Healthy Life Ad
Q & A

ဆံပင်ဆိုးဆေးနှင့် ဓာတ်မတည့်ခြင်းအကြောင်း သိကောင်းစရာ

ပါမောက္ခ ဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. တချို့လူတွေက ဘာကြောင့် ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်ကြရတာပါလဲ ဆရာမ။

A. ဆံပင်ဆိုးဆေးနဲ့ မတည့်တာက ဆံပင်ဆိုးဆေးမှာ ဓာတုပစ္စည်းတွေပါဝင်လို့ ဖြစ်ပါတယ်။ အဓိကက PPD ဆိုတဲ့ ဓာတုပစ္စည်းကြောင့်ပါ။ PPD ကို လူ့ကိုယ်ခံစွမ်းအားစနစ်က တုံ့ပြန်တဲ့အခါ ရောဂါလက္ခဏာတွေ တွေ့ရပါတယ်။ ဆံပင်ဆိုးဆေးအရောင်ပေါ်မူတည်ပြီး PPD ပါဝင်မှုက ကွာခြားတဲ့ အနက် အနီရောင်နဲ့ အနက်ရောင် ဆံပင်ဆိုးဆေးတွေမှာ ပါဝင်မှုက ပိုများနေပါတယ်။ ဓာတ်မတည့်ဖြစ်တတ်တဲ့ သူတွေမှာတော့ ဘယ်အရောင်မဆို ဓာတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ ဆံပင်ဆိုးဆေးက ဆံပင်ချောင်းလေးတွေကတဆင့် အရေပြားထဲကို ဝင်နိုင်လို့ပါ။

Q. ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

A. ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်တဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေက သုံးခုရှိပါတယ်။ အဲဒါတွေကတော့ –

(၁) ဓာတုပစ္စည်း တုံ့ပြန်လွယ်ခြင်း (Allergic Contact Dermatitis)

ဆံပင်ဆိုးပြီး ၆ နာရီ – ၁၀ ရက်အတွင်း ဖြစ်နိုင်ပါတယ်။ ဆံပင်ဆိုးဆေးနဲ့ ထိတွေ့တဲ့နေရာတွေဖြစ်တဲ့ မျက်ခွံ၊ ဆံပင်အနားစပ်၊ ဦးရေပြား၊ လည်ပင်းတွေအပြင် နောက်ကျောနဲ့ ကိုယ်လုံးတွေမှာပါ တုံ့ပြန်မှု ဖြစ်တတ်ပါတယ်။ အရေပြားပူတာ၊ ယားတာ၊ နီတာ၊ ရောင်ရမ်းတာ၊ အရည်ကြည်ဖုတွေဖြစ်တာ၊ အဖုတွေပေါက်ပြဲပြီး သားငံရည်ထွက်တာ၊ ပြည်တည်တာ၊ မီးလောင်ထားသလို အရေပြားအခွံကွာတာ၊ အကြေးဖတ်တွေ ဖြစ်လာတာတို့ ဖြစ်တတ်ပါတယ်။ ခေါင်းလျှော်ရင်း ဆံပင်ဆိုးဆေးစီးကျတဲ့ လည်ပင်း၊ နောက်ကျောနဲ့ ကိုယ်လုံးအရေပြားတွေမှာ အင်ပြင်လိုအပိန့်တွေ ထွက်လာတတ်ပါတယ်။ မျက်လုံးတွေနီရဲပြီး မျက်ခွံပိတ်တဲ့အထိ ရောင်ရမ်းတတ်ပါတယ်။ တစ်ကိုယ်လုံး ပြန့်သွားပါတယ်။

(၂) ထိတွေ့မှုအင်ပျဉ်

ဟစ္စတာမင်းဓာတ်ကြောင့် မိနစ်ပိုင်း ဒါမှမဟုတ် နာရီပိုင်းလောက်အတွင်း အရေပြားနီရဲ ရောင်ရမ်းလာရုံသာမက အင်ပြင်လို အနီပြင်အနီဖုတွေ တစ်ကိုယ်လုံးမှာ ပေါ်တတ်ပါတယ်။ အသက်ရှူကျပ်မယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ နှာရည်ကျမယ်၊ အစာမျိုရခက်မယ်၊ အန်မယ်။

(၃) သွေးလန့်ခြင်း (Anaphylactic Shock)

ဖြစ်ခဲပေမယ့် ဖြစ်တတ်ပါတယ်။ ဆံပင်ဆိုးပြီး တစ်နာရီအတွင်း အသက်ရှူကျပ်ကာ သွေးပေါင်ကျတတ်ပါတယ်။ အသက်အန္တရာယ် ထိခိုက်နိုင်လို့ ဆေးရုံမှာ ချက်ချင်းဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဆံပင်ဆိုးဆေးနဲ့ မတည့်တဲ့ လက္ခဏာက ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ဖြစ်တတ်ပါတယ်။ ကင်ဆာဖြစ်တတ်တယ်လို့တောင် ပြောနေကြပါတယ်။

Q. ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ဘယ်လိုကာကွယ်ရပါမလဲ ဆရာမ။

A. ဆံပင်ဆိုးဆေးကို မဆိုးခင် စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ စမ်းသပ်ရမယ့်နည်းက ဆံပင်ဆိုးဆေးကို နားရွက်နောက် ဒါမှမဟုတ် လက်တံတောင်အတွင်းဘက်မှာ ၂-၃ ရက်လောက် သုတ်ထားရပါမယ်။ ပြီးရင် အရေပြားပြောင်းလဲမှု ရှိ၊ မရှိ သတိထားစောင့်ကြည့်ရပါမယ်။ ဆံပင်မဆိုးခင် ၄၈ နာရီ မတိုင်ခင်မှာ ပြုလုပ်သင့်ပါတယ်။ ဆံပင်ဆိုးတဲ့အခါတိုင်း ပြုလုပ်သင့်ပါတယ်။ ဆံပင်ဆိုးဆေးဘူးမှာ ပါဝင်တဲ့ ရည်ညွှန်းချက်ကို သေသေချာချာ ဖတ်ရပါမယ်။ သတိထားသင့်တာက ဆံပင်ဆိုးဆေးကို ညွှန်ကြားချက်မှာ ပါတာထက်ပိုပြီး ကြာကြာမထားသင့်ပါဘူး။ ရေနဲ့ သေသေချာချာစင်အောင် လျှော်သင့်ပါတယ်။

“ဆံပင်ဆိုးဆေးနဲ့ မတည့်တာက ဗောက်ထတာ များတတ်ပါတယ်။ ဦးရေပြား ယားကျိကျိဖြစ်မယ်။ ရာသီဥတုပူလာရင် ဦးရေပြားယားလာမယ်။ ပထမတစ်ခါ ဆံပင်ဆိုးဆေးမတည့်တဲ့ လက္ခဏာပေါ်ဖို့ ၁၀ ရက်လောက် အချိန်ယူရတတ်ပေမယ့် နောက်တစ်ခါဆိုးလိုက်ရင် နာရီပိုင်းလောက်နဲ့ လက္ခဏာပေါ်တတ်ပါတယ်” . . .

Q. ဆံပင်ဆိုးဆေးနဲ့ မတည့်တဲ့ လက္ခဏာတွေပေါ်လာရင် ဘယ်လိုကုသရပါမလဲ ဆရာမ။

A. ဆရာမပြောထားတဲ့ ဓာတ်မတည့်လက္ခဏာတွေ ပေါ်လာရင် ချက်ချင်းခေါင်းလျှော်ရပါမယ်။ ဦးရေပြားကို ဆပ်ပြာပျော့ပျော့နဲ့ ဆေးကြောရပါမယ်။ အယားပျောက်ဆေး၊ အရောင်ကျဆေးတွေနဲ့ စနစ်တကျ ဆေးကုသမှု ခံယူရပါမယ်။

Q. ဆံပင်အရောင်ဆိုးသူတွေက ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာမ။

A. ဆံပင်ဆိုးဆေးမဆိုးခင် အရင်ဆုံး စဉ်းစားရပါမယ်။ ဆံပင်ဆိုးဆေးနဲ့မတည့်ရင် ဘယ်တော့မှ မဆိုးသင့်ပါဘူး။ မတည့်တဲ့ ဆံပင်ဆိုးဆေးဘူးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကို တခြားအလှကုန်တွေမှာ ပါရင်လည်း ရှောင်သင့်ပါတယ်။ ဆံပင်ဆိုးဆေးအရောင်ကို ထိန်းပေးနိုင်မယ့် ခေါင်းလျှော်ရည်ကို သုံးသင့်ပါတယ်။ ဆံပင်ဆိုးပြီးရင် နေ့တိုင်း ခေါင်းမလျှော်သင့်ပါဘူး။ ဆံပင်အရောင်ဆိုးပြီးကာစမှာ ခေါင်းလျှော်ရင် မျက်လုံးထဲမဝင်အောင် သတိထားရပါမယ်။ဆံပင်အရောင်ဆိုးတဲ့နေ့မှာ ဆံပင်ကောက်တာ၊ ဖြောင့်တာ၊ ပေါင်းတာ၊ ဖယောင်းသွင်းတာတွေ မလုပ်သင့်ပါဘူး။ ဘာနဲ့မတည့်မှန်း မသိဘဲ ဖြစ်တတ်ပါတယ်။ သွေးတိုးနေချိန်၊ ဆီးချိုတက်နေချိန်မှာလည်း ဆံပင်မဆိုးသင့်ပါဘူး။ ဦးရေပြားပေါက်ပြဲပြီး အနာဖြစ်နေရင်၊ နှင်းခူ၊ယားနာ၊ ဒက်စတာတွေ ပေါက်နေရင် ဆံပင်အရောင် မဆိုးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်နဲ့ ငယ်လွန်းတဲ့ကလေးတွေ ဆံပင်အရောင်မဆိုးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်အရောင်ဆိုးရင် ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကို သွေးကစုပ်ပြီး ကလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဆံပင်ဆိုးဆေးနဲ့ မတည့်တဲ့သူက ဆံပင်ဆိုးဆေး (Hair Dye) အားလုံးကို ရှောင်ရပါမယ်။ယာယီဆံပင်ဆိုးဆေးတွေက PPD နည်းပေမယ့် PPD နဲ့ မတည့်သူ ၁၀ ရာခိုင်နှုန်းက ယာယီဆံပင်ဆိုးဆေးနဲ့လည်း မတည့်ပါဘူး။

Q. ဆံပင်ဆိုးဆေး ဆိုးပေးတဲ့သူတွေကကော ဘာတွေကို လိုက်နာသင့်ပါသလဲ ဆရာမ။

A. ဆံပင်ဆိုးဆေး ဆိုးပေးတဲ့သူတွေက လက်အိတ်စွပ်တာ၊ အင်္ကျီလုံအောင်ဝတ်တာ စသဖြင့် အကာအကွယ် ယူသင့်ပါတယ်။ ဆံပင်ဆိုးဆေးနဲ့မတည့်ရင် သူတို့လက်မှာ အရေပြားဓာတ်မတည့်မှုဖြစ်တာ တွေ့နိုင်သလို ဆံပင်ဆိုးဆေးအနံ့ကို ရှူရဖန်များရင်လည်း ရောဂါဖြစ်နိုင်ပါတယ်။

Q. ဆံပင်ဆိုးဆေးနဲ့ မတည့်တဲ့သူက တခြားဘာတွေကိုရှောင်ဖို့ လိုပါသလဲ ဆရာမ။

A. ဆံပင်ဆိုးဆေးနဲ့ မတည့်တဲ့သူတွေက ဘောပင်မင်၊ ဒီဇယ်ဆီ၊ အရောင်ဆိုးထားတဲ့ အစားအသောက်၊ Benzocaine နဲ့ Procaine ပါတဲ့ထုံဆေး၊ ဆာလဖာပါတဲ့ဆေးနဲ့ Paraaminobenzoic Acid (PABA) ပါတဲ့ နေရောင်ကာခရင်မ်တွေကို ရှောင်ရပါမယ်။ ဒီဓာတုပစ္စည်းတွေက မိတ်ကပ်၊ ကာခြယ်၊ အဝတ်အစားအနက်တွေမှာ ပါဝင်တတ်ပါတယ်။

Q. ဆရာမ အတွေ့အကြုံအရ တွေ့ရများတဲ့ ဆံပင်ဆိုးဆေးနဲ့ မတည့်တဲ့သူတွေမှာ တွေ့ရတဲ့ ဓာတ်မတည့်မှုတွေအကြောင်း ရှင်းပြပေးပါ ဆရာမ။

A. ဆံပင်ဆိုးဆေးနဲ့ မတည့်တာက ဗောက်ထတာ များတတ်ပါတယ်။ ဦးရေပြား ယားကျိကျိဖြစ်မယ်။ ရာသီဥတုပူလာရင် ဦးရေပြားယားလာမယ်။ ပထမတစ်ခါ ဆံပင်ဆိုးဆေးမတည့်တဲ့ လက္ခဏာပေါ်ဖို့ ၁၀ ရက်လောက် အချိန်ယူရတတ်ပေမယ့် နောက်တစ်ခါဆိုးလိုက်ရင် နာရီပိုင်းလောက်နဲ့ လက္ခဏာပေါ်တတ်ပါတယ်။ ဆံပင်ဆိုးဆေးနဲ့ ဓာတ်မတည့်တာကို ဆံပင်အလှပြင်သူတွေရဲ့ လက်မှာလည်း တွေ့ရပါတယ်။ ဒါကြောင့်ဆံပင်ဆိုးပေးသူတွေက လက်အိတ်ဝတ်ပြီး မျက်နှာကိုလည်း နှာခေါင်းစည်းနဲ့ အုပ်ထားသင့်ပါတယ်။ ဆရာမအတွေ့အကြုံအရ နောက်တွေ့ရတာတစ်ခုက ဆံပင်ဆိုးဆေးက ဆိုးတာများလာရင် ဆံပင်ပျက်စီးတတ်ပါတယ်။ ဆံပင်ကျွတ်လွယ်တတ်ပါတယ်။ ဆံပင်ခြောက်လာတတ်ပါတယ်။ ဆံပင်ဆိုးတာရပ်လိုက်ပြီး ကြာမှ သက်သာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top