Healthy Life Ad
Real Life

ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲပါ . . .

စူး(ဆေးဝါးတက္ကသိုလ်)

ရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးတစ်ပါးရဲ့အုပ်ချုပ်မှုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေ ရှိကြတယ်။ သူတို့မှာ စည်းစိမ်ချမ်းသာ အပြည့်အစုံရှိပြီး မကောင်းတဲ့ကံ မကျရောက်တာကြောင့် တိုင်းသူပြည်သားအားလုံးဟာ အလွန်ပျော်စရာကောင်းတဲ့ ဘဝမျိုးမှာ အေးချမ်းစွာနေထိုင်ကြပါတယ်။ တစ်နေ့သောအခါ ဘုရင်ကြီးက သမိုင်းဝင်အရေးပါတဲ့ နေရာတွေကို သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက တိုင်းသူပြည်သားတွေနဲ့ ထိတွေ့မှုရှိစေဖို့ လမ်းလျှောက်ပြီးသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဝေးလံတဲ့ နေရာတွေက တိုင်းသူပြည်သားတွေက ဘုရင်ကြီးနဲ့ စကားစမြည်ပြောဖို့ အလွန်ပျော်ရွှင်ခဲ့ပြီး သူတို့ဘုရင်မှာ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ဆိုင်တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ခဲ့ပါတယ်။

ခရီးသွားပြီး သီတင်းပတ်အတန်ကြာပြီးချိန်မှာ ဘုရင်ကြီးက နန်းတော်ကို ပြန်လာခဲ့ပါတယ်။ တိုင်းပြည်နေရာများစွာ လည်ပတ်ခဲ့ပြီးချိန်မှာ သူ့တိုင်းသူပြည်သားတွေ ကြွယ်ဝချမ်းသာတဲ့ ဘဝမျိုးနဲ့ နေထိုင်နိုင်တဲ့အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူနောင်တတစ်ခုတော့ ရခဲ့ပါတယ်။ ဝေးလံတဲ့နေရာကို ပထမဆုံးအကြိမ် ကိုယ့်ခြေထောက်နဲ့ကိုယ် သွားလာခဲ့တဲ့အတွက် ခြေထောက်က မခံရပ်နိုင်လောက်အောင် နာကျင်နေတာပါပဲ။ လမ်းတွေက သက်သောင့်သက်သာမရှိဘူး၊ အလွန်ကြမ်းတမ်းတယ်ဆိုပြီး သူ့မူးမတ်တွေကို ပြောဆိုပြစ်တင်ခဲ့ပါတယ်။အဲဒီနာကျင်မှုကို မခံနိုင်တဲ့အတွက် သူ့အစေခံအားလုံးကို လမ်းတွေကို သက်သောင့်သက်သာရှိအောင် သိုးမွှေးနဲ့ခင်းဖို့ အမိန့်ပေးခဲ့ပါတယ်။

အဲဒီအမိန့်ကြားတော့ မူးမတ်တွေ အံ့အားသင့်ခဲ့ပါတယ်။ လမ်းအားလုံးကို သိုးမွှေးနဲ့ခင်းဖို့ဆိုတာ ငွေကြေးအလွန်မြောက်များစွာ ကုန်မှာဖြစ်လို့ပါပဲ။ နောက်ဆုံးမှာတော့ မူးမတ်တွေထဲက ပညာရှင်အမျိုးသားတစ်ဦးက ဘုရင်ဆီ အခစားဝင်ပြီး အကြံဉာဏ်တစ်ခု ပေးခဲ့ပါတယ်။ “လမ်းအားလုံးကို သိုးမွှေးနဲ့ခင်းမယ့်အစား ဘုရင်ကြီးရဲ့ ခြေထောက်ပုံစံအတိုင်း အံဝင်ခွင်ကျစွပ်လို့ရမယ့် သိုးမွှေးခြေအိတ်တစ်စုံကို ဝတ်ဆင်တာက ပိုသင့်တော်မှုရှိကြောင်းပါဘုရား”

ဘုရင်ကြီးလည်း အဲဒီအကြံဉာဏ်ကြားတော့ အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး သူ့အတွက် သိုးမွှေးရှူးဖိနပ်တစ်စုံကို မှာယူကာ သူနဲ့အတူ လိုက်ပါမယ့်သူတိုင်းကိုလည်း သိုးမွှေးရှူးဖိနပ်တစ်ရံစီ စီးကြဖို့ ပြောလိုက်ပါတယ်။ ဒီပုံပြင်လေးက ပြောချင်တဲ့သင်ခန်းစာကတော့ ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမယ့်အစား အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကြိုးစားသင့်တယ်ဆိုတာပါပဲ။

Most Popular

Healthy Life Ad
To Top