Healthy Life Ad
Q & A

၀ူဟန်ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် ဖြစ်တတ်သည့် အဆုတ်ရောင်ရောဂါဆိုသည်မှာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ဘယ်လိုလူတွေက ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါဖြစ်နိုင်ခြေ ပိုများပါသလဲ ဆရာ။

A. ဝူဟန်ကိုရိုနာဗိုင်းရပ်စ် (COVID-19)က အသက်ရှူလမ်းကြောင်းက ဝင်လာတဲ့အတွက် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ နေရာယူတယ်၊ ပြီးရင်ပွားတယ်၊ ဗိုင်းရပ်စ်တစ်ကောင်တည်း ဝင်လာလို့ကတော့ ရောဂါလက္ခဏာ ပေါ်မှာမဟုတ်ပါဘူး။ ရောဂါလက္ခဏာပေါ်ရတာက အဲဒီဗိုင်းရပ်စ်က ရောက်ပြီးတာနဲ့ သန်းနဲ့ချီ ပွားပစ်လိုက်တယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်ကလာတိုက်တယ်။ လာတိုက်တဲ့အခါ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ရောင်ရမ်းတာတွေဖြစ်တယ်။ အဲဒီအခါ ကိုယ်ခံအားစနစ်က ကောင်းမွန်သန်စွမ်းတယ်ဆိုရင် အဲဒီလက္ခဏာလေးတွေနဲ့ပဲ သက်သာသွားပါတယ်။ အဲဒီဗိုင်းရပ်စ်တွေကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အပြီးတိုင် အမြစ်ပြတ်ပျောက်ကင်းအောင် တိုက်ထုတ်နိုင်သွားတယ်။ ကိုယ်ခံစနစ်အားနည်းတဲ့သူတွေမှာတော့ အသက်ရှူလမ်းကြောင်းအမြှေးပါးကတစ်ဆင့် အောက်ကိုဝင်သွားပြီး အဆုတ်ထဲရောက်တယ်။

အဲဒီအခါ အဆုတ်ရောင်လက္ခဏာတွေ ဖြစ်ပေါ်စေပါတယ်။ ဘယ်လိုလူတွေမှာ အဆုတ်ရောင်လက္ခဏာတွေ ဖြစ်စေသလဲဆိုတော့-

(၁) ကိုယ်ခံအားစနစ် အားနည်းသူများ

ကင်ဆာရောဂါဝေဒနာသည်တွေ၊ ကင်ဆာဆေးသွင်းကုသမှု ခံယူနေသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ HIV-AIDS ကုသဆေးသောက်နေသူတွေက ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေထဲမှာ ပါဝင်ပါတယ်။ ဒီထဲမှာ ကလေးသူငယ်၊ အသက်ကြီးသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်နေပါတယ်။ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူတွေကို ကြည့်လိုက်ရင် အများစုက အသက်ကြီးသူတွေနဲ့ နာတာရှည်ရောဂါရှိသူတွေဖြစ်ပြီး သူတို့က အဆုတ်ရောင်ရမ်းရာက အသက်အန္တရာယ်ထိခိုက်ရတာ ဖြစ်ပါတယ်။

(၂) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ

ရင်ကျပ်ပန်းနာ၊ နာတာရှည်အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းတဲ့ရောဂါ (COPD)၊ တီဘီရောဂါ စတဲ့ ရောဂါအခံရှိသူတွေမှာ အဆုတ်ကနဂိုကတည်းက မကောင်းတဲ့အတွက် အပြင်ကနေ ရောဂါပိုးဝင်လာချိန်မှာ အဆုတ်ရောင်ရမ်းမှုဖြစ်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

(၃) ဆေးလိပ်သောက်သူများ

ဆေးလိပ်သောက်သူတွေက အသက်ရှူလမ်းကြောင်းနံရံတွေ ပွန်းပဲ့နေတာကြောင့် ဗိုင်းရပ်စ်ပိုးက အဆုတ်ထဲရောက်ရှိပြီး အဆုတ်ရောင်လက္ခဏာတွေ ပိုဖြစ်နိုင်ပါတယ်။

Q. ဝူဟန်ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကြောင့် အဆုတ်ရောင်ရောဂါ ဘာလို့ဖြစ်ရတာပါလဲ ဆရာ။

A. ဝူဟန်ဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို တွယ်ကပ်ရာကတစ်ဆင့် အသက်ရှူလမ်းကြောင်း အောက်ပိုင်းထဲရောက်ရာက အဆုတ်ရောင်တဲ့အထိ ဖြစ်ရတာပါ။ ဝင်လာတဲ့ဗိုင်းရပ်စ်ကလည်း အခုဆိုစတွေ့တာ၂ လကျော်ကြာလာချိန်မှာ Mutation လို့ခေါ်တဲ့ အပြောင်းအလဲလေးတွေဖြစ်တယ်။ ဝူဟန်မှာဖြစ်တဲ့ပိုးထက်စာရင် အီတလီမှာပျံ့နေတဲ့ပိုးက အပြောင်းအလဲဖြစ်ပြီး ပိုပြင်းထန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေ ဖြစ်တယ်လို့ တချို့တွေက ယူဆနေကြတာရှိတယ်။ အဆုတ်ထဲရောက်တဲ့ ပိုးအမျိုးအစားက ပြင်းထန်မှုမရှိတဲ့ ပိုးအမျိုးအစားဆိုရင် အဆုတ်ရောင်နှုန်းနည်းမယ်။ အဲဒီလိုမဟုတ်ဘဲ မျိုးကွဲသွားပြီး ပိုပြင်းထန်တဲ့အမျိုးအစားဝင်ရင် တစ်ခါတည်းအဆုတ်ထဲဝင်ပြီး အဆုတ်ရောင်ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

ဗိုင်းရပ်စ်ပိုးက အဆုတ်ထဲကလေပြွန်နဲ့ လေအိတ်လေးတွေကြားနေရာမှာသွားတဲ့အခါ ကိုယ်ခံစနစ်က တိုက်ခိုက်တယ်။ အဲဒီလိုတိုက်ခိုက်တဲ့အခါ အချွဲမြှေးပါးအရည်၊ သားငံရည်ထွက်လာမယ်။ အဲဒီအခါ အောက်ဆီဂျင်-ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အလဲအလှယ်လုပ်ရာမှာ အရည်တွေခံနေတဲ့အတွက် အလဲအလှယ် ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘူး။ အဲဒီအခါ အောက်ဆီဂျင်ပမာဏကလာမယ်၊ အသက်ရှူမဝဘူး၊ မောတယ်ဆိုပြီး ဖြစ်လာပါတယ်။ အသက်ကိုအဝရှူပြီး အောင့်ထားလို့ ကြာကြာမအောင့်ထားနိုင်ရင် သွေးထဲမှာ အောက်ဆီဂျင်ကျသွားတဲ့အတွက် မအောင့်ထားနိုင်တာ၊ ဒါဆိုရင် အဆုတ်ရောင်ရမ်းတာ ဖြစ်နိုင်တယ်ဆိုပြီး တချို့ကလည်း ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့ ပြောထားတာရှိတယ်။

ဆရာတို့ဆေးပေးခန်းတွေမှာ Pulse Oxymeter လို့ခေါ်တဲ့ အောက်ဆီဂျင်တိုင်းတဲ့ကိရိယာနဲ့ တိုင်းလိုက်ရင် အောက်ဆီဂျင်ကျနေတာ တွေ့ရမယ်။ ဒါကအဆုတ်ထဲ အောက်ဆီဂျင်-ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အလဲအလှယ်လုပ်ရာမှာ အရည်တွေခံနေတဲ့အတွက် အလဲအလှယ် ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘဲ အဆုတ်ရောင်ရမ်းနေတဲ့ သဘောပဲ။ ဒါက ဝူဟန်ဗိုင်းရပ်စ်မှမဟုတ်ဘူး၊ တခြားဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးဝင်လာချိန် အဆုတ်ရောင်ရမ်းတဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီလိုအဆုတ်ရောင်ရမ်းတဲ့အဆင့် ရောက်သွားရင် လျင်လျင်မြန်မြန်ကုသမှပဲ အသက်ကယ်နိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အဆုတ်ရောင်တဲ့အဆင့်အထိ မရောက်ခင်မှာ ဆေးကုသဖို့ လိုတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သံသယရှိတယ်ဆိုရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားပြကြဖို့ ဆရာ့အနေနဲ့ အကြံပြုလိုပါတယ်။

Q. နမိုးနီးယားကာကွယ်ဆေး (Pneumonia Vaccine) ထိုးထားရင် ဝူဟန်ကြောင့် ဖြစ်လာနိုင်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်နိုင်ပါသလား ဆရာ။

A. နမိုးနီးယားကာကွယ်ဆေးဆိုတာက နမိုးနီးယားအဆုတ်ရောင်တာကို ကာကွယ်တာမဟုတ်ဘူး။ အဆုတ်ရောင်တာကိုဖြစ်စေတဲ့ပိုးကို ကာကွယ်တာပါ။ ဥပမာ-H.Influenza ဗိုင်းရပ်စ်ပိုးက နမိုးနီးယားဖြစ်စေတယ်ဆိုရင် အဲဒီ H.Influenza ကို ကာကွယ်တဲ့ Vaccine ဆိုပြီးရှိတာ။Pneumococci ကာကွယ်ဆေးဆိုရင် Pneumococci ကြောင့်ဖြစ်တဲ့ နမိုးနီးယားကို ကာကွယ်တာပါ။ နမိုးနီးယားကို သီးသန့်ကာကွယ်တဲ့ ကာကွယ်ဆေးမဟုတ်ပါဘူး။ ဒါကြောင့် ဒီကာကွယ်ဆေးထိုးထားရင် တခြားဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပဲဖြစ်ဖြစ်၊ တခြားဗိုင်းရပ်စ်တွေကြောင့် ဖြစ်တာပဲဖြစ်ဖြစ် ကျန်တဲ့နမိုးနီးယား အဆုတ်ရောင်ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ အခုရှိနေတဲ့ နမိုးနီးယားကာကွယ်ဆေးနှစ်မျိုးက H.Influenza နဲ့ Pneumococci ကြောင့်ဖြစ်တဲ့ ပိုးနှစ်မျိုးကြောင့် ဖြစ်လာနိုင်တဲ့ နမိုးနီးယားကိုပဲ ကာကွယ်နိုင်တာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top