Healthy Life Ad
Health Tips

သင့်ကလေး အန်နေလျှင်

ဇွန်

အန်တယ်ဆိုတာ အစာအိမ်ထဲက အရာတွေကို အားနဲ့တွန်းကန်ထုတ်တာဖြစ်ပြီး အခြေအနေ အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးငယ်ရဲ့ အသက်အရွယ်၊ တွဲဖက်ခံစားရတဲ့ ဝေဒနာလက္ခဏာတွေနဲ့ ဆေးပညာတွေ့ရှိချက်တွေဟာ အန်စေတဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေနိုင်တဲ့ အရေးကြီးအချက်အလက်တွေပဲ ဖြစ်ပါတယ်။

မွေးကင်းစအရွယ်တွေနဲ့ ကလေးငယ်တွေဟာ အစာကျွေးတဲ့ နည်းအမှားတွေ (ဥပမာ – အစာကို အလွန်အမင်းကျွေးမိတာ၊ ကောင်းကောင်းလေမထုတ်ပေးတာ၊ အစာကျွေးတဲ့ပုံစံမှားယွင်းတာ)၊ ပိုးဝင်တာ၊ ခွဲစိတ်ရမယ့် အခြေအနေဖြစ်ပေါ်တာ အစရှိတဲ့ အကြောင်းတွေကြောင့် အန်နိုင်ပါတယ်။ ကလေးကြီးတွေမှာတော့ ကူးစက်ပိုးဝင်တာ၊ ယာဉ်ကြောင့်ဖြစ်တာ (ဥပမာ- လှိုင်းမူးတာ၊ ကားတောက်တာ)၊ အစာကိုခံနိုင်ရည်မရှိတာ၊ သောက်နေတဲ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ခံစားရတာ၊ အစာအဆိပ်သင့်တာနဲ့ ခွဲစိတ်ရမယ့် အခြေအနေ ဖြစ်ပေါ်တာ စတာတွေကြောင့် အန်နိုင်ပါတယ်။

ကလေးတွေမှာ အန်စေတဲ့ ကူးစက်ပိုးဝင်တာက အစာအိမ်အူလမ်းကြောင်းထဲ ပိုးဝင်တာ တစ်ခုတည်းကြောင့်သာမက အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာ ပိုးဝင်တာ၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းတာ၊ ပိုးဆိပ်သင့်တာ အစရှိတဲ့ အခြေအနေတွေကြောင့်လည်း အန်နိုင်ပါတယ်။ မွေးရာပါ အစာအိမ်နဲ့ အူထိခိုက်မှုနဲ့ အူအတက်ရောင်တာလို ခွဲစိတ်ရမယ့် အခြေအနေတွေကြောင့်လည်း အန်စေနိုင်ပါတယ်။

ပြုလုပ်ရန်

ကလေးငယ်အန်တဲ့အခါ အအန်ပျောက်ဆေးတွေကို မိမိသဘောနဲ့မိမိ မတိုက်သင့်ပါဘူး။ ပိုပြင်းထန်တဲ့ ကိုယ်တွင်းပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ကလေးအန်တဲ့အခါ သက်ဆိုင်ရာ အထူးကုဆရာဝန်ရဲ့ အကြံဉာဏ်ကိုရယူပါ။ အန်ရတဲ့အကြောင်းရင်းက မသေချာရင် ရောဂါရှာဖွေစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

(Ref;parenting)

Most Popular

Healthy Life Ad
To Top