Healthy Life Ad
Health Tips

COVID-19 လူနာများအတွက် ဆေးရုံအဖြစ် ပြင်ဆင်နေသည့် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် မကြာမီ ကုသမှုပေးနိုင်တော့မည်ဖြစ်ကြောင်း သိရ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

လှည်းကူးမြို့နယ်၊ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကို COVID-19 ရောဂါပိုးတွေ့လူနာများထားရှိရန် ကုတင် ၂၀ဝ မှ ၂၀ဝဝ ဆံ့ ဆေးရုံအထိ အမြန်ဆုံး ပြင်ဆင် ပြောင်းလဲလျက်ရှိပြီး ဆရာဝန်များ၊ သူနာပြုများကို Training ပေးခြင်း၊ ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းနှင့် အခြားလိုအပ်သော Facilities များ ပြင်ဆင်ခြင်းတို့ ပြုလုပ်ကာ အဆိုပါဆေးရုံတွင် မကြာမီ ဆေးကုသမှုပေးနိုင်တော့မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

“ဒါက ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ်ရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖြစ်လာမယ့်အခြေအနေတွေကို အကုန်လုံး မျှော်လင့်ပြီးတော့ ကျွန်တော်တို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဘက်က ပညာရှင်တွေက နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်တွေ ပေးနေပါတယ်။ တခြားနိုင်ငံတွေကို လေ့လာပြီး တစ်လဝန်းကျင်လောက် ကြာလာရင်တော့ လူနာတွေက အများကြီး ဝုန်းကနဲ ဖြစ်လာတတ်တဲ့ သဘောသဘာဝရှိတဲ့အတွက် ပြည်သူ့ဆေးရုံတွေကို ဆရာတို့ဘက်က ပြင်ဆင်ထားတဲ့ အစီအစဉ် လုပ်နေသလို ရန်ကုန်တိုင်းဝန်ကြီးချုပ်ကလည်း ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို COVID လူနာတွေ ထားရှိဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် ကုတင် ၅၀ဝ၀ ဆံ့ ဆေးရုံကြီးတွေကို အမြန်ဆုံးတည်ဆောက်ပြီး လုပ်ခဲ့တာဆိုတော့ ရန်ကုန်တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်ကို ဆရာတို့က ကြိုဆိုပါတယ်” ဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။

လက်ရှိတွင် Covid- 19 ရောဂါပိုး တွေ့ရှိသူလူနာများကို ဝေဘာဂီအထူးကုဆေးရုံတွင် ကုသလျက်ရှိပြီး လူနာဦးရေ များပြားလာပါက တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံကြီးတွင် ကုသမှုပေးမည်ဖြစ်ကာ ထို့ထက်ပိုများလာလျှင် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ပြင်ဆင်နေသည့် ဆေးရုံ၌ ကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိမှာ ပိုးတွေ့လူနာတွေကို ဝေဘာဂီမှာတင်ပြီး ကုနေတယ်ပေါ့နော်။ ဝေဘာဂီဆေးရုံက မဆံ့တော့ဘူးဆိုတဲ့ အခြေအနေမှာ တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံကြီးမှာ လေးထပ်ဆောင် အသစ်ဆောက်ထားတဲ့ အဆောင်တစ်ခု ရှိပါတယ်။ ဝေဘာဂီက ပိုလျှံလာတဲ့ လူနာတွေကို အဲဒီမှာကုဖို့ စီစဉ်ထားပါတယ်။ အခုအခြေအနေမှာ လူနာတွေကို လက်ခံကုသလို့ရတဲ့ အနေအထား ရောက်နေပါပြီ။ အဆင့် (၁)၊ (၂)၊ (၃) ဆိုတဲ့ အစီအစဉ်နဲ့ ပြည်သူ့ဆေးရုံတွေမှာ ထားဖို့ နေရာမရှိတော့ဘူးဆိုရင် အခုရန်ကုန်တိုင်းအစိုးရ အဖွဲ့စီစဉ်နေတဲ့ ဖောင်ကြီးမှာ အသစ်ပြုပြင်နေတဲ့ ဆေးရုံကို အသုံးပြုမယ်လို့ ရည်ရွယ်ထားပါတယ်”ဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။

ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်က ပြင်ဆင်လျက်ရှိသည့် ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများကိုသာ တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း၊ တာဝန်ပေးအပ်ရန် အဆင်သင့် စီစဉ်ပြီးသားဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိမှာ ဒီဆရာဝန်တွေ၊ သူနာပြုတွေကို Training တွေ စပြီးပေးနေပါပြီ။ စက်ပစ္စည်းနဲ့ တခြားလိုအပ်တဲ့ Facilities တွေကိုလည်း ပြင်ဆင်နေပါပြီ။ ပြင်းထန်တဲ့ ရောဂါရှင်၊ ကူးစက်တတ်တဲ့ ရောဂါရှိသူတွေကို ကုသဖို့အတွက် စပြီး ပြင်ဆင်နေပါပြီ။ မကြာခင်မှာ ဒီဆေးရုံမှာ ကုသလို့ရမယ်လို့ ရည်မှန်းထားပါတယ်”ဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၃-၃-၂၀၂၀ ရက်နေ့မှ ၃-၄-၂၀၂၀ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း ၂၀ ဦးတွေ့ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Popular

Healthy Life Ad
To Top