေ့ရှိ) အဖြေထွက်ကြောင်း နေပြည်တော် ခုတင် ၁,ဝဝဝ ဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်လင်းအေးက ပြောသည်။ “ပထမ မတ်လ ၂၆ ရက်နေ့မှာ စစ်တာကတော့ Positive ထွက်တယ်။ အခု ဧပြီ ၃ ရက်နေ့မှာ စစ်တာ Negative ထွက်တယ်။ အခုနောက်ထပ်တစ်ကြိမ် စစ်ဆေးဖို့ ကျွန်တော်တို့ ဆွေးနွေး‌နေပါတယ်။ “ဟု နေပြည်တော် ခုတင် ၁,ဝဝဝ ဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာဦးအောင်လင်းအေးမှ ဆိုသည်။

WHO ( ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ Covid19 ရောဂါပိုး ရှိမရှိ စစ်ဆေးရာတွင် Negative နှစ်ကြိမ်တွေ့ရှိပါက ရောဂါပိုးကင်းစင်ကြောင်း ယူဆပြီး ဆေးရုံဆင်းခွင့်ရှိကြောင်း သတ်မှတ်ထားသည်။ အဆိုပါလူနာအမှတ် (၇) ကို ထပ်မံဓာတ်ခွဲ စစ်ဆေးရန်အတွက် ဆွေးနွေးနေ‌ကြောင်း သိရသည်။ လူနာအမှတ်(၇) ဆွစ်ဇာလန်အမျိုးသမီးသည် မတ်လ ၂၆ ရက်ကစ၍ နေပြည်တော် ခုတင် ၁,ဝဝဝ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသနေခြင်းဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျှက် ရှိသည်။

မန္တလေးမြို့မှ COVID 19 လူနာအမှတ် (၄)တွင် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ နှစ်ကြိမ်ဆက်တိုက် စစ်ဆေးခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ပိုးမတွေ့ရှိကြောင်း အဖြေထွက်ရှိခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဧပြီ ၇ ရက် မနက်ပိုင်းအထိ COVID-19 ရောဂါပိုး ကူးစက်ဖြစ်ပွားသူ စုစုပေါင်း ၂၂ ဦးရှိပြီး မြန်မာနိုင်ငံသား လူနာတစ်ဦးသည် မူလရောဂါအခံဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Popular

Healthy Life Ad
To Top