Healthy Life Ad
Q & A

မျက်စိထဲမှ ဘာကြောင့်သွေးထွက်ရတာလဲ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. မျက်စိထဲက ဘာကြောင့်သွေးထွက်ရတတ်ပါသလဲ ဆရာ။

A. သွေးထွက်တယ်ဆိုတာ ယေဘုယျအားဖြင့်ပြောရရင် သွေးကြောတစ်ခုကပေါက်သွားလို့ သွေးထွက်တဲ့အခြေအနေပါ။ သွေးထွက်တာက ဒဏ်ရာရလို့ ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် မျက်ခွံမှာလည်း သွေးခဲတွေဖြစ်နိုင်တယ်။ မျက်မြှေးမှာလည်း သွေးထွက်တာ (Sub-conjunctival Haemorrahage) အခြေအနေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် လူထုက သိပ်ကြောက်ပါတယ်။ ကာယကံရှင်ကတော့ သတိမထားမိပါဘူး၊ မျက်စိက ကျိန်းလည်းမကျိန်းဘူး၊ အမြင်လည်းမဆိုးဘူး၊ ဒါပေမဲ့ မျက်စိကနီရဲနေတော့ ဘေးနားကလူတွေက သတိထားမိပြီး ဆေးရုံကို ရောက်လာတတ်ပါတယ်။ ဒီအခါမှာ ဆရာတို့က လူနာကိုရှင်းပြရတယ်။ “ဘာမှကြောက်စရာမလိုဘူး၊ ဆေးမထည့်ဘဲတောင် သူ့အလိုလို ပြန်ကောင်းသွားနိုင်တယ်”လို့ ပြောပြရပါတယ်။

ဖြစ်တဲ့အကြောင်းရင်းက လူနာက မျက်စိထိခိုက်ဒဏ်ရာ ရတာကြောင့်လည်း ဖြစ်နိုင်သလို ကြက်ညှာချောင်းဆိုးဖြစ်တာလိုမျိုး ချောင်းတဟွပ်ဟွပ်နဲ့ တအားဆိုးတာကြောင့် သွေးကြောတွေပေါ် ဖိအားသက်ရောက်ပြီး မျက်မြှေးသွေးထွက်တာ ဖြစ်တတ်ပါတယ်။ ဒါက ကလေးတွေမှာ တွေ့ရများတာပါ။ လူကြီးတွေမှာ အတွေ့များတာက ချောင်းတအားမဆိုးဘူး၊ ထိခိုက်ဒဏ်ရာလည်းမရဘူး၊ ဒါပေမဲ့ ဝမ်းသွားတဲ့အခါ တအားညှစ်သွားတာကြောင့် ဖြစ်တတ်ပါတယ်။ လူနာကို ဓာတ်မီးတစ်ချက်ထိုးပြီးကြည့်ရင်း ဘာမှမဖြစ်ပါဘူးလို့ပြောရင် သိပ်မကျေနပ်ချင်ဘူး။ အဲဒီအခါ လူနာကို အချိန်ပေးပြီး ဘာမှစိုးရိမ်စရာမလိုဘူးဆိုတာ သေချာရှင်းပြရတယ်။ တစ်ခါတလေကျရင် လူနာက ထိခိုက်ဒဏ်ရာလည်းမရဘူး၊ ချောင်းလည်းမဆိုးဘူး၊ ဝမ်းလည်းမချုပ်ဘူး ..ဒါပေမဲ့ မျက်မြှေးက သွေးထွက်နေတယ် .. အဲဒီလိုအကြောင်းရင်းမရှိဘဲလည်း ဖြစ်ချင်ဖြစ်တတ်ပါတယ်။ Haemophilia တို့လို သွေးထွက်ခြင်းဆိုင်ရာ ဝေဒနာ(Bleeding Tendency Disorder)ရှိတဲ့သူတွေမှာလည်း ဖြစ်နိုင်ခြေများတယ်။ ဒီလူနာတွေကတော့ သူ့တို့ဘာသာ ဒီလိုဖြစ်တတ်မှန်းသိတော့ သိပ်မစိုးရိမ်ကြပါဘူး။

Q. မျက်စိသွေးထွက်တာက မျက်ကြည်လွှာနဲ့ကော ဆက်စပ်မှုရှိပါသလဲ ဆရာ။

A. မျက်ကြည်လွှာမှာတော့ သွေးကြောမရှိတော့ သိပ်စိုးရိမ်စရာမရှိဘူး။ ဒါပေမဲ့ တစ်ခါတလေ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်ရင် Limbus သွေးကြောလေးတွေကပေါက်ပြီး မျက်ကြည်လွှာကို ရောက်လာတတ်တယ်။ အများအားဖြင့် ဖြစ်တတ်တာက မျက်ကြည်လွှာနဲ့ Iris ကြားက နေရာလွတ်မှာ သွေးခဲတွေနဲ့ ပြည့်နေတတ်တယ်။ ဒါကို Hyphema လို့ခေါ်ပါတယ်။ ဒီံ Hyphema ကလည်း Iris က လာတာများပါတယ်။ သူငယ်အိမ်က သွေးကြောအများဆုံးရှိတဲ့ အစိတ်အပိုင်းဖြစ်လို့ပါ။ ဒီလိုဖြစ်တဲ့ အခြေအနေကိုလည်း စောင့်ကြည့်ရပါတယ်။ တကယ်လို့ သူ့ဘာသာ ပျောက်မသွားရင် Anterior Chamber Washout (ACWO) Hyphema နည်းနဲ့ ဆေးထုတ်ရပါတယ်။ ဒါပေမဲ့ Iris ရဲ့ ဘယ်သွေးကြောတွေမှာ ပေါက်နေလဲဆိုတာကိုရှာပြီး ဘာကြောင့်ပေါက်လဲဆိုတဲ့ အကြောင်းရင်းကို ရှာရပါတယ်။ အများအားဖြင့် Iris ပေါက်တာက ဆီးချိုသွေးချိုရောဂါကြောင့် Iris မှာ သွေးကြောအသစ်တွေဖြစ်ပြီး ပေါက်တတ်တယ်။ နံပါတ်နှစ်က အကျိတ်ကြောင့် သွေးကြောအသစ်တွေ ဖြစ်ပေါ်ပြီး ပေါက်တာပါ။ အရင်ဆုံးဖြစ်တဲ့ အကြောင်းရင်းကို ကုရပါတယ်။

မှန်ဘီလူး(Lens)နဲ့ မျက်စိအာရုံခံလွှာ (Retina) ကြားမှာရှိတဲ့ Space ကို Vitreous လို့ ခေါ်ပါတယ်။ အဲဒီ Vitreous Haemorrage ဖြစ်ပြီဆိုရင် လူနာက ရုတ်တရက် ဘာမှမမြင်တော့ဘူး။ မှုန်သွားတယ်။ အဲဒါက မျက်စိအာရုံခံလွှာ သွေးကြောတွေနေလာတာပါ။ ဒီလိုဖြစ်တာက အဓိကအားဖြင့် ဆီးချိုရောဂါကြောင့်ပါ။ ဆီးချိုရောဂါကြောင့်မဟုတ်ဘဲ တခြားအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို ခြောက်လလောက်အထိ စောင့်ကြည့်ပါတယ်။ မပျောက်ဘူးဆိုရင် Vitrectomy နည်းနဲ့ သွေးကိုစုပ်ထုတ်ရပါတယ်။ ပြီးရင်တော့ လေဆာနည်းနဲ့ ကုသရပါတယ်။

Q. မျက်စိထဲက သွေးထွက်တာဟာ စိုးရိမ်ရပါသလား ဆရာ။

A. မျက်စိထဲက သွေးထွက်လာပြီဆိုရင် ဒါကစိုးရိမ်ရတဲ့ အခြေအနေတွေရှိသလို မစိုးရိမ်ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ မျက်စိထဲက သွေးထွက်ပြီဆိုတာနဲ့ မျက်စိအထူးကု ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ဒါမှသာ မျက်စိထဲက သွေးထွက်ရတဲ့ အကြောင်းရင်းကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ မျက်မြှေးကနေ သွေးထွက်တာကြောင့်ဆိုရင် ဘာမှစိုးရိမ်စရာ မရှိဘူးလို့ ပြောတဲ့အခါ စိတ်ပေါ့ပေါ့ပါးပါး နေလို့ရပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ အခြေခံအကြောင်းရင်းကို ဆက်ရှာပြီး လိုအပ်သလို ကုသမှုခံယူသင့်ပါတယ်။ ဒီအခြေအနေအတွက် လူနာက ဖြစ်ဖြစ်ချင်း ဘာမှလုပ်ဖို့ သိပ်မရှိပါဘူး။ မျက်စဉ်းဆေးလည်း မရှိပါဘူး။ သောက်ချင်တယ်ဆိုရင် သွေးတိတ်စေတဲ့ အာနိသင်ရှိတဲ့ ဗီတာမင် ကေနဲ့စီကို သောက်လို့ရပါတယ်။ ဒါပေမဲ့ ဆရာတို့အတွေ့အကြုံအရတော့ ဒီ ဆေးတွေကလည်း မျက်စိသွေးထွက်တဲ့ အခြေအနေအတွက် သိပ်ပြီးထိရောက်မှု မရှိပါဘူး။ မျက်စိထဲက သွေးထွက်လာပြီဆိုရင် ဒါကစိုးရိမ်ရတဲ့ အခြေအနေတွေရှိသလို မစိုးရိမ်ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ မျက်စိထဲက သွေးထွက်ပြီဆိုတာနဲ့ မျက်စိအထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ဒါမှသာ မျက်စိထဲက သွေးထွက်ရတဲ့ အကြောင်းရင်းကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top