Healthy Life Ad
Q & A

လည်ချောင်းနာခြင်းနှင့် အာသီးရောင်ခြင်း

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. လည်ချောင်းနာတာနဲ့ အာသီးရောင်တာက ဘယ်လိုခြားနားမှုရှိပါသလဲ ဆရာ။

A. လည်ချောင်းနာတာ (Sore Throat) ဆိုရင် အာသီးလည်းပါတယ်၊ Phyrax လည်းပါတယ်၊ laryx အသံအိုးလည်းပါတယ်၊ Trachea လည်းပါတယ်။Epiglocyttis အသံလျှာခင်လည်းပါတယ်။ လည်ချောင်းတစ်လျှောက် အကုန်လုံးနာတာဖြစ်တယ်။ လည်ချောင်းနာတာက အအေးမိတာရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ လည်ချောင်းနာတယ်ဆိုရင် နှာစေးတာ၊ ချောင်းဆိုးတာ၊ နှာခေါင်းပိတ်တာ စတဲ့ အအေးမိဝေဒနာရဲ့ တခြားလက္ခဏာတွေနဲ့ တွဲဖြစ်တတ်ပါတယ်။

အာသီးရောင်တာကတော့ Tonsils တစ်ခုတည်းပဲ ရောင်တာဖြစ်တယ်။ ဒါကြောင့် Tonsillitis လို့ ခေါ်တာဖြစ်ပါတယ်။ အာသီးရောင်တာက အသက်ရှူလမ်းကြောင်းတစ်လျှောက် ပိုးဝင်တာကြောင့် ရောင်တာများတယ်။ ဘက်တီးရီးယားကြောင့်လည်း ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားထဲမှာမှ စတပ်ပတိုကော့ကပ်စ်ဆိုတဲ့ပိုးကြောင့် ဖြစ်တာများတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်ရင် တံတွေးမျိုရင် အတော်လေးနာတယ်၊ အစာနဲ့ရေလည်း မျိုလို့မရလောက်အောင် နာတယ်ဆိုရင်တော့ ဘက်တီးရီးယားကြောင့် ဖြစ်ဖို့များတယ်၊ အဲဒါဆိုရင် ASO ကို အဓိကဖောက်တာများတယ်။ ASO အဆင့်မြင့်နေရင် ပင်နဆလင်နဲ့ကုလေ့ရှိသလို တခြားဆေးတွေနဲ့လည်း ကုလေ့ရှိပါတယ်။ အာသီးရောင်ရင် အစာစားချင်စိတ်မရှိတာ၊ အာသီးနီရဲတာ၊ ခေါင်းကိုက်တာ၊ ဖျားတာ၊ အသံပြောင်းလဲတာ စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။

“လည်ချောင်းနာတာက အသက်ငယ်ငယ်မှာ ဘက်တီးရီးယားကြောင့် ခဏခဏဖြစ်ရင် ဒုက္ခပေးမယ်။ လေးဖက်နာဖြစ်တတ်သလို လေးဖက်နာကို သေချာမကုဘဲ ထားလိုက်ရင် နှလုံးထိသွားနိုင်တယ်။ နှလုံးအဆို့ရှင်ကျဉ်းတာ၊ ကျယ်တာတွေက လေးဖက်နာရောဂါကို သေချာမကုလိုက်လို့ ဖြစ်တာတွေပါ။”

Q. လည်ချောင်းနာတာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

A. ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်သလို ဘက်တီးရီးယားကြောင့်လည်း ဖြစ်တတ်တယ်။ ကူးစက်ပိုးကြောင့် မဟုတ်ဘဲ Irritation ကြောင့် ဖြစ်တာလည်း ရှိသေးတယ်။ GERD ဆိုတဲ့ အက်စစ်တွေ ပြန်အန်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများပါတယ်။ ဗိုင်းရပ်စ်ကြောင့် လည်ချောင်းနာတယ်ဆိုရင် တံတွေးမျိုလိုက်တဲ့အခါ လည်ချောင်းနာတဲ့အထိ မဆိုးပါဘူး။ လည်ချောင်းနာတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်ဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ ဘက်တီးရီးယားကြောင့် ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေ လိုလိမ့်မယ်။

Q. အာသီးရောင်တာကရော ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. အာသီးရောင်တာက အာသီးတစ်ခုတည်း ရောင်တာများတယ်။ အာသီးရောင်တယ်ဆိုရင် များသောအားဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်ဖို့များတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့နှုန်းက လူကြီးမှာဆိုရင် ၁၀-၁၅ ရာခိုင်နှုန်းလောက်ပဲ ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်ကြား အရွယ်တွေမှာဆိုရင် ၁၅-၄၀ ရာခိုင်နှုန်းလောက် ဖြစ်တတ်တယ်။ အဲဒီအရွယ်မှာ အာသီးရောင်တယ်ဆိုရင် ASO ကို စစ်ဖို့လိုတယ်။ ASO ကို မကုဘဲထားရင် လေးဖက်နာတာရော၊ နှလုံးရောဂါအထိပါ ဖြစ်သွားနိုင်တဲ့အတွက် နည်းနည်းသတိထားရပါတယ်။

Q. လည်ချောင်းနာတာကို ဆေးကုသမှုခံယူဖို့ လိုအပ်ပါသလား ဆရာ။

A. ကုသမှုအနေနဲ့ ဗိုင်းရပ်စ်ကြောင့် လည်ချောင်းနာတယ်ဆိုရင် ဘာမှလုပ်စရာမလိုဘူး။ သူ့ဘာသာသူ ပျောက်သွားလိမ့်မယ်။ ၃-၇ ရက်လောက်ဆို ပျောက်သွားလိမ့်မယ်။ ကြားထဲမှာ ဆားရေပလုတ်ကျင်းတာ၊ ငုံဆေးငုံတာ၊ ပျားရည်သောက်တာ၊ ပါရာစီတမောဆေးသောက်တာတို့လောက် လုပ်ပေးရင် သက်သာလိမ့်မယ်။ လည်ချောင်းက သိပ်နာနေတယ်ဆိုရင် အိုင်ဗျူပရိုဖန်ဆေးသောက်လို့ရတယ်။ အနားယူပြီး ရေများများသောက်ပေးဖို့ လိုတယ်။ ကျန်တာ ဘာမှသိပ်မလိုဘူး။

Q. လည်ချောင်းနာတာနဲ့ အာသီးရောင်တာက ဘယ်အရွယ်မှာဖြစ်ရင် စိုးရိမ်ရပါသလဲ ဆရာ။

A. အသက်သိပ်ကြီးတဲ့သူတွေ၊ အသက်သိပ်ငယ်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ခံစွမ်းအား နည်းနေတဲ့သူတွေ အအေးမိ၊ နှာစေး၊ လည်ချောင်းနာ၊ တုပ်ကွေးကွေးရင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ လည်ချောင်းနာတာက အသက်ငယ်ငယ်မှာ ဘက်တီးရီးယားကြောင့် ခဏခဏဖြစ်ရင် ဒုက္ခပေးမယ်။ လေးဖက်နာဖြစ်တတ်သလို လေးဖက်နာကို သေချာမကုဘဲ ထားလိုက်ရင် နှလုံးထိသွားနိုင်တယ်။ နှလုံးအဆို့ရှင်ကျဉ်းတာ၊ ကျယ်တာတွေက လေးဖက်နာရောဂါကို သေချာမကုလိုက်လို့ ဖြစ်တာတွေပါ။ ဒါကြောင့် မကြာခဏ လည်ချောင်းနာနေတယ်၊ အာသီးရောင်နေတယ်ဆိုရင် စိုးရိမ်ရပါတယ်။

Q. ကိုယ်ဝန်ဆောင်တွေ လည်ချောင်းနာရင် သက်သာအောင် ဘယ်လိုနည်းလမ်းတွေက စိတ်ချရပါသလဲ ဆရာ။

A. ကိုယ်ဝန်ဆောင်တွေ လည်ချောင်းနာတာ သက်သာအောင် ဆားရေပလုတ်ကျင်းတာ၊ ငုံဆေးငုံတာက စိတ်ချရပါတယ်။ ကိုယ်ဝန်ဆောင်ဆိုရင် သတိထားရမှာက ကိုယ်ဝန်ဆောင်တွေ လည်ချောင်းနာတာက သုံးရက်ကျော်နေရင်၊ ဒါမှမဟုတ် ဖျားတာနဲ့တွဲဖြစ်ရင် ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top