Healthy Life Ad
Health Tips

အသက်ကြီးသူတို့တွင် အာဟာရချို့တဲ့မှု မဖြစ်စေရန်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ခန္ဓာကိုယ်ကနေ အာဟာရဓာတ် အလုံအလောက်မရတဲ့အခါ အာဟာရချို့တဲ့မှု ဖြစ်တတ်ပါတယ်။ အာဟာရဓာတ်တွေထဲမှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်နဲ့သတ္တုဓာတ်၊ အဆီဓာတ်စတာတွေ ပါဝင်ပြီး ဒီဓာတ်တွေက ခန္ဓာကိုယ်ကို စွမ်းအင်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကြီးထွားတာ၊ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးတာ၊ အသက်ရှူတာနဲ့ နှလုံးခုန်တာတို့လို ဖြစ်စဉ်တွေကို ထိန်းချုပ်တာတို့မှာ ပါဝင်လုပ်ဆောင်ပါတယ်။ အသက်ကြီးသူတွေအတွက် အာဟာရကောင်းကောင်းရရှိဖို့ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် နာမကျန်းဖြစ်နေတဲ့ အသက်ကြီးသူတွေ ဒါမှမဟုတ် နာတာရှည်ရောဂါရှိသူတွေမှာ ပိုပြီးအရေးကြီးပါတယ်။

အာဟာရချို့တဲ့မှု ဖြစ်စေသော ပြဿနာများ

အသက်ကြီးသူတွေမှာ အာဟာရချို့တဲ့မှုဖြစ်ရင် ကိုယ်အလေးချိန်လျော့ကျတာ၊ မောပန်းတာ၊ နွမ်းနယ်တာ၊ ကြွက်သားအားနည်းတာ၊ သန်စွမ်းမှုမရှိတာ၊ စိတ်ဓာတ်ကျတာ၊ မှတ်ဉာဏ်အားနည်းတာ၊ သွေးအားနည်းတာနဲ့ ကိုယ်ခံအားစနစ်အားနည်းပြီး ကူးစက်ပိုးဝင်လွယ်တာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အဆိုးဆုံးက လဲကျတတ်တာပဲ ဖြစ်ပါတယ်။

အာဟာရချို့တဲ့မှု မဖြစ်စေရန်

• သင့်အဘိုးအဘွားဟာ အာဟာရချို့တဲ့မှုဖြစ်နေရင် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

• ကျန်းမာရေးနှင့် ညီညွတ်သော အစာကို ရွေးချယ်စားသုံးပါ

• ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစာတွေဟာအာဟာရဓာတ် အပြည့်ပါတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံစာနဲ့ အဆီနည်းအသားတို့ပဲ ဖြစ်ပါတယ်။

• ကျန်းမာရေးနှင့် ညီညွတ်သော သရေစာရွေးချယ်ပါ

• အစာကို များများမစားနိုင်တဲ့ အဘိုးအဘွားတွေအနေနဲ့ အစာစားချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ (ဥပမာ- သစ်သီးစိတ်၊ အခွံမာတဲ့အစေ့အဆန်) စတာတွေကို စားသင့်ပါတယ်။

• အစာကို အရသာရှိအောင် ပြုလုပ်ပါ

• အစာကြေးများတတ်တဲ့သူတွေကို အစာကျွေးတဲ့အခါ ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေးဖက်ဝင်အပင်တွေထည့်ပြီး အရသာရှိအောင် ပြုလုပ်ကျွေးသင့်ပါတယ်။

• ဖြည့်စွက်အာဟာရမှုန့်များ တိုက်ကျွေးပါ

• တကယ်လို့ အဘိုး၊ အဘွားက အစာကို ကောင်းကောင်းမစားနိုင်ရင် ဒါမှမဟုတ် အာဟာရဓာတ်ကို အလုံအလောက် မရရှိရင် ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဖြည့်စွက်အာဟာရမှုန့်တွေကို တိုက်ကျွေးသင့်ပါတယ်။

• ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ

• လေ့ကျင့်ခန်း အနည်းငယ်လုပ်ရင်တောင် အသက်ကြီးသူတွေမှာ အစာစားချင်တဲ့ ဆန္ဒတိုးလာသလို အရိုးနဲ့ ကြွက်သားတွေကို သန်စွမ်းလာစေပါတယ်။

• လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပါစေ

• မိတ်ဆွေသူငယ်ချင်း၊ အိမ်နီးချင်းတွေနဲ့ စကားစမြည်ပြောဆိုရင်း အတူစားသောက်တာကြောင့် အစာစားချင်စိတ် ပိုတိုးလာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top