Healthy Life Ad
Health Tips

လေတက်ခြင်း (Belching)

ဒေါက်တာတင့်ဆွေ

Belching လေတက်တာကို Burping, Ru-ctus, Eructation စသဖြင့်ခေါ်တယ်။ အစာလမ်းကြောင်းထဲက လေတွေအထက်တက်ပြီး ပါးစပ်ကနေ ထွက်လာတာဖြစ်တယ်။ အများအားဖြင့် အစာမျိုပြွန်နဲ့ အစာအိမ်ထဲက လေတွေတက်-ထွက်လာတာပါ။ လေတက်ရင်း အသံပါထွက်တယ်။ တခါတလေ အနံ့အသက်လဲပါမယ်။ လူတိုင်း အဲလိုဖြစ်ကြပေမဲ့ လူ့ရှေ့သူ့ရှေ့ လေတက်တာကို မယဉ်ကျေးဘူးလို့ ယူဆကြတယ်။

လေတက်ခြင်းရဲ့ ဇီဝကမ္မဗေဒ

လူတိုင်း အစာဖြစ်ဖြစ် ရေဖြစ်ဖြစ် သောက်စရာတခုခုဖြစ်ဖြစ် မျိုချချိန်မှာ လေပိုပါမျိုချတယ်။ မကြာမတင် လေကိုထုတ်ပြစ်တယ်။ ပုံမှန်ဆိုရင် နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်တွေပါနေတယ်။ Carbonated drinks ကာဗွန်ပါနေတဲ့ သောက်စရာမျိုးသောက်ရင် ချက်ချင်းလေတက်မယ်။ ဥပမာ ဘီယာ၊ ရှိန်ပိန်၊ အချိုရည်။ ဒါမျိုးထဲမှာတော့ Carbon dioxide ကာဗွန်ဒိုင်အောက်ဆိုက် ပါနေတယ်။ Metformin နဲ့ Byetta လို ဆီးချိုဆေးတွေကလဲ လေပိုတက်စေတယ်။ လေတက်တာနဲ့အတူ အစာမကြေတာ၊ ပျို့ချင်တာ၊ ရင်ခေါင်းနေရာနာတာတွေပါ တွဲဖြစ်နေရင် အနာ၊ ဒါမှမဟုတ် Hiatal hernia အစာမျိုပြွန်အထက်ကျွံတာ ဖြစ်မလား ဆေးစစ်ရမယ်။

လေတက်ရင်အသံထွက်တာဟာ Upper eso­phageal sphincter အစာမျိုပြွန် အထက်ဖျားက အထိန်းဝိုင်းတုန်ခါလို့ ဖြစ်တယ်။ ကလေးငယ်လေးတွေ လေတက်တာ မဆန်းပါ။ နို့စို့ရင်း လေပါမျိုလို့ လေတက်မယ်။ မတက်နိုင်ရင် အနေရခက်ပြီး ငိုမယ်။ အန်မယ်။ နို့တိုက်ပြီးတိုင်း လေထုတ်ရမယ်။ ကလေးကို ပခုံးပေါ်မှာ အသာတင်၊ သူ့ဗိုက်ကိုပွေ့ပြီး ကိုယ်ရဲ့ရင်ဘတ်နဲ့ ကပ်ထား၊ ကျောကလေးကို အသာပွတ်-ပုတ်ပေးရတယ်။ လေထွက်ရင် အမေကပြုံးလိမ့်မယ်။ အမေလေတက်လို့ Excuse me! မပြောရင် ရိုင်းရာကျတယ်။ ခွေးတွေ၊ ကြောင်တွေလဲ လေတက်တာဘဲ။ အစာစားတာမြန်ရင်လဲ လေတက်တယ်။ စားရင်း စကားများများပြောရင်လဲတက်မယ်။ Chewing gum ဝါးလို့လဲတက်မယ်။ ဖျော်ရည်ကို ပိုက်နဲ့စုပ်သောက်တာလဲ လေပိုဝင်စေနိုင်တယ်။

Acid reflux အက်စစ်ဓာတ် အထက်ဆန်တာကတော့ Lower esophageal sphincter အစာမျိုပြွန်အောက်ဖျားက အထိန်းဝိုင်း သိပ်မကောင်းလို့ ဖြစ်တယ်။ သူကောင်းနေမှ အစာအိမ်ထဲ ရောက်သွားပြီဖြစ်တဲ့ အစားအစာနဲ့ ရေ-အရည်တွေကိုရော၊ အစာကြေချက်ဖို့ ထွက်လာတဲ့ အက်စစ်ဓာတ်တွေကို အစာအိမ်

“လူတိုင်းအစာဖြစ်ဖြစ် ရေဖြစ်ဖြစ် သောက်စရာတစ်ခုခုဖြစ်ဖြစ် မျိုချချိန်မှာ လေပိုပါမျိုချတယ်။ မကြာမတင် လေကိုထုတ်ပြစ်တယ်။ ပုံမှန်ဆိုရင် နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်တွေပါနေတယ်။ Carbonated drinks ကာဗွန်ပါနေတဲ့ သောက်စရာမျိုးသောက်ရင် ချက်ချင်းလေတက်မယ်” . . .

ကနေ အထက်တက်မလာစေအောင် ထိန်းပေးနိုင်တယ်။ ဒီလိုဖြစ်သူတွေမှာ ရင်ဘတ်ရိုးအောက်မှာ ပူလောင်နေတာမျိုးခံစားရမယ်။ ဗိုက်လဲအောင့်မယ်။ ပျို့ချင်မယ်။ လေတက်တာ သိပ်များလိမ့်မယ်။

အလွန်အကျွံလေတက်ရင် Acid Reflux (GERD), Barretts Esophagus, Colitis, Colon/Bowel Disorders, Crohn’s Disease နဲ့ Diverticulitis/Diverticulosis ရောဂါတွေကို စစ်ဆေးရမယ်။ ERDဆိုတဲ့ အစာချေအရည်အထက်ဆန်တဲ့ ရောဂါဖြစ်သူတွေကို အိပ်ရင်ဘယ်ဘက်ကို စောင်းအိပ်စေတယ်။ ခေါင်းရင်းပိုင်း မြှင့်ထားရတယ်။ အစာကို နည်းနည်းချင်း အကြိမ်များများခွဲစားစေရတယ်။ ကိုယ်အလေးချိန်ဝနေရင် ချစေရတယ်။ acidic and rich foods အက်စစ်ဓာတ်များတဲ့ အစာတွေရှောင်စေတယ်။ အဆီများတာ၊ ကြက်သွန်နီ၊ ချောကလက်၊ ကော်ဖီ၊ လဘက်ရည်တွေကိုလဲ ရှောင်စေတယ်။

GERD အတွက် ဆေးအဖြစ် Antacids ဆေးကိုတော့ လူတိုင်းလိုလိုက သုံးကြတယ်။ နောက်ပြီး Omeprazole, Esomeprazole, Pantoprazole, Lansoprazole နဲ့ Rabeprazole တွေပေးတယ်။ နောက်အမျိုးအစားဆေးကတော့ Ranitidine, Famotidine နဲ့ Cimetidine တွေဖြစ်တယ်။
Cabbage မုံလာထုပ်၊ Legumes ပဲတောင့်ရှည်၊ Beans ပဲသီး၊ Brussels and sprouts မုံလာအမျိုးမျိုး၊ Milk နို့တွေကို ရှောင်ထားသင့်တယ်။ လက်ဖက်ရည်၊ ကော်ဖီသောက်တာလဲ မများသင့်ဘူး။

ဒိန်ချဉ်ကိုလည်း ထမင်းစားပြီး စားသုံးသင့်တယ်။

ချင်း(ဂျင်း)ကလဲ သက်သောစေတယ်။

တချို့က ချင်းပြုတ်ရည် တဇွန်းနဲ့ သုံပုရာ-ရှောက်ရည်တဇွန်းကို ထမင်းစားပြီးတိုင်းသောက်ဖို့ ဆေးနည်းပေးတယ်။

နောက်တနည်းက (သံပုရာရည်တဇွန်း + ဆိုဒါဇွန်းတဝက်+ရေအေးတဖန်ခွက်) သောက်ခိုင်းတယ်။

အစာစားတာကို တစ်နေ့ ၄-၆ ခါ နဲနဲချင်း ခွဲစားပါ။

စားရင်း-ဝါးရင်း ပါးစပ်ပိတ်ထားပါ။ အစာစားတာ ဖြေးဖြေးစားပါ။

စိတ်ပူစရာ၊ စိတ်ရှုပ်စရာတွေ ပြေအောင်ကြိုးစားပါ။

အသက်ဖြေးဖြေးရှူပါ။

စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။

Most Popular

Healthy Life Ad
To Top