Healthy Life Ad
Health Tips

ကိုရိုနာဗိုင်းရပ်စ်နဲ့ စိတ်ကျန်းမာရေး

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) အငြိမ်းစား၊

ပြည်သူလူထုအတွင်း ကူးစက်ရောဂါ ပျံ့နှံ့လာတဲ့အချိန်ကာလမှာ ရက်ကွက်လူတွေထဲမှာ စိတ်အနှောင့်အယှက် ဖြစ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံထုတ် Psychiatric Time ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ အိပ်မပျော်ခြင်း၊ စိတ်မကျေမနပ်ဖြစ်နေခြင်း၊ စိုးရိမ်သောကများခြင်း၊ ရောဂါကူးစက်မှာကို ကြောက်ရွံ့ထိတ်လန့်နေခြင်း၊ စိတ်တိုလွယ်ခြင်း စတဲ့ ဖိစီးမှုလက္ခဏာ ခံစားရသူအများအပြား တွေ့ရှိလာနိုင်တယ်။

အရက်သောက်တတ်သူက အရက်ပိုမိုသောက်သုံးပြီး ဆေးလိပ်သောက်တတ်သူက ဆေးလိပ်သောက်နှုန်း များပြားလာတတ်တယ်။ လုပ်သင့်လုပ်ထိုက်တာကို ဆင်ခြင်စဉ်းစားပြီး လက်တွေ့လုပ်ကိုင်ခြင်း (Common Sense) အားနည်းလာကြတယ်။ ကြောက်ရွံ့ထိတ်လန့်စိတ်ကြောင့် တဇွတ်ထိုး ပြုမူတတ်ကြတယ်လို့ ဆောင်းပါးရှင် ဒေါက်တာမိုဂန်စတိုင်း (Psychiatric Times 3-03-2020) က ဖော်ပြထားပါတယ်။ အရင်တစ်ပတ်က သြစတြေးလျနိုင်ငံမှာ လူတွေထဲ အထိတ်တလန့်ဖြစ်ပွားမှု (Mass Hysteria) ဖြစ်ပွားခဲ့တယ်။

အိမ်သုံးပစ္စည်းတွေ ပြတ်လပ်သွားလိမ့်မယ်လို့ ကောလာဟလသတင်းကြောင့် ကုန်တိုက်စတိုးဆိုင်မှာ အလုအယက်ဝယ်ယူကြတာ၊ အိမ်သာသုံးစက္ကူလိပ်တွေ ပြောင်တလင်းခါသွားတယ်။ နောက်ဆုံးကျန်တဲ့ အိမ်သာသုံးစက္ကူလိပ်ကို အလုအယက်ဖြစ်ပြီး အိမ်ရှင်မနှစ်ဦး အချင်းချင်းထုရိုက်နေတဲ့ ဗီဒီယိုကိုလည်း တွေ့မြင်လိုက်ရပါတယ်။ အိမ်သာသုံးစက္ကူလိပ်က တရုတ်ပြည်ကသာ မှာယူတင်သွင်းတာ မဟုတ်ပါဘူး။ သြစတြေးလျနိုင်ငံထဲမှာ အိမ်သာသုံးစက္ကူလိပ်ထုတ်လုပ်တဲ့ စက်ရုံသုံးရုံရှိပါတယ်လို့ သတင်းမီဒီယာမှာ ဖျောင်းဖျအားပေးထားတာလည်း ဖတ်ရှုလိုက်ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်ကတော့ COVID-19က ကမ္ဘာမှာပျံ့နှံ့လာတဲ့ ကပ်ရောဂါဖြစ်နေပြီ။ ဒါကြောင့် နိုင်ငံတိုင်းနဲ့ လူတိုင်း လိုက်နာဆောင်ရွက်သင့်တဲ့ လုပ်ငန်း ”P” ငါးမျိုးရှိတယ်လို့ ညွှန်ပြထားပါတယ်။

Prevention- ရောဂါကူးစက်ပြန့်ပွားမှု မရှိအောင်၊ ဒါမှမဟုတ် လျော့နည်းအောင် ဆောင်ရွက်ခြင်း။

Preparedness- ကြိုတင်ပြင်ဆင်ခြင်း၊ ရောဂါကာကွယ်ရေးနဲ့ ကုသရေးအတွက် လိုအပ်မယ့် ပစ္စည်းအင်အား၊ လူအင်အားတွေ အဆင်သင့်ရှိနေအောင် ကြိုတင်စီမံခန့်ခွဲခြင်း၊ ရောဂါပြန့်ပွားလို့ နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်တဲ့ လူမှုရေးအခက်အခဲနဲ့ စီးပွားရေးကျဆင်းမှုများကို ခုခံဖြေရှင်းပေးဖို့ စီမံချက်ရေးဆွဲခြင်း။

Public Health- လူထုကျန်းမာရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါ ကာကွယ်ကုသမှုအတွက် သီးခြားအစီအစဉ်များ ဖြည့်စွက်ဆောင်ရွက်ခြင်း။

Political Leadership- နိုင်ငံတော်အစိုးရနဲ့ နိုင်ငံရေးပါတီအားလုံး ပူးပေါင်းခေါင်းဆောင်မှုပေးခြင်း။

People- ရပ်ကွက်ထဲမှာ မှန်ကန်တိကျတဲ့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ လူတိုင်းလူတိုင်းက အသိစိတ်ဓာတ်နဲ့ (ရောဂါကာကွယ်ဖို့၊ မိမိရောဂါခံစားနေရရင်လည်း တခြားသူကို မကူးစက်စေဖို့) ပါဝင်ကူညီခြင်းတို့ ဖြစ်ပါတယ်။

COVID-19 ရောဂါ ရရှိလာမှာကို အလွန်အမင်း စိုးရိမ်ပူပင်နေသူတွေအတွက် Psychiatric Time ဂျာနယ် ဆောင်းပါးရှင်ရဲ့ အကြံဉာဏ်တချို့ကို လက်ဆင့်ကမ်းလိုက်မယ်။

(က) COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု လျော့နည်းအောင် ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာဆောင်ရွက်ပါ။ အဲဒီလိုအနေအထိုင် ပြုပြင်ပြီးရင် လုပ်သင့်လုပ်ထိုက်တာကို ပြုမူဆောင်ရွက်ပြီးပြီဖြစ်လို့ စိတ်အေးအေးထားရမယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ပြီးပြီဖြစ်လို့ ဖြစ်လာမယ့် အဆိုးကို လက်ခံနိုင်အောင် စိတ်ဓာတ်မွေးရမယ်။ COVID-19 ရောဂါရရှိလာတောင်မှ ၈၀ ရာခိုင်နှုန်းကျော်က ရောဂါမပြင်းထန်ဘူး၊ ဆေးရုံတက်စရာမလိုဘူး၊ ဆေးရုံတက်ကုသဖို့လိုတဲ့ လူနာအများစုကလည်း ရက်သတ္တပတ်တစ်ပတ်-နှစ်ပတ်အတွင်း ရောဂါသက်သာပျောက်ကင်းသွားပါတယ်။ အသက်အရွယ်အိုမင်းသူ၊ နာတာရှည်ရောဂါတစ်ခုခုကြောင့် ကိုယ်ခံအားကျဆင်းသူ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါရှိသူတွေမှာသာ အသက်အန္တရာယ် ရှိနိုင်တာကို တွေ့ရှိရတယ်။ ဒါကြောင့် ဓမ္မဓိဋ္ဌာန်ကျကျသာ စိုးရိမ်ပူပင်ကြဖို့ ဆောင်းပါးရှင်က တိုက်တွန်းထားပါတယ်။

(ခ) COVID-19 ရောဂါ ကူးစက်ပြန့်ပွားလာရင် မိသားစုအတွင်း လူမှုရေးအခက်အခဲပြဿနာ ပေါ်ပေါက်လာနိုင်ပါတယ်။ အနေအထိုင်အသွားအလာ ကျပ်တည်းလာခြင်း၊ အလုပ်အကိုင်ပျက်ခြင်း၊ ဝင်ငွေလျော့နည်းခြင်း စတဲ့ ဖိစီးမှုများနဲ့ ရင်ဆိုင်လာရဖို့ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ပူပင်သောကစိတ် ပွားများနေမယ့်အစား ပြဿနာဖြေရှင်းနည်း (Problem Solving Method) ကို အသုံးပြုဖို့ ဆောင်းပါးရှင်က တိုက်တွန်းထားပါတယ်။ ”အခက်အခဲ ပြဿနာကို တိတိကျကျသတ်မှတ်၊ ပြဿနာဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတွေကို လေ့လာဆန်းစစ်၊ ဖြေရှင်းနိုင်တဲ့ နည်းလမ်းမျိုးစုံကို ဆင်ခြင်စဉ်းစား၊ ပြီးရင် လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အကောင်းဆုံး ဖြေရှင်းနည်းကို ရွေးချယ်ဆုံးဖြတ်၊ ဆုံးဖြတ်ချက်အတိုင်း မိသားစုဝင်တိုင်း လိုက်နာဆောင်ရွက်”အဲဒါ ပြဿနာဖြေရှင်းနည်းပရိယာယ်ပါ။

ပြဿနာဖြေရှင်းနည်းကို အသုံးပြုရင် စိုးရိမ်ပူပင်စိတ်လွန်ကဲမှုကို ကာကွယ်နိုင်တယ်၊ လျော့နည်းစေနိုင်တယ်လို့ ဆောင်းပါးရှင်က အကြံဉာဏ်ပေးထားပါတယ်”ရပ်ကွက်ထဲမှာ အထိတ်တလန့်ဖြစ်စရာ အကြောင်းပေါ်ပေါက်လာရင် နဂိုက စိုးရိမ်စိတ်ကြီးသူတွေထဲမှာ ကြောက်စိတ်လွန်ကဲမှု ပိုမိုဖြစ်ပွားပါတယ်။ ဒါကြောင့် စိုးရိမ်ပူပင်စိတ်များသူတိုင်း အသုံးပြုနိုင်တဲ့ ကိုယ်ထူကိုယ်ထ စိုးရိမ်စိတ် ထိန်းချုပ်ပြုပြင်နည်း ၁၀ မျိုးကို ဖောက်သယ်ချလိုက်မယ်။

(Beyondblue.org.au)

(၁) အသိစိတ်နဲ့ ထိန်းချုပ်ပြီး နှေးနှေးအသက်ရှူရှိုက်ပါ။ ဝင်သက် ၃ စက္ကန့်၊ ထွက်သက် ၃ စက္ကန့်နှုန်းနဲ့ အသက်ရှူခြင်း ဖြစ်ပါတယ်။ လတ်တလော ခံစားနေရတဲ့ စိုးရိမ်စိတ် ကြောက်စိတ်ကို လျော့နည်းစေပါတယ်။

(၂) ကြွက်သားဖြေလျှော့နည်းကို အသုံးပြုပါ။ ဦးခေါင်းကနေ ခြေထောက်အထိ တစ်ကိုယ်လုံး ကြွက်သားတွေကို ၃ စက္ကန့်ကြာအောင် တင်းကျပ်ထားပါ။ ပြီးရင် အလျင်အမြန် ဖြေလျှော့ချလိုက်ပါ။ တစ်ကိုယ်လုံး အကြောအခြင်တွေ ပြေလျော့သွားသလို ခံစားရလိမ့်မယ်။ ကြွက်သားပြေလျော့သွားရင် စိုးရိမ်စိတ်လည်း အလိုအလျောက် လျော့နည်းသွားတာ တွေ့ရမယ်။

(၃) လက်ရှိအလုပ်မှာသာ အာရုံပြုလုပ်ကိုင်ဆောင်ရွက်ပါ။ ဖြစ်မလာသေးတဲ့ ဒုက္ခတွေကို ကြိုတင်စဉ်းစား ပူပင်နေမယ့်အစား အခုလက်ငင်းအချိန်မှာ ပြုလုပ်စရာကိစ္စတွေကိုသာ အလေးထားလုပ်ကိုင်တတ်တဲ့ အကျင့်ရရှိဖို့ ပြောတာပါ။ တရားထိုင်ခြင်းအားဖြင့် တဒင်္ဂကိစ္စမှာသာ အာရုံပြုနိုင်တဲ့ စိတ်စွမ်းရည်တိုးပွားလာနိုင်တယ်လို့ Beyond Blue အဖွဲ့က ထောက်ခံထားတာပါ။

(၄) စိတ်ကျန်းမာရေးကို အကျိုးပြုတဲ့ နေထိုင်မှုပုံစံကို အားပေးပါ။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း၊ ဝါသနာပါတဲ့ ကိစ္စတွေမှာ လှုပ်ရှားဆောင်ရွက်ခြင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းတို့ကို အားပေးပါ။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ စသဖြင့်ပေါ့။

(၅) အရဲစွန့်ပြုမူလုပ်ကိုင်ကြည့်ခြင်း၊ စိုးရိမ်စိတ် ကြောက်စိတ်ကြောင့် မလုပ်ရဲမကိုင်ရဲဖြစ်နေတဲ့ ကိစ္စတွေကို အနည်းငယ် ထိတွေ့စမ်းသပ်လုပ်ကိုင်ကြည့်ခြင်း ဖြစ်ပါတယ်။ ကြောက်စိတ်ရိုးသွားအောင် ရင်ဆိုင်ထိတွေ့စေခြင်းပါ။ (COVID-19 ရောဂါ ကူးစက်နေချိန်မှာတော့ ရောဂါကူးစက်မှု ဖြစ်ပေါ်စေတဲ့ အပြုအမူတွေကို ရှောင်ကြဉ်ရမှာပါ)။

(၆) ကိုယ့်အတွေးကို ကိုယ်တိုင်ပြန်လည် စိန်ခေါ်ကြည့်ပါ။ စိုးရိမ်စိတ်လွန်ကဲသူက ဘေးအန္တရာယ်ကို ပုံကြီးချဲ့ပြီး တွေးတောတတ်တဲ့ အကျင့်ရှိပါတယ်။ အဲဒီလိုအတွေးမျိုးက ကိုယ်တိုင်တွေးတော စဉ်းစားတာမဟုတ်ဘဲ အလိုအလျောက် စိတ်ကူးထဲမှာ ပေါ်ပေါက်လာတတ်တဲ့ သဘောရှိပါတယ်။ ယုတ္တိမတန်တဲ့အတွေး၊ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အတွေးမျိုးတွေ ဖြစ်ပါတယ်။ အဲဒီလို အတွေးမျိုး ပေါ်ပေါက်လာရင် အသိစိတ်နဲ့ ဖမ်းယူပြီး အခြေအတင် စိန်ခေါ်ရမယ်။ စိတ်ထဲမှာ စကားရည်လုပွဲလုပ်ရမယ်။ အတွေးအခေါ် ပြောင်းလဲပေးတဲ့ ကုထုံးကို ကိုယ်တိုင်လေ့ကျင့်နိုင်တယ်လို့ ပြောတာပါ။

(၇) စိုးရိမ်ပူပန်ဖို့ အချိန်သတ်မှတ်ပေးပါ။ စိုးရိမ်စိတ်ကို လုံးလုံးလျားလျား ဖျောက်ဖျက်ပစ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့ ၁၀ မိနစ်-၁၅ မိနစ်လောက် အချိန်ပေးပြီး အဲဒီအချိန်အတွင်းမှာ စိုးရိမ်သောကတွေကို သိမ်းကြုံးစဉ်းစား ခံစားလိုက်ဖို့ အကြံပေးထားတယ်။ အဲဒီလိုလေ့ကျင့်ရင် ကျန်တဲ့အချိန်တွေမှာ စိုးရိမ်စိတ်က လွှမ်းမိုးနိုင်အား လျော့နည်းသွားနိုင်တယ်။

(၈) မိမိရဲ့ စိုးရိမ်ပူပင်စိတ်ကို သိရှိအောင် လေ့လာပါ။ စိုးရိမ်စိတ် အခြေအနေပြ နေ့စဉ်မှတ်တမ်း ရေးခိုင်းတာ ဖြစ်ပါတယ်။ စိုးရိမ်စိတ် အဆိုးရွားဆုံးအချိန်၊ စိုးရိမ်စိတ်နည်းပါးနေတဲ့ အချိန်ကို မှတ်တမ်းတင်ထားရတယ်။ အဲဒီ နေ့စဉ်မှတ်တမ်းဇယားကို ပြန်လည်လေ့လာရင် စိုးရိမ်စိတ်ဖြစ်ပွားမှုပုံစံကို သိရှိလာလိမ့်မယ်။ စိုးရိမ်စိတ်ဖြစ်ပွားမယ့် အခြေအနေနဲ့ အချိန်အခါကို သိရှိရင် ကြိုတင်ကာကွယ်နိုင်တယ်။

(၉) နမူနာယူအတုခိုးပါ။ စိုးရိမ်ပူပင်စိတ်များတဲ့ တခြားသူတွေ အသုံးပြုတဲ့ နည်းလမ်းကောင်းတွေကို မေးမြန်းကြည့်ပါ။ တိုင်ပင်ဆွေးနွေးကြည့်ပါ။ အတုမြင် အတတ်သင်ကြည့်ပါ။

(၁၀) မိမိကိုယ်မိမိ အားပေးပါ။ လူထုထဲမှာ စိုးရိမ်ပူပင်စိတ် လွန်ကဲရောဂါ ဖြစ်ပွားမှုနှုန်းက ၃ မှ ၈ ရာခိုင်နှုန်းအထိရှိတယ်။ ငါတစ်ယောက်တည်းမှာသာ ဖြစ်တဲ့ ရောဂါမဟုတ်ဘူး။ စိုးရိမ်ပူပင်စိတ်ရောဂါ ခံစားရတာက ငါပျော့ညံ့လို့ မဟုတ်ဘူး စသဖြင့် မိမိကိုယ်မိမိ အမြင်သစ်နဲ့ သုံးသပ်ကြည့်ပါ၊ အားပေးပါလို့ Beyondblue.org.au ထုတ် Strategies စာတမ်းမှာ ဖော်ပြထားပါတယ်။

Most Popular

Healthy Life Ad
To Top