Healthy Life Ad
Health Tips

COVID-19 ဗိုင်းရပ်စ်ပိုး ကာကွယ်ရေးအတွက် လူသွားလူလာများသော နေရာ၊ ဈေးတို့တွင် ထုံးဖြူးခြင်းက သင့်တော်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

လူသွားလူလာများသော နေရာ၊ ဈေး စသည့် နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းထက် ထုံးဖြူးခြင်းက COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပိုမိုထိရောက်ကြောင်း အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က Healthy Life ဂျာနယ်သို့ ပြောသည်။

“ထုံးက COVID-19 ဗိုင်းရပ်စ်ပိုး သေစေတဲ့ အထဲမှာ ပါဝင်ပါတယ်။ ပိုးသတ်ဆေးဖြန်းတာထက် ထုံးဖြူးတာက ပိုပြီးတောင် ကြာကြာခံပါတယ်။ ထုံးဖြူးတာ ကောင်းတယ်ဆိုပေမယ့် လူပေါင်းစုံ ဝင်ထွက်သွားလာနေတဲ့ ပိုးရှိနိုင်တဲ့ ဈေး (Wet Market) လို နေရာမျိုးဆိုရင် ထုံးဖြူးသင့်ပါတယ်။ ထုံးဖြူးလိုက်တဲ့အခါ (၁) အနံ့အသက် သက်သာစေတယ်၊ (၂) ဗိုင်းရပ်စ်ပိုး သတ်နိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးဖြန်းတာထက် ထုံးဖြူးတာက ပိုသင့်တော်ပါတယ်”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။

နေရာတိုင်းတွင် ထုံးဖြူးသင့်သည်မဟုတ်ဘဲ လိုအပ်သောနေရာ (ဥပမာ-လူအသွားအလာ များသောနေရာ၊ ဈေး)တို့တွင်သာ ထုံးဖြူးသင့်ကြောင်း သိရသည်။ “တချို့လေ့လာမှုတွေအရ ညစ်ပတ်တဲ့ ရေတွေထဲမှာလည်း ဒီ COVID-19 ဗိုင်းရပ်စ်ပိုးက နေနိုင်တယ် ပြောတယ်။ အဲဒီလိုနေရာမျိုးတွေမှာလည်း ထုံးကို အသုံးပြုတာလည်း ကောင်းတဲ့အချက်ရှိတယ် ဆိုတာကိုလည်း တွေ့ရပါတယ်”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

ယခုအခါ အချို့သော ရပ်ကွက်ဈေးဆိုင်များတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူ ၃ ပေကွာစေရန် ရှေ့မှ ကြိုးတန်းထားခြင်း၊ ထုံးဖြူးခြင်းတို့ ပြုလုပ်လျက်ရှိသည်။

Most Popular

Healthy Life Ad
To Top