Healthy Life Ad
Q & A

ခြေမဘုထွက်ခြင်း (Bunion )

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. ခြေမဘုထွက်ခြင်းအကြောင်း သိပါရစေ ဆရာ။

A. အရပ်ထဲမှာတော့ Bunion လို့ခေါ်ပါတယ်။ ဆေးပညာအရတော့ Halus Vallgus လို့ခေါ်ပါတယ်။ ဒီရောဂါက အများအားဖြင့် ရှူးဖိနပ်စီးတဲ့လူတွေ၊ နိုင်ငံတွေမှာ အဓိကဖြစ်တတ်ပါတယ်။ ရှူးဖိနပ်မစီးတဲ့ နိုင်ငံတွေမှာ အဖြစ်နည်းပါတယ်။ ဆရာတို့နိုင်ငံတွေမှာဆိုရင် အဖြစ်နည်းပါတယ်။

Q. ခြေမဘုထွက်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. အဲဒီရောဂါဖြစ်ပြီဆိုရင် ခြေမက ခြေညှိုးဘက်ကို စောင်းပြီးတော့ ခွင်သွားတာ ဖြစ်ပါတယ်။ တစ်ခါတလေ သိပ်ဆိုးသွားရင် ခြေညှိုးအောက်ရောက်သွားတာ၊ ထပ်သွားတာတွေ ဖြစ်သွားပါတယ်။ သိပ်စောင်းသွားရင် ခြေမရင်းနေရာက ဘုကြီးဖြစ်လာပါတယ်။ ခြေမအရင်းကအဆစ်နေရာမှာ ထွက်လာတာဖြစ်ပါတယ်။ ပြီးရင် ခြေမအရင်းက ငေါထွက်လာပါတယ်။ ငေါထွက်လာတော့ အရိုးကလည်း ငေါထွက်လာတယ်။ တစ်ခါတလေမှာ ငေါလာတဲ့ အရိုးအပေါ် ဖိနပ်စီးအားက သွားဖိမိတဲ့အခါ အရည်ကြည်အိတ် (Bursor) တွေဖြစ်လာပါတယ်။ အရိုးငေါလာတာကြောင့် ဒီလိုရောဂါ ဖြစ်လာရပြီးတော့ များသောအားဖြင့်တော့ ရှူးဖိနပ်အစီးများတဲ့အတွက် အရိုးငေါလာရတာ ဖြစ်ပါတယ်။ ဖိအားတွေကလည်း အရေပြားပေါ်မှာ များလာတဲ့အတွက် အရေပြားတွေ နီလာတယ်၊ ရောင်လာတယ်၊ အရည်ကြည်အိတ်ကလည်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို ပိုးဝင်တဲ့အခါမှာတော့ ပိုပြီးဆိုးသွားစေနိုင်ပါတယ်။ အထိမခံနိုင်တော့တာ၊ အရမ်းနာကျင်တာတွေ ဖြစ်လာပြီး လမ်းလျှောက်ရခက်မယ်၊ ဖိနပ်မစီးနိုင်တာတွေ ဖြစ်လာပါတယ်။

Q. ဘာကြောင့် ခြေမဘုထွက်ရပါသလဲ ဆရာ။

A. ခြေထောက်က ပုံပျက်လာတယ်၊ နောက်ပြီးတော့နာလာတယ်၊ လမ်းလျှောက်လို့မရတော့ဘူး..စသဖြင့် ဖြစ်လာပါတယ်။ ဒီရောဂါက မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်တယ်လို့လည်း ယူဆကြပါတယ်။ အဲဒါကလည်း ဟုတ်ပါတယ်။ ဆရာတို့တိုင်းပြည်မှာဆိုရင် တချို့လူတွေက ရှူးဖိနပ်မစီးဘဲနဲ့ ခြေညှပ်ဖိနပ်ပဲ စီးနေပေမယ့်လည်း ဖြစ်တတ်တာတွေရှိပါတယ်။ အဖေ၊ အမေမှာ ဒီရောဂါရှိရင် သားသမီးတွေမှာဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ရှူးဖိနပ်စီးတိုင်းလည်း ဖြစ်တာမဟုတ်ပါဘူး။ မျိုးရိုးကလည်း ရှိနေခဲ့ရင်တော့ ဒီရောဂါဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီရောဂါဖြစ်တဲ့ သူ ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ ဒီရောဂါဖြစ်လာတဲ့အခါမှာ အဆစ်က ခိုင်ခံ့မှုမရှိတော့ပါဘူး။ အရွတ်တွေကလည်း ခိုင်ခံ့မှု မရှိတော့ပါဘူး။ အရွတ်တွေ လျော့ရဲလာနိုင်ပါတယ်။ မျိုးရိုးဗီဇ ရှိနေပေမယ့်လည်း ဒီရောဂါက ဖြစ်ချင်မှသာ ဖြစ်တတ်တာပါ။ ဒါပေမဲ့ ထိပ်ချွန်တဲ့ရှူးဖိနပ်တွေ၊ ဒေါက်ဖိနပ်တွေ စီးတာများရင်တော့ ရောဂါကို ဖြစ်စေနိုင်သလို ဆိုးဝါးသွားစေနိုင်တဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ တခြားရောဂါတွေဖြစ်တဲ့ ဒူးအဆစ်ရောင်ရောဂါ၊ ဂေါက်ရောဂါတွေရှိသူနဲ့ ခြေထောက်ပြားတဲ့သူတွေမှာ ဒီရောဂါဖြစ်ဖို့ အလားအလာပိုများပါတယ်။ ဖြစ်ရင်လည်း ပိုဆိုးတတ်ပါတယ်။

Q. ခြေမဘုထွက်တာကို ဘယ်လိုရောဂါ ရှာဖွေမှု ပြုလုပ်သင့်ပါသလဲဆရာ။

“ဒီရောဂါကို ကာကွယ်ဖို့က ထိပ်ပိုင်းကျပ်တဲ့ ဒေါက်ဖိနပ်တွေနဲ့ ရှူးဖိနပ်တွေကို မရွေးပါနဲ့။ ခြေချောင်းတွေ ချောင်ချောင်ချိချိဖြစ်တာကိုဝယ်ပါ။ နောက်ပြီး ဖိနပ်ဝယ်ရင်လည်း ညနေပိုင်းအချိန်မှာ သွားဝယ်ပါ။ ညနေပိုင်းမှာ ခြေထောက်က အနည်းငယ်ပိုကြီးနေတတ်တဲ့အတွက် အဲဒီအချိန်မှာ အနေတော်အရွယ်က စီးဖို့အဆင်ပြေဆုံးပါ”

A. ခြေထောက်က အဲဒီလိုဖြစ်နေရင် ဓာတ်မှန်ရိုက်ကြည့်ပါတယ်။ အရိုးငေါနေတာတွေကို ပိုတွေ့စေနိုင်ပါတယ်။ တခါတလေကြရင် အဆစ်ရောင်ရောဂါတွေ ဖြစ်နေတာရှိခဲ့ရင်လည်း တွေ့နိုင်ပါတယ်။

Q. ခြေမဘုထွက်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

A. ဒီရောဂါကို ကာကွယ်ဖို့က ထိပ်ပိုင်းကျပ်တဲ့ ဒေါက်ဖိနပ်တွေနဲ့ ရှူးဖိနပ်တွေကို မရွေးပါနဲ့။ ခြေချောင်းတွေ ချောင်ချောင်ချိချိဖြစ်တာကို ဝယ်ပါ။ နောက်ပြီး ဖိနပ်ဝယ်ရင်လည်း ညနေပိုင်းအချိန်မှာ သွားဝယ်ပါ။ ညနေပိုင်းမှာ ခြေထောက်က အနည်းငယ်ပိုကြီးနေတတ်တဲ့အတွက် အဲဒီအချိန်မှာ အနေတော်အရွယ်က စီးဖို့အဆင်ပြေဆုံးပါ။ တချို့ခြေထောက်တွေက နှစ်ဖက်အရွယ် မညီတာတွေ ရှိပါတယ်။ အဲဒီအခါ ကြီးတဲ့ခြေထောက်နဲ့ တော်တာကိုပဲ ရွေးသင့်ပါတယ်။ ဖိနပ်ကို နှစ်ဖက်စလုံးစီးကြည့်ပြီး လမ်းနည်းနည်း အရင်လျှောက်ကြည့်သင့်ပါတယ်။ ခြေထောက်တွေကျပ်နေလား၊ အဆင်ပြေရဲ့လားဆိုတာ သေချာကြည့်သင့်ပါတယ်။ ခြေထောက်ပြားတဲ့သူဆိုရင် ဖိနပ်ကို အထဲက အခုံးလေးတွေပါတဲ့ ဖိနပ်လေးတွေပါတာကို ရွေးသင့်ပါတယ်။ ဖိနပ်ထဲမှာ ခံတဲ့အခံလေးတွေက အမျိုးမျိုးရှိပါတယ်။ အဲဒါလေးတွေ သုံးပေးသင့်ပါတယ်။ ခြေထောက်က ဘုဖြစ်ချင်သလိုဖြစ်လာရင် ဖိနပ်နဲ့ အဲ့ဒီဘုကြီးကြားမှာ အခံလေးတွေ ခံပေးထားသင့်ပါတယ်။

Q. ခြေမဘုထွက်တာကို ဘယ်လိုကုသမှု လုပ်ရပါသလဲ ဆရာ။

A. ကုသမှုအနေနဲ့ ဒီရောဂါဖြစ်ရင် ဒီဘုတွေကို ငေါနေတဲ့နေရာမှာ Padding လေးတွေပေးတယ်။ ရှူးဖိနပ်စီးတဲ့အခါမှာ ခြေမအောက်နဲ့ ဘေးမှာခံပေးတယ်။ ဖိနပ်ကို ပြောင်းလဲစီးခိုင်းပါတယ်။ အနာသက်သာစေမယ့် သောက်ဆေးတွေ ပေးရပါတယ်။ အရမ်းနာရင် ဆေးထိုးပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ သက်သာရာသက်သာကြောင်း လုပ်ပေးရပါတယ်။ ဒီလိုလုပ်လို့မှ မသက်သာဘူးဆိုရင် ခွဲစိတ်ကုသမှု ပေးရပါတယ်။ ခွဲစိတ်ကုသတဲ့ အပိုင်းအနေနဲ့ အရည်ကြည်အိတ်ရှိရင် အရည်ကြည်အိတ်ကို ခွဲထုတ်ပစ်ရပါတယ်။ ခြေမပုံ ပျက်နေတာကိုလည်း ပြန်တည့်အောင် အရိုးတွေကို အမျိုးမျိုးကုသပေးရပါတယ်။ ဖြတ်သင့်တဲ့အရိုးကိုဖြတ်၊ တည့်ရမယ့်အရိုးကို တည့်ရပါတယ်။ ခွဲစိတ်မှုက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဆစ်ထိခိုက်မှု၊ အရိုးထိခိုက်မှုတွေပေါ် မူတည်ပြီး ခွဲစိတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီရောဂါကို ခွဲစိတ်မှုက လူနာအခြေအနေ၊ အလုပ်အကိုင်၊ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ရဲ့ အားသာမှု စတာတွေအပေါ်မှာ မူတည်ပြီးတော့ ခွဲစိတ်မှုတွေ လုပ်ပေးပါတယ်။ ခွဲစိတ်ပြီဆိုရင် ခြေထောက်ကို ခြောက်ပတ်လောက် မလှုပ်ရှားစေဖို့ ကျောက်ပတ်တီးစည်းထားသင့်ရင် စည်းပေးထားရပါတယ်။ ခွဲစိတ်ထားတာတွေ ပုံမှန်ဖြစ်အောင် စောင့်ရတဲ့အချိန်ကတော့ ကြာနိုင်ပါတယ်။ တစ်ခါခွဲစိတ်ပြီးရင်တော့ ပြန်ဖြစ်နိုင်ဖို့ကတော့ နည်းသွားပါတယ်။ ဒါပေမဲ့ ခုနကပြောခဲ့တဲ့ ရှူးဖိနပ်တွေ၊ ခြေချောင်းနေရာ အရမ်းကျပ်တဲ့ဖိနပ်တွေတော့ လုံးဝမစီးသင့်တော့ပါဘူး။ ခြေထောက်တစ်ဖက်တည်းမှာ ဖြစ်တတ်သလို ခြေထောက်နှစ်ဖက်လုံးမှာလည်း ဖြစ်တတ်ပါတယ်။ နှစ်ဖက်စလုံးမှာ ဖြစ်တယ်ဆိုရင်တော့ ကုသရတာလည်း ပိုခက်ပါတယ်။ အခြေအနေလည်း ပိုဆိုးနိုင်ပါတယ်။ ခွဲပြီးရင် လမ်းမလျှောက်နိုင်တဲ့ အခြေအနေတွေကို လူနာအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲပေါ် မူတည်ပြီး နှစ်ဖက်ပြိုင်ခွဲမလား၊ တစ်ဖက်ပြီးမှ တစ်ဖက်ခွဲမလားဆိုတာ ဆုံးဖြတ်ပါတယ်။

Q. ခြေမဘုထွက်ခြင်းနဲ့ ပတ်သက်ပြီး ဆရာ့အတွေ့အကြုံလေးကိုလည်း ပြောပြပေးပါဦး။

A. အမျိုးသမီးတွေ ဒီလိုဖြစ်တာ ဆရာတွေ့ဖူးပါတယ်။ ဒါပေမဲ့ ဖြစ်တာနည်းပါတယ်။ ပြီးတော့ ခွဲစိတ်ရလောက်အောင် ဆိုးဝါးတာတော့မရှိပါဘူး။ အမျိုးသမီးတွေစီးတဲ့ ရှူးဖိနပ်ထိပ်ပိုင်းက ပိုကျပ်တတ်တာကြောင့် ပိုအဖြစ်များတာ ဖြစ်ပါတယ်။ ရှူးဖိနပ်မှာ ဒေါက်ပါတာကို စီးကြတဲ့အတွက် ဖိအားက ခြေချောင်းတွေအပေါ်မှာ များသွားပါတယ်။

Most Popular

Healthy Life Ad
To Top