Healthy Life Ad
Health Tips

အဘိုး/အဘွား ပြောစကား ယုံသင့်ပါသလား

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးနဲ့ပတ်သက်ပြီး ရှေးကတည်းက လက်ဆင့်ကမ်းခဲ့တဲ့ စကားတွေကို ယုံသင့်သလား/မယုံသင့်ဘူးလား။ ဒါတွေကိုသိနိုင်အောင် သိပ္ပံနည်းကျ လေ့လာမှုတွေပြုလုပ်ပြီး သုတေသီတွေက အခုလိုမှတ်ချက်ချထားပါတယ်။

အဘိုး၊ အဘွား ပြောစကား(၁) – ချင်း(ဂျင်း)စားပေးရင် အစာအိမ်ဝေဒနာတွေကို သက်သာစေတယ်။
သိပ္ပံနည်းကျလေ့လာမှု – မှန်ပါတယ်။ ချင်း(ဂျင်း) ဟာ ပျို့ချင်အန်ချင်စိတ်ပေါ်တာကို သက်သာစေကြောင်း သက်သေပြနိုင်ပါတယ်။

အဘိုး၊အဘွား ပြောစကား(၂) – အစာစားပြီး ရေကူးတာက ခြေထောက်ကြွက်တက်တာနဲ့ ရေနစ်တာကို ဖြစ်စေနိုင်တယ်။
သိပ္ပံနည်းကျလေ့လာမှု – အစာစားပြီးတဲ့အခါမှာ သွေးတွေက ကြွက်သားတွေဆီကနေ အစာခြေလမ်းကြောင်းစနစ်ဆီကို လမ်းလွှဲရောက်ရှိသွားပြီး ကြွက်သားတွေထဲမှာ လက်တစ်အက်စစ်စုပုံမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့လယ်စာစားပြီး ရေကူးတဲ့အခါ ရုတ်တရက်ကြွက်တက်တာကို ဖြစ်စေနိုင်ပါတယ်။ အစာစားပြီး ရေကူးရင် ရေနစ်စေတယ်ဆိုတာတော့ မဟုတ်ပါဘူး။

အဘိုး၊ အဘွား ပြောစကား(၃) – ပျားရည်က အနာကျက်စေတယ်။
သိပ္ပံနည်းကျလေ့လာမှု – မှန်ပါတယ်။ သိပ်မပြင်းတဲ့ မီးပူလောင်ဒဏ်ရာရတဲ့အခါ အဲဒီအနာပေါ်မှာ ပျားရည်သုတ်လိမ်းပေးတာက အနာကို မြန်မြန်ကျက်စေပါတယ်။ အကြောင်းကတော့ ပျားရည်ဟာ စိုစွတ်ပြီး ဘက်တီးရီးယားပိုးကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုဖြစ်စေကာ တစ်သျှူးကြီးထွားမှုကို အားပေးလို့ပါပဲ။

အဘိုး၊ အဘွား ပြောစကား(၄) – မီးပူလောင်ဒဏ်ရာပေါ်မှာ ထောပတ်သုတ်လိမ်းသင့်တယ်။
သိပ္ပံနည်းကျလေ့လာမှု – မလိမ်းသင့်ပါဘူး။ အနာပေါ်ထောပတ်လိမ်းတာကြောင့် ဘယ်လိုအာနိသင်မှ မရစေပါဘူး။

အဘိုး၊ အဘွား ပြောစကား(၅)– အဲယားကွန်းအခန်းထဲမှာ အိပ်တာက ချမ်းတုန်စေပါတယ်။
သိပ္ပံနည်းကျလေ့လာမှု – လေအေးပေးစက်ဟာ နှာခေါင်းလမ်းကြောင်းတစ်လျှောက်ရှိ အချွဲမြှေးဆိုတဲ့ အကာအကွယ်အလွှာကို ခြောက်သွေ့စေပြီး ကိုယ်ခံအားနည်းချိန်မှာ ဗိုင်းရပ်စ်ကူးစက်နိုင်စွမ်း ပိုရှိစေပါတယ်။ ဗိုင်းရပ်စ်တွေဟာ အေးစက်နေတဲ့ နှာခေါင်းထဲမှာ မြန်မြန်ပွားများလာနိုင်ပါတယ်။

အဘိုး၊ အဘွား ပြောစကား(၆) – စိုစွတ်နေတဲ့ဆံပင်နဲ့ အပြင်ထွက်ရင် အအေးမိတတ်တယ်။
သိပ္ပံနည်းကျလေ့လာမှု – ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စိုစွတ်နေတဲ့ ဆံပင်တွေဟာ အအေးမိဗိုင်းရပ်စ်ပိုးကို ရရှိလွယ်ပြီး နှာခေါင်းထဲက သွေးကြောတွေကို ကျဉ်းစေကာ သွေးဖြူဆဲလ်တွေရဲ့ အအေးမိဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ခိုက်နိုင်စွမ်း လျော့ကျတတ်ပါတယ်။

အဘိုး၊အဘွား ပြောစကား(၇) – တစ်နေ့ပန်းသီးတစ်လုံးစားပေးရင် ဆရာဝန်ဆီ သွားစရာတောင် မလိုပါဘူး။
သိပ္ပံနည်းကျလေ့လာမှု – မှန်ပါတယ်။ ပန်းသီးစားရင် အခွံကိုပါစားပေးပါ။ ပန်းသီးအခွံမှာပါတဲ့ ကွာဆီတင် အင်တီအောက်ဆီးဒင့်ဟာ သွေးဖိအားကျစေတာ၊ နှလုံးရောဂါထတာမဖြစ်အောင် ကာကွယ်တာ၊ ရင်ကျပ်ပန်းနာနဲ့ ဓာတ်မတည့်မှုကို တွန်းလှန်နိုင်တာ စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

အဘိုး၊အဘွား ပြောစကား(၈) – ချောကလက်က ဝက်ခြံထွက်စေနိုင်တယ်။
သိပ္ပံနည်းကျလေ့လာမှု – မသေချာပါဘူး။ ချောကလက်စားတာကြောင့် ဝက်ခြံထွက်စေတယ်ဆိုရင် သကြား၊ နို့နဲ့ တခြားဖြည့်စွက်ပစ္စည်းတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ကိုကိုးမှုန့်ကြောင့်တော့ မဖြစ်နိုင်ပါဘူး။

Most Popular

Healthy Life Ad
To Top