Healthy Life Ad
International

ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသစ်ကို လူများတွင် စတင်စမ်းသပ်တော့မည်

ကိုထက်

အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတွေက ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်မယ်လို့ မျှော်လင့်ထားကြတဲ့ ဆေးသစ်ကို များမကြာမီအချိန်မှာ လူသားတွေနဲ့ စမ်းသပ်မှုပြုလုပ်တော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ကြပါတယ်။

“ကျွန်တော်တို့ အချိန်မနှောင်းခင်လေးတော့ ဆေးကိုအောင်မြင်အောင် ထုတ်လုပ်နိုင်မှာပါ၊ မျှော်လင့်ထားတာထက်ပိုကောင်းတဲ့ ရလဒ်တွေလည်း ဖြစ်လာနိုင်ပါတယ်’’လို့ ကူးစက်ရောဂါဝေဒနာနဲ့ ဓာတ်မတည့်ခြင်းဆိုင်ရာဌာနမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာအန်တိုနီက သတင်းမီဒီယာတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

တခြားနိုင်ငံတွေနည်းတူ အမေရိကန်နိုင်ငံကလည်း ကော်ရိုနာဗိုင်းရပ်ကာကွယ်ဆေးတွေကို အားစိုက်ဖန်တီးလျက်ရှိပါတယ်။ အမေရိကန် အိမ်ဖြူတော်ကလည်း ဒီဆေးရှာဖွေဖန်တီး ထုတ်လုပ်နေသူတွေနဲ့ ကျန်းမာရေးဌာနအဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁ဒသမ၂၅ ဘီလီယံ ထောက်ပံ့ပေးဖို့ လွှတ်တော်ကိုတင်ပြထားတယ်လို့လည်း သိရပါတယ်။

ကာကွယ်ဆေးအသစ်တစ်ခု ဖန်တီးရာမှာ လူသားတွေအသုံးပြုဖို့ အန္တရာယ်ကင်းမကင်း၊ သင့်မသင့် စစ်ဆေးရတာက အခက်ခဲဆုံးနဲ့ အချိန်အကြာဆုံး လုပ်ငန်းအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ထုတ်လုပ်ချိန်ထက် စမ်းသပ်ခြင်းက ပိုရှုပ်ထွေးပြီး လပေါင်းများစွာမှ နှစ်ရှည်ကြာအောင် စမ်းသပ်ရတာတွေ အထိရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ အမေရိကန်မှ လေ့လာသူတွေကတော့ ထိုပိုးသစ်ကို တိုက်ထုတ်နိုင်မယ့် ဆေးသစ်ကို ကြွက်တွေမှာ စမ်းသပ်မှုမှာတော့ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ တိကျသေချာတဲ့ ကုသနည်းမရှိသေးတဲ့ ကော်ရိုနာဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာတစ်ဝန်း လူပေါင်း ၈ သောင်းကျော် ကူးစက်ခံရကာ သေဆုံးသူဦးရေ ၃ ထောင်ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။ အမေရိကန်မှာလည်း ကူးစက်သူများပြားလာလျက်ရှိပြီး နိုင်ငံရပ်ခြားသို့ အလည်အပတ်သွားရောက်ပြီး ပြန်ရောက်လာသူတွေထံက အဓိကကူးစက်ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အရင် အီဗိုလာပိုး ပျံ့နှံ့ခဲ့စဉ်ကလည်း အရေးပေါ်ကာကွယ်ဆေးတွေကို အလျင်အမြန် ထုတ်လုပ်ခဲ့ကြရတာမျိုးရှိသလို အခုလည်းစမ်းသပ်မှုတွေကို မြန်နိုင်သမျှ မြန်မြန်ပြုလုပ်ဖို့ လိုအပ်တယ်လို့ အမေရိကန်ပညာရှင်တွေက ဆိုပါတယ်။ ကော်ရိုနာဗိုင်းရစ်ပိုးဟာ တခြားရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေလိုပဲ ပူနွေးတဲ့ရာသီဥတု အခြေအနေတွေမှာ သေဆုံးသွားနိုင်မယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားကြပါတယ်။ အဲ့ဒီအချိန်မရောက်ခင်ကြားကာလမှာ ပိုမိုဆိုးရွားတဲ့ အခြေအနေတွေမဖြစ်စေဖို့ ကာကွယ်ဆေးကို အပြင်းအထန် ဖော်စပ်နေကြတာဖြစ်ပါတယ်။

အမေရိကန်ပညာရှင်တွေက ကော်ရိုနာကာကွယ်ဆေးကို နောက်ထပ် ၆ ပတ်ခန့်မှာ လူတွေမှာ စတင်စမ်းသပ်မှုပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အန္တရာယ်ကင်း၊ မကင်းကို သေသေချာချာ စမ်းသပ်မှုပြုလုပ်ဖို့ ကျွမ်းကျင်သူတွေက သတိပေးထားကြပြီး တကယ်လို့ အောင်မြင်ခဲ့ရင်လည်း ဈေးကွက်အတွင်း ဝယ်လိုအား အရမ်းများနေမှာဖြစ်တဲ့အတွက် လုံလောက်တဲ့ ဆေးပမာဏနဲ့ ဈေးနှုန်းသင့်တင့်ဖို့အတွက် ကြိုတင်တွက်ချက်ထားဖို့ ဆရာဝန်တွေက ထောက်ပြခဲ့ကြတယ်လို့ သိရပါတယ်။

(Ref;cnbc 25-2-2020)

Most Popular

Healthy Life Ad
To Top