Healthy Life Ad
Health Tips

၀ူဟန်ကိုရိုနာဗိုင်းရပ်စ်(Covid-19)နှင့် လူစုလူဝေးပြဿနာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. လူစုဝေးတာကြောင့် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်ပါသလဲ ဆရာ။

A. ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နဲ့ လူစုလူဝေးပြဿနာအကြောင်းပြောရရင် ထင်ထင်ရှားရှားသိနိုင်တာက တောင်ကိုရီးယားပါ။ ပိုးရှိသူတစ်ဦးက ဘုရားဝတ်ပြုတဲ့နေရာသွားရင်း အဲဒီနေရာက လူတွေရာနဲ့ထောင်နဲ့ချီပြီး ကူးစက်ပျံ့ပွားမှုဖြစ်ခဲ့တယ်။ လတ်တလော မြန်မာနိုင်ငံမှာ ပိုးရှိတယ်ဆိုတဲ့ Confrim Case မရှိသေးဘူး။ ဒါပေမဲ့ ပိုးရှိသူက မြန်မာနိုင်ငံမှာ ရှိနေနိုင်တယ်။ ပိုးရှိတဲ့သူကတစ်ဆင့် ကူးစက်ခံရသူတွေလည်း ရှိနေနိုင်တယ်။ လက္ခဏာမပြသေးတာရယ်၊ အဆုတ်ရောင်ပြီး သေဆုံးတဲ့အထိ မရှိသေးတာရယ်ပါပဲ။ အဓိကပြဿနာက ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ပိုးဝင်ပြီး နှစ်ပတ်အတွင်း လက္ခဏာမပြသေးဘူးဆိုတဲ့ အချက်က တော်တော်လေး အရေးကြီးနေတာ။ လက္ခဏာစပြပြချင်းမှာလည်း မပြင်းထန်ဘူး၊ တစ်ပတ်လောက်နေမှ အဆုတ်ထဲရောက်ပြီး ရောဂါလက္ခဏာက ပြင်းထန်တာဖြစ်တယ်။ ဆိုလိုတာက ပိုးစပျိုးချိန်ကော ပိုးစဝင်ပြီးချိန်တွေမှာ ပိုးရှိသူက သာမန်လူတွေနဲ့မခြား သွားလာလှုပ်ရှားနိုင်တယ်။

လူစုလူဝေး ပွဲလမ်းသဘင်တစ်ခုမှာ ရောဂါပိုးရှိသူတစ်ဦးရောက်သွားခဲ့ရင် ကူးစက်နိုင်တယ်။ ကူးစက်တဲ့နည်းတွေက အများစုသိပြီးသားပါ။

(၁) နှာစေး/ချောင်းဆိုးက ထွက်လာတဲ့ အမှုန်အမွှားက အသက်ရှူလမ်းကြောင်းထဲ တိုက်ရိုက်ဝင်တဲ့အခါ

(၂) နှာစေး/ချောင်းဆိုးက ထွက်လာတဲ့ အမှုန်အမွှားကျကျန်ခဲ့တဲ့ အရာဝတ္တုတွေကို လက်နဲ့ကိုင်မိပြီး နှာခေါင်း၊ ပါးစပ်မှာ ထိတွေ့တဲ့အခါ ကူးနိုင်တဲ့အတွက် လူစုလူဝေးထဲ ပိုးရှိသူတစ်ဦးဝင်လာရင် တခြားလူတွေကို ဒီနည်းတွေနဲ့ ကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။

လူစုလူဝေးထဲမှာ လူတွေက တစ်ဦးနဲ့တစ်ဦး နီးကပ်နေတဲ့အတွက် လက်ဘယ်လောက်ဆေးဆေး၊ ပိုးရှိသူတစ်ဦးဆီကနေ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ပိုးကူးစက်နိုင်ခြေက သိပ်များတယ်။ ဗိုင်းရပ်စ်က သေးငယ်တဲ့အတွက် နှာစေး/ချောင်းဆိုးချိန် လေတိုက်လိုက်ရင် လေနဲ့အတူပါသွားပြီး အဲဒီလေကို ရှူရှိုက်မိတဲ့ သူတွေက ကူးစက်နိုင်သေးတယ်။ ဒါကြောင့် လူစုလူဝေးကိစ္စတွေကို တားဆီးရတာက ပိုးဝင်ပြီး လက္ခဏာမပြတဲ့သူ၊ လက္ခဏာရှိပေမယ့်လည်း မပြင်းထန်တဲ့အတွက် ပွဲလမ်းသဘင်တွေကို သွားလာနေတဲ့သူများပါခဲ့ရင် သူ့အနားမှာရှိတဲ့ လူဆယ်ဂဏန်းနဲ့ချီပြီး ကူးစက်တဲ့ အထောက်အထားတွေရှိလို့ ဖြစ်ပါတယ်။ လူစုလူဝေးထဲ မသွားပါနဲ့လို့ ပြောပေမယ့် သူနဲ့ထိစပ်တဲ့သူက သွားခဲ့ရင်/သွားတဲ့သူက ကူးစက်ပြီး ပြန်လာတာမျိုးဖြစ်ခဲ့ရင် အိမ်ကမိသားစုဝင်တွေအားလုံး ကူးစက်နိုင်ခြေက ရှိနေပြန်တယ်။

ရိုးရိုးဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာတွေဖြစ်ရင် သူတို့ကို စောင့်ကြည့်လူနာအဖြစ်နဲ့ ဆေးရုံမှာထားရမယ်။ သူတို့ကို စောင့်ကြည့်ကုသရတဲ့ ကျန်းမာရေးဝန်ထမ်းတွေက PPE အကာအကွယ်တွေ ယူရမယ်။ ကုန်ကျစရိတ်ကများတယ်။ ဒီ့ထက်ပိုဆိုးလာရင် အဆုတ်ရောင်လာတဲ့အဆင့် ရောက်လာရင်၊ ပြင်းထန်လာရင် အသက်ရှူစက်တွေက လိုလာပြန်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အသက်ရှူစက်တွေက လက်ရှိမကျန်းမာတဲ့ လူနာတွေမှာ သုံးစွဲနေရတာကြောင့် အသစ်ဖြစ်လာတဲ့ အဆုတ်ရောင်လူနာတွေများလာခဲ့ရင် အသက်ရှူစက်မရဘဲ သေဆုံးမယ့်သူတွေ များလာနိုင်တဲ့အတွက် စိုးရိမ်ကြောင့်ကြနေကြတာ။

အခုက ဘာမှမဖြစ်သေးလို့ အေးအေးလူလူနေနိုင်တာ၊ တစ်ယောက်ကများ Positive ဖြစ်လာရင်၊ အဆုတ်ရောင်လူနာတွေ များလာရင် ဒီအနေအထားက ထိန်းချုပ်ဖို့ခက်ပါတယ်။ ဒါကြောင့် အခုလိုနိုင်ငံတကာမှာ ပျံ့နေချိန်မှာ ကိုယ့်ဝန်းကျင်ကလူတွေကို ဗိုင်းရပ်စ်ပိုးရှိပြီး လက္ခဏာမပြသေးသူလို့ ယူဆကာကွယ်ထားရင် အကောင်းဆုံးပါပဲ။

(၁) ကိုယ့်လက်ကို မျက်နှာ၊ နှာခေါင်းနဲ့ မထိတွေ့ခင်မှာ ဆေးကြောဖို့ လိုပါတယ်။

(၂) အခုနောက်ပိုင်း ပိုက်ဆံတွေကနေတစ်ဆင့် ကူးစက်တယ်လို့ သတင်းထုတ်ပြန်လာတဲ့အတွက် ပိုက်ဆံကိုင်တွယ်ပြီးတိုင်း လက်ဆေးရပါမယ်။

(၃) အများနဲ့ဆိုင်တဲ့ နေရာတွေမှာ တံခါးလက်ကိုင်၊ လှေကားလက်ရမ်း စတာတွေကအစ ကိုင်တွယ်ပြီးတိုင်း လက်ဆေးရပါမယ်။

(၄) တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး စတာတွေကိုပါ ကာကွယ်ထိန်းသိမ်းနေရင် ဝူဟန်ဗိုင်းရပ်စ်တင်မက တုပ်ကွေးဗိုင်းရပ်စ်ကိုပါ ကာကွယ်ရာရောက်ပါတယ်။

လူစုလူဝေးကနေတစ်ဆင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ကြိုတင်ကာကွယ်သင့်တဲ့အတွက် နိုင်ငံတော်အဆင့် ပွဲလမ်းသဘင်တချို့တောင် ရပ်ဆိုင်းတဲ့အနေအထားတွေကို ကြားနေရပါတယ်။ ကိုယ့်ဒေသအလိုက် ကျင်းပမယ့် လူစုလူဝေးပွဲလမ်းသဘင် အခမ်းအနားကိုလည်း တတ်နိုင်သမျှ ရပ်ဆိုင်းသင့်တယ်လို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top