Healthy Life Ad
Health Tips

“အလင်းရောင်ကုထုံး”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

သြစတြေးလျနိုင်ငံ၊ တက်စမေးနီးယားပြည်နယ်၊ ဟိုဘတ်မြို့တော်မှာ စာရေးသူ တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပါတယ်။ ဇွန်-ဇူလိုင်လ ဆောင်းရာသီအချိန်မှာ နေ့တာတိုပြီး ညတာက ရှည်လွန်းတယ်။ နံနက် ၈ နာရီလောက်မှ နေထွက်ပြီး ညနေ ၄ နာရီဆိုရင် မှောင်စပြုပြီ။ ဆောင်းတွင်း မိုးတစိမ့်စိမ့် ရွာတဲ့နေ့ဆိုရင် တစ်နေ့လုံး နေရောင်ခြည်ကို မမြင်ရတော့ဘူး။ အဲဒီလိုရာသီဥတုအချိန်မှာ စာရေးသူရဲ့မိတ်ဆွေ ကိုတာတို့ဇနီးမောင်နှံက ဟိုဘတ်မြို့ကို အပျော်ခရီး ထွက်လာသတဲ့။ သူတို့တည်းခိုတဲ့ ဝရက်ပွိုင့်ကာ ဆီနိုဟိုတယ်မှာ တွေ့ဆုံတဲ့အခါ စာရေးသူက နောက်ပြောင်သလို မေးမြန်းပါတယ်။

“ဘယ်လိုစိတ်ကူးပေါက်ပြီး ဒီရာသီကျမှ ဒီမြို့ကို ရောက်လာရတာလဲ”

“ကျွန်တော့်ဇနီးရဲ့ ဆန္ဒအတိုင်းပါ။ သူက သြစတြေးလျနိုင်ငံ တောင်ဘက်စွန်းကျွန်းရဲ့ ဆောင်းရာသီကို တွေ့ကြုံခံစားကြည့်ချင်လို့တဲ့”

“အတွေ့အကြုံသစ်တစ်ခုလို သဘောထားပေါ့ဗျာ။ စိတ်ညစ်လို့ စိတ်ပြေလက်ပျောက် ခရီးထွက်လာတယ်ဆိုရင်တော့ လိုအင်ဆန္ဒပြည့်ဝမယ်မထင်ဘူး”

“ဘာဖြစ်လို့လဲ”

“ဒီလိုရာသီဥတုမျိုးမှာ တစ်နှစ်လုံး စိတ်ရောဂါမရှိတဲ့လူတွေတောင် စိတ်ရောဂါဖြစ်တတ်တာရှိလို့ ပြောတာပါ”

“မြန်မာပြည်မှာ နွေဦးပေါက်လို့ လေရူးတိုက်ရင် စိတ်ဖောက်ပြန်တတ်တယ်လို့ အဆိုရှိတာမျိုးလား”

“မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ်ကတော့ ရာသီဥတုလိုက်ပြီး ဖြစ်ပွားတဲ့ စိတ်ရောဂါမျိုးကို မတွေ့ကြုံခဲ့ဖူးပါဘူး။ ဟိုဘတ်မြို့ရောက်မှ ဒီဒေသအတွင်း ဒီလိုရာသီမှာ ဖြစ်တတ်တဲ့ စိတ်ရောဂါလူနာကို တွေ့ဖူးနေပါတယ်”

“ဘာရောဂါလဲ”

“ရာသီဥတုလိုက်ပြီး ဖြစ်ပွား စိတ်ကျရောဂါ” (Seasonal Depressive Disorder) ဒါမှမဟုတ် (Seasonal Affective Disorder) (SAD)လို့ခေါ်တဲ့ စိတ်ကျရောဂါတစ်မျိုးပါ”

ကိုတာရဲ့ဇနီးဒေါ်မှုန်က ကြားဖြတ်ပြောပါတယ်။

“ဒီလိုမိုးအေးရွာနေရင်တော့ ကျွန်မလည်း အပြင်မှာ လှည့်ပတ်မကြည့်ချင်တော့ဘူး။ ကာဆီနိုရုံထဲမှာ ဘယ်လိုကစားဂိမ်းတွေရှိသလဲလို့ သွားစုံစမ်းလိုက်မယ်။ ကိုအုန်းကျော်နဲ့ ကိုကိုတာတို့အကြိုက် ဘီယာသောက်ရင်း စကားပြောကြတော့”

မိုးစက်တွေ တဖြောက်ဖြောက်ကျနေတဲ့ ဆန်ဒီပင်လယ်အော်ရေပြင်ကို ကြည့်ရင်း ကိုတာနဲ့ စကားလက်ဆုံကျမိပါတယ်။

“ခင်ဗျားပြောတဲ့ “ရာသီဥတုလိုက်ပြီး ဖြစ်ပွား စိတ်ကျရောဂါ”(SAD) ဆိုတာ ဘာလဲဗျ”

“အတိုချုံးပြီးပြောရင် “ဆောင်းရာသီစိတ်ကျရောဂါ”လို့ ခေါ်ဆိုနိုင်ပါတယ်။ ဟိုတစ်နေ့က ဟိုဘတ်ဆေးရုံမှာ တွေ့ရှိခဲ့တဲ့ လူနာလိုပေါ့။ သူ့နာမည်က စစ္စတာတီ။ အသက် ၃၀ ကျော်။ သိုးမွေးမြူရေး လုပ်ငန်းပိုင်ရှင်။ အိမ်ထောင်ရှိတယ်။ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကစပြီး မစ္စတာတီက အကြောင်းမဲ့ မောပန်းသလို၊ ခွန်အားယုတ်သလို ခံစားလာရတယ်။ လုပ်ကိုင်နေကျ လုပ်ငန်းတွေကို မလုပ်ကိုင်နိုင်တော့ဘူး။ တဖြည်းဖြည်း အခြေအနေဆိုးရွားလာလို့ ဆေးရုံရောက်လာတာပါ။ မစ္စတာတီရဲ့ ရောဂါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကြည့်တော့ SAD ရောဂါလို့ မှတ်ချက်ချနိုင်ပါတယ်”

“ဆောင်းရာသီရောက်တိုင်း မစ္စတာတီ စိတ်ကျရောဂါ ခံစားရတာ ဒီနှစ်နဲ့ပါဆိုရင် ၄ ကြိမ်ရှိပြီလို့ သိရတယ်။ တစ်နှစ်ပတ်လုံး သူ့စိတ်ကျန်းမာရေးက ပကတိလူကောင်းပဲ။ ဆောင်းရာသီဝင်စပြုပြီဆိုရင် စိတ်ကျရောဂါ လက္ခဏာတွေ တဖြည်းဖြည်း ပေါ်ပေါက်လာတယ်။”

“ဆောင်းရာသီစိတ်ကျရောဂါလား”

“မှန်ပါတယ်။ ဆောင်းရာသီရောက်တိုင်း မစ္စတာတီ စိတ်ကျရောဂါ ခံစားရတာ ဒီနှစ်နဲ့ပါဆိုရင် ၄ ကြိမ်ရှိပြီလို့ သိရတယ်။ တစ်နှစ်ပတ်လုံး သူ့စိတ်ကျန်းမာရေးက ပကတိလူကောင်းပဲ။ ဆောင်းရာသီဝင်စပြုပြီဆိုရင် စိတ်ကျရောဂါလက္ခဏာတွေ တဖြည်းဖြည်း ပေါ်ပေါက်လာတယ်။ ဆောင်းတွင်းကာလ ၃-၄ လမှာ ရောဂါဆိုးရွားပြီး အလုပ်အကိုင်ပျက်တဲ့အထိရှိတယ်။ နွေဦးပေါက်လာတာနဲ့ စိတ်ကျရောဂါ လက္ခဏာတွေက တဖြည်းဖြည်း အလိုအလျောက် ပျောက်ကင်းသွားတာတွေ့ ရှိရတယ်။ အရင်နှစ်တွေတုန်းကတော့ အိမ်မှာပဲ ကုသမှုခံယူတယ်။ အချိန်တန်ရင် ရောဂါပျောက်ကင်းသွားတာဆိုတော့ သူ့ဇနီးက သူ့လုပ်ငန်းတွေကို ကူညီပေးရုံပဲဆိုတော့။ ဒီနှစ်မှာ မစ္စတာတီက သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားမှုရှိလို့ မိသားစုဆရာဝန်က ဆေးရုံပို့လိုက်တာပါ”

“ဆောင်းတွင်း စိတ်ကျရောဂါမှာ ထူးခြားတဲ့ လက္ခဏာတွေ ရှိသလား”

“တခြားစိတ်ကျရောဂါတွေနဲ့ တူညီတဲ့ လက္ခဏာတွေရှိသလို ဆောင်းတွင်း စိတ်ကျရောဂါမှာ ထူးခြားမှုတချို့ရှိပါတယ်။ ဥပမာ-စိတ်ကျရောဂါတိုင်းမှာ တွေ့ရှိရတဲ့ စိတ်ညစ်ညူးတာ၊ ပျော်ရွှင်သာယာမှု မခံစားနိုင်တာ၊ အရာရာမှာ စိတ်ပါဝင်စားမှု လျော့နည်းနေတာ၊ လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဆန္ဒမရှိတာ၊ မိမိကိုယ်မိမိ အကြောင်းမဲ့ အပြစ်မြင်နေတာ၊ ဘဝမှာ မျှော်လင့်ချက်မရှိသလို ခံစားရတာ၊ မိမိအသက်ကို အန္တရာယ်ပြုချင်စိတ်ပေါက်တာ စတဲ့လက္ခဏာတွေက အတူတူပါပဲ။ ဆောင်းတွင်း စိတ်ကျရောဂါမှာ တွေ့ရှိရတဲ့ ထူးခြားမှုတွေ ရှိပါတယ်။ မစ္စတာတီက အစားအသောက်မပျက်ဘဲ အစားအစာကို အလွန်အမင်းစားတယ်။ ကစီဓာတ် (Carbohydrate)ပါတဲ့ အစားအစာတွေကို ပိုမိုနှစ်ခြိုက်တယ်။ ဒါကြောင့် စိတ်ကျရောဂါရှိပေမယ့် ကိုယ်အလေးချိန်ကျမသွားဘဲ ပိုပြီးဝလာတယ်။ နောက်ပြီး အိပ်ရေးမပျက်ဘူး။ အလွန်အမင်း မောပန်းသလို ခွန်အားယုတ်သလို ခံစားနေရပါတယ်။ နေ့ရောညပါ ပိုပြီးအိပ်စက်နေတာ ရှိတယ်”

ကိုတာက သူ့အမြင်ကို ပြောပါတယ်။

“ရာသီဥတုက အုံ့မှိုင်းမှိုင်း၊ နေရောင်လည်း မမြင်ရ၊ ချမ်းကလည်းချမ်း၊ အိမ်အပြင်မှာ ဘာမှလုပ်ကိုင်ဖို့ မကောင်းတဲ့ အခြေအနေဖြစ်နေတော့ စိတ်ဓာတ်ကျတာ မဆန်းပါဘူး”

“ဥရောပတိုက် မြောက်ဘက်ပိုင်းရှိ နိုင်ငံတွေမှာ ဆောင်းရာသီရောက်ရင် “ဆောင်းရာသီ စိတ်ညစ်ညူးခြင်း”( Winter Blues) ဖြစ်တတ်ကြတယ်။ လူ ၅ ယောက်မှာ တစ်ယောက်နှုန်းလောက် ဖြစ်ပွားတတ်တယ်။ ဆောင်းရာသီစိတ်ညစ်ညူးခြင်းက ကာယကံရှင်ကို ဒုက္ခမပေးဘူး။ အလုပ်အကိုင်ပျက်စေတာ မရှိပါဘူး။ “ဆောင်းရာသီစိတ်ကျရောဂါ”(SAD)ကတော့ ကာယကံရှင်ကို ဒုက္ခပေးတယ်။ လူမမာလုံးလုံး ဖြစ်စေပါတယ်။ ဥရောပတိုက် မြောက်ဘက်ပိုင်းနိုင်ငံတွေမှာ “ဆောင်းရာသီ စိတ်ကျရောဂါ”က လူတစ်ရာမှာ ၅ ယောက်နှုန်း ရှိပါတယ်”

“သြစတြေးလျနိုင်ငံမှာကော . . .”

“သြစတြေးလျနိုင်ငံ ဆောင်းတွင်းက ဥရောပတိုက် မြောက်ပိုင်းနိုင်ငံ ဆောင်းတွင်းလောက် မဆိုးပါဘူး။ ဒါကြောင့် ဆောင်းရာသီစိတ်ကျရောဂါ ဖြစ်ပွားနှုန်းကလည်း နည်းပါးတယ်။ လူတစ်ထောင်မှာ ၃ ယောက်နှုန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်”

ကိုတာ စူးစမ်းမေးမြန်းပါတယ်။

“ဆောင်းတွင်းမှာမှ စိတ်ကျရောဂါ ဖြစ်ပွားတာက ဘာကြောင့်လဲ၊ နှင်းကျလို့လား၊ ချမ်းအေးလို့လား၊ နေရောင်ခြည်မရလို့လား”

“ဆောင်းတွင်းစိတ်ကျရောဂါက မျိုးရိုးဗီဇကြောင့် ဖြစ်ပွားရတာနဲ့လည်း ဆိုင်တယ်။ နေရောင်ခြည် လုံလုံလောက်လောက် မရရှိတာက အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ နေရောင်ခြည်ရဲ့ အာနိသင်လှုံ့ဆော်မှုမရရှိရင် ဦးနှောက်ထဲမှာ (က) ဆီရိုတိုနင်ဓာတ် (Serotonin)လုပ်ငန်းအာနိသင် ကျဆင်းသွားတယ်။ (ခ) နေ့ညအချိန်ကိုက် သဘာဝဖြစ်စဉ် (Circadian Cycle)ကို ညှိနှိုင်းပေးတဲ့ မယ်လာတိုနင် (Melatonin) ဓာတ်ထုတ်လုပ်မှုကိုလည်း ကမောက်ကမ ဖြစ်စေတယ်။ အဲဒီအချက်နှစ်ချက်က ဆောင်းတွင်းစိတ်ကျရောဂါကို ဖြစ်ပေါ်စေတယ်လို့ ယူဆထားပါတယ်။ ဒါကြောင့် “ဆောင်းတွင်း စိတ်ကျရောဂါ”ကုသဖို့အတွက် “အလင်းရောင်ကုထုံး” (Light Therapy) ကို အသုံးပြုနေကြတာပါ”

“အလင်းရောင်ကုထုံးဆိုတာ ဘာလဲဗျ”

“အလင်းရောင်ကုထုံးက ခက်ခက်ခဲခဲဆောင် ရွက်ရတဲ့ ကုသနည်းမဟုတ်ပါဘူး။ ဒီကုထုံးအတွက် အလင်းရောင်ကုထုံးမီးအိမ် (Light Therapy Lamp) လိုအပ်တယ်။ အဲဒီမီးအိမ်က တောက်ပတဲ့ အလင်းရောင်ခြည်ကို ထုတ်ပေးတယ်။ အဲဒီအလင်းရောင်ခြည်ထဲက မျက်လုံးကို ဒုက္ခပေးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်(Ultraviolet Rays) ကို ထုတ်နှုတ်ထားတယ်။ အလင်းရောင်ကုထုံးမီးအိမ်က ထွက်လာတဲ့ အလင်းရောင်က တောက်ပပေမယ့် အပူဓာတ်မရှိဘူး”

“ကျွန်တော်ကြားဖူးပါတယ်။ အရေပြားရောဂါ တချို့မှာလည်း အလင်းရောင်ကုထုံးနဲ့ ကုသပေးတယ် မဟုတ်ဘူးလား”

“မှန်ပါတယ်။ ဒါပေမဲ့ အရေပြားရောဂါကုသဖို့ အသုံးပြုတဲ့ အလင်းရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည် ထုတ်နှုတ်မထားပါဘူး။ ဒါကြောင့် အသုံးပြုတဲ့ မီးအိမ်ချင်း မတူပါဘူး။ ဆောင်းတွင်း စိတ်ကျရောဂါကုသဖို့ အသုံးပြုတဲ့ မီးအိမ်က အလင်းရောင်စွမ်းအင် ၁၀ဝ၀ဝ Lux ယူနစ်ထုတ်ပေးပါတယ်”

ကိုတာက စပ်စုပါတယ်။

“အလင်းရောင်စွမ်းအင် ၁၀ဝ၀ဝ Lux ဆိုတာ ဘယ်လောက်လင်းထိန်လို့လဲ”

“ဖယောင်းတိုင်တစ်တိုင် မီးကထုတ်လုပ်တဲ့ အလင်းရောင်စွမ်းအင်က ၁၀ ဒသမ ၅ Lux ရှိတယ်။ ရုံးခန်းတွေထဲမှာ ကျရောက်နေတဲ့ အလင်းရောင်စွမ်းအင်က ၁၀ဝ မှ ၃၀ဝ Lux အထိရှိတယ်။ နေဝင်စအချိန်၊ နေထွက်စအချိန်မှာ အလင်းရောင်အား ၄၀ဝ Lux ရှိပါတယ်။ အဲဒါ ခင်ဗျားနှိုင်းယှဉ် စဉ်းစားကြည့်ပေါ့။ ဆောင်းတွင်းစိတ်ကျရောဂါ ကုသဖို့ လူနာကို ၁၀ဝ၀ဝ Lux အလင်းရောင်အား ထုတ်ပေးတဲ့ မီးအိမ်ရှေ့ တစ်ပေခွဲအကွာအဝေးမှာ ထိုင်ခိုင်းတယ်။ ကုသမှုတစ်ကြိမ်က ၂ နာရီလောက် ကြာမယ်။ တစ်ပတ်မှာ ၄-၅ ရက် ဆက်တိုက် ကုသပေးပါတယ်။ ရက်သတ္တပတ် ၂ ပတ်အကြာမှာ လူနာရဲ့ အခြေအနေကို ပြန်လည်စစ်ဆေးပေးပါတယ်”

“အဲဒီကုထုံးက ထိရောက်မှုရှိလို့လား”

“ဆောင်းတွင်း စိတ်ကျရောဂါ (SAD)ရှင် ၇၀ ရာခိုင်နှုန်းကျော်က ရောဂါသက်သာပျောက်ကင်းတာ တွေ့ရှိရတယ်။ ဒါကြောင့် အလင်းရောင်ကုထုံးကို ဆောင်းတွင်းစိတ်ကျရောဂါကုသဖို့ အဓိကကုထုံးအဖြစ် သတ်မှတ်ထားပါတယ်။ အလင်းရောင်ကုထုံးကို အသုံးပြုနိုင်တဲ့ တခြားဝေဒနာတွေလည်း ရှိသေးတယ်။ ဥပမာ-လေယာဉ်ပျံခရီးရှည်အဆုံးမှာ ဖြစ်တတ်တဲ့ စိတ်ထွေပြားခြင်းအခြေအနေ (Jet Lag)၊ ညတာဝန်ကျပြီးရင် နေနဲ့ညအိပ်ချိန် ပြန်လည်ညှိဖို့ လိုအပ်တဲ့အခြေအနေနဲ့ အိပ်စက်ခြင်းချို့ယွင်းရောဂါတချို့ စသဖြင့်ပေါ့ဗျာ”

“ဒီကုထုံးက နေပူတာခံနေရသလိုဖြစ်တော့ ခေါင်းမကိုက်ဘူးလား”

“ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းကိုက်ခြင်း၊ မျက်စိကျိန်းခြင်း၊ ပျို့အန်ချင်သလိုရှိခြင်း၊ ဂနာမငြိမ်ခြင်းတို့ ဖြစ်ပါတယ်။ စိတ်ကြွစိတ်ကျရောဂါ အခြေခံရှိရင် ကုသမှုကြောင့် စိတ်ကြွရောဂါ ပေါ်ပေါက်လာနိုင်ပါတယ်”

“အလင်းရောင်ကုထုံးက ဈေးကြီးသလား”

“အမျိုးကောင်းပစ္စည်းဆိုရင် အလင်းရောင်ကုထုံးမီးအိမ်က ဒေါ်လာ ၂၀ဝ လောက်ပဲ ကျပါတယ်။ ပိုပြီး အကုန်အကျခံနိုင်တဲ့ ကျွန်တော့်လူနာတစ်ယောက်ကတော့ အလင်းရောင်ကုထုံးကို လက်မခံဘဲ ခရီးဝေးထွက်တဲ့ ကုထုံးကို အသုံးပြုတယ်။ သူက အင်္ဂလန်နဲ့ နယူးဇီလန်နိုင်ငံသား မှတ်ပုံတင်ရှိသူ ဖြစ်တယ်။ မေလဆန်းရောက်ရင် နယူးဇီလန် ဆောင်းရာသီကိုရှောင်ပြီး အင်္ဂလန်မှာ “တစ်နွေ”ခိုတယ်။ နိုဝင်ဘာလဆန်းရောက်ရင် အင်္ဂလန်ဆောင်းကိုရှောင်ဖို့၊ နယူးဇီလန်ကို ပြန်ရောက်လာလေ့ရှိတယ်။ အဲဒီလိုနည်းနဲ့ ဆောင်းတွင်းစိတ်ကျရောဂါ မခံစားရအောင် ကာကွယ်နေတယ် ဆိုပါ့တော”

Most Popular

Healthy Life Ad
To Top