Healthy Life Ad
Q & A

ခြေဖဝါးမခွက်ဘဲ ပြားနေခြင်း

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. တစ်နှစ်အရွယ်ကလေးက သာမန်လူတွေလို ခြေဖဝါးမခွက်ဘဲ ပြားနေပါတယ်။ အဲဒီလို ခြေဖဝါးမခွက်တာက စိုးရိမ်ရပါသလား ဆရာ။
မနီ၊ သာကေတ။

A. သာမန်ခြေဖဝါးတွေက လမ်းလျှောက်တဲ့အခါမှာ ခြေထောက်ကိုဖိလိုက်တဲ့အရှိန်နဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်ဖို့အတွက် ခြေဖဝါးကအလယ်နေရာကချိုင့်ပြီး နည်းနည်းခုံးနေတာ ဖြစ်ပါတယ်။ ခုံးနေတော့ နင်းလိုက်တဲ့အခါမှာ အိသွားပြီး ကားတွေမှာပါတဲ့ ရှော့ဘားတွေလို ထိန်းထားပေးပါတယ်။ အရိုးတွေရဲ့ တည်ဆောက်မှုမှာလည်း ကြွက်သားတွေလည်းရှိတယ်။ အရွတ်တွေကလည်း အရိုးတွေကို ဆွဲထားပေးတယ်။ အဲ့ဒီအရာတွေက ထိန်းပေးထားပါတယ်။ အဲဒီလိုမဖြစ်ဘဲ ခြေဖဝါးပြားနေတာကို Flat Foot လို့ခေါ်ပါတယ်။ လူကြီးတွေမှာလည်း ခြေဖဝါးအပြားလိုက်ကြီးဖြစ်နေတဲ့ သူတွေရှိပါတယ်။ အဲဒီလိုဖြစ်တဲ့သူတွေက လမ်းများများလျှောက်လို့ မရပါဘူး။ ကလေးငယ်လေးတွေမှာ အသက်တစ်နှစ်၊ နှစ်နှစ်အရွယ် အရမ်းငယ်သေးတဲ့အချိန်မှာ အရေပြားအောက်မှာရှိတဲ့ အဆီကလည်း ထူနေသေးပါတယ်။ ကလေးတွေမှာ အများအားဖြင့် ခြေဖဝါးက ပြားနေသလိုဖြစ်နေတတ်ပါတယ်။ များသောအားဖြင့်တော့ အရွယ်လေးကြီးလာရင် ပျောက်သွားတာပါပဲ။ စိုးရိပ်စရာသိပ်မရှိပါဘူး။ ဖွံ့ဖြိုးလာရင် ပုံမှန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ အဖေ၊ အမေတွေက ခြေဖဝါးပြားနေတယ်ဆိုရင်တော့ မျိုးရိုးလိုက်တတ်ပါတယ်။ တခြားဆိုးကျိုးတော့မရှိပါဘူး။ ခြေထောက်က များများလျှောက်ရင် နာလာတာပဲ ဖြစ်တတ်တာပါ။ အသက်ငယ်တုန်းမှာတော့ မနာနိုင်ပါဘူး။ အသက်တွေကြီးလာမှသာ ဖြစ်လာနိုင်တာပါ။ သိပ်ဆိုးရင်တော့ ခွဲစိတ်ပြီး ပြုပြင်မှုလုပ်ပေးရပါတယ်။

Most Popular

Healthy Life Ad
To Top