Healthy Life Ad
Life Style

မိခင်မေတ္တာအပြည့်နဲ့ သားသမီး၂၆ ယောက်ကို ဆက်တိုက်မွေးဖွားပျိုးထောင်ခဲ့သူ ဒေါ်ခင်သူဇာ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အသက် ၁၈နှစ်ကျော် အရွယ်ကတည်းက စတင်ကိုယ်ဝန်ဆောင်ခဲ့ပြီး တစ်နှစ်ကြီးတစ်နှစ်ငယ် သားသမီး၂၆ယောက်ကို မွေးဖွားခဲ့တဲ့ ဒေါ်ခင်သူဇာဟာ ခင်ပွန်းဖြစ်သူ ဦးမြင့်ဝေနဲ့အတူ သားသမီးတွေကို ကျန်းမာစွာ အရွယ်ရောက်ကြီးပြင်းလာတဲ့အထိ မိခင်မေတ္တာအပြည့်နဲ့ ပြုစုပျိုးထောင်ပေးခဲ့သူ ဖြစ်ပါတယ်။

“အန်တီက အသက် ၁၈ နှစ်နဲ့ တစ်ရက်မှာ အိမ်ထောင်ကျတာ။ အဲဒီတုန်းက တက္ကသိုလ်တက်တာ ဒုတိယနှစ်ပဲရှိသေးတယ်။ အလုပ်မလုပ်သေးပါဘူး။ အန်တီအိမ်ထောင်ကျပြီး ၅လနဲ့ ၁၇ ရက်မှာ ကိုယ်ဝန်စဆောင်လိုက်တာ အသက် ၄၆ နှစ်အထိ မွေးတုန်းပဲ။ တစ်နှစ်တစ်ယောက်မွေးတယ်၊ တစ်ခါ တလေ အမြွှာပူးဆိုတော့ တစ်နှစ် ၂ ယောက် မွေးခဲ့တာ။ အန်တီ့ဘဝမှာ၂၄ ကြိမ် ကလေးမွေးခဲ့တာ စုစုပေါင်း သားသမီး၂၆ ယောက်ရခဲ့ပါတယ်။ အမြွှာနှစ်ပူး ပါပါတယ်။ ကလေးအားလုံး အသက်ရှင်ရက် မွေးခဲ့ပါတယ်” လို့ ဒေါ်ခင်သူဇာက ဆိုပါတယ်။

ကလေးတစ်ယောက်မှာ ကုသိုလ်ကံတစ်ခုရှိတယ်လို့ ယုံကြည်ထားတဲ့ ဒေါ်ခင်သူဇာဟာ ဆရာဝန်တွေက ကျန်းမာရေးအတွက် ကလေးဆက်မမွေးဖို့ တားခဲ့တဲ့ကြားက သွေးမဆုံးခင်အထိ သားသမီးတွေ မွေးဖွားခဲ့သူပါ။ “အန်တီကပြောမယ်ဆိုရင် မောင်နှမမရှိဘဲ တစ်ဦးတည်းသောသမီးအဖြစ်နဲ့ မွေးခဲ့တာလေ။ ကိုယ်က တစ်ယောက်တည်းဆိုတော့ အန်တီ့လို တစ်ယောက်တည်း မဖြစ်စေချင်ဘူး။ ငါသာအိမ်ထောင်ကျရင် ရမယ့်ယောကျာ်းကလည်း ကောင်းခဲ့မယ်ဆိုရင် တစ်ခါမွေးရင် ၂ယောက်၊ ၁၀ခါမွေးရင် သားသမီး ၂၀ ဖြစ်မယ်ဆိုပြီး အန်တီက အဲဒီလိုဆုတောင်းပြီး မွေးခဲ့တာ။ ဒါပေမဲ့ အကြိမ် ၂၀သာပြည့်ရော အမြွှာပူးက မလာဘူး။ အကြိမ် ၂၀ ဆက်မွေးပြီးမှ အမြွှာပူးက ဆက်လာတာ။ ကလေးအားလုံးကို ရိုးရိုးမွေးခဲ့တာပါ။ ကလေးအားလုံးကို အန်တီမိခင်နို့ပဲတိုက်တယ်။ အလုပ်သွားတဲ့အခါ အမြွှာပူးဆိုရင် တစ်ယောက်ခေါ်သွားပြီး တစ်ယောက်ကို နို့ဘူးနဲ့ထားခဲ့တယ်။ နောက်တစ်နေ့ကျရင် တစ်ယောက်ပြောင်းခေါ်သွားတယ်။ ကိုယ်ဝန်ပြန်ရှိနေတော့ ကိုယ်ဝန် ၆ လလောက်အထိ အပြင်ကကလေးကို နို့တိုက်ခဲ့တာ၊ အထဲကကိုယ်ဝန်မှာ ကလေးထိမယ်လို့ ပြောကြပေမယ့် အန်တီက ကလေး ၆ လ၊ အန်တီ့ကိုယ်ဝန် ၃ လအထိ နို့တိုက်ခဲ့တာပဲ” လို့ ဒေါ်ခင်သူဇာက ဆိုပါတယ်။

အိမ်ထောင်ကျပြီး ငါးလအကြာမှာ ကိုယ်ဝန်စဆောင်ခဲ့တဲ့ ဒေါ်ခင်သူဇာဟာ စုစုပေါင်းကိုယ်ဝန် ၂၄ကြိမ်ဆောင်ခဲ့ပြီး အမြွှာသားသမီး ၄ဦးအပါအဝင်၂၆ယောက် မွေးဖွားခဲ့ပါတယ်။ ဒေါ်ခင်သူဇာက သန္ဓေတားနည်းကို လုံးဝမသုံးခဲ့ဘဲ ကလေးတစ်ဦးမွေးပြီးတိုင်း သုံးလအကြာမှာ ကိုယ်ဝန်ပြန်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ “အန်တီနဲ့ဦးက စိတ်တူကိုယ်တူ သားသမီးယူခဲ့တာပါ။ အန်တီက ကလေးချစ်တတ်တယ်။ ဦးက အန်တီ့ထက် ပိုမယ်လို့တောင် အန်တီထင်တယ်။ ဦးက တစ်ခါမှ သားသမီးတွေကို ရိုက်တာမရှိဘူး။ အန်တီကတော့ အမေဆိုတော့ သားသမီးတွေအပြစ်ရှိရင် နည်းနည်းရိုက်ချင်သေးတယ်။ ဦးကတော့ “သားသမီးတွေ မွေးထားတာ လူလေးတွေမွေးထားတာ၊ တိရစ္ဆာန်လေးတွေ မွေးထားတာမဟုတ်ဘူးဆိုပြီး စကားလေးနဲ့ပဲ နာအောင်ဆုံးမမယ်၊ ရိုက်ဖို့မလိုဘူး” လို့ပြောတယ်” သား ၁၄ယောက်နဲ့ သမီး ၁၂ယောက်မွေးဖွားခဲ့တဲ့ ဒေါ်ခင်သူဇာဟာ နောက်ဆုံးသားလေးကို အသက်၄၆နှစ်အရွယ်မှာ မွေးခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားတဲ့ သားသမီးတွေရှိခဲ့ပေမယ့် လက်ရှိမှာ သက်ရှိထင်ရှား သားသမီး ၁၅ ယောက် ရှိပါတယ်။

“အန်တီ စအိမ်ထောင်ကျစဉ်တုန်းက အမျိုးသားဘက်မှာ အဖေ၊ အမေရှိတယ်၊ ကြီးတော်ရှိတယ်။ သူ့ညီအစ်မကိုမောင်နှမအပျိုကြီး လူပျိုကြီး ၆ယောက်ရှိတယ်။ အဲဒီမောင်နှမတွေထဲက ဦးဦးပဲအိမ်ထောင်ကျတော့ ကျန်တဲ့ညီအစ်ကိုမောင်နှမတွေကလည်း မွေးလာတဲ့ကလေးတွေကို သူကသုံးယောက်ထိန်းမယ်၊ သူကလေးယောက်ထိန်းမယ်နဲ့ဆိုတော့ အန်တီ့လက်ထဲမှာတောင် သိပ်မရှိဘူး။ ညမိုးချုပ်မှ မေမေဆိုပြီး လာကပ်တာပဲရှိတယ်။ အန်တီကလည်း ပင်ပင်ပန်းပန်း ဘာမှမလုပ်ရတော့ မွေးတာပေါ့” အစိုးရဝန်ထမ်းဖြစ်တဲ့ ခင်ပွန်းသည်ရဲ ့ လစာမလုံလောက်တာကြောင့် သားသမီးတွေ စားဝတ်နေရေးအတွက် ကိုယ်ဝန်ဆောင်ချိန်မှာလည်း အလုပ်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“သားသမီးတွေက အများကြီးဆိုတော့ ဦးရဲ ့လစာနဲ့မလောက်ဘူးလေ။ ဒါကြောင့် အန်တီက ကိုယ်ဝန်ဆောင်ချိန်လည်း အလုပ်လုပ်တယ်။ အလုပ်လုပ်တယ်ဆိုတာလည်း အိမ်ခြံမြေအရောင်းအဝယ်၊ ကျောက်အရောင်းအဝယ်တွေလုပ်တယ်။ အန်တီက ကလေးမွေးပြီး သုံးရက်ဆို အလုပ်စလုပ်တယ်။ သားသမီးတွေ ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး ပြည့်စုံဖို့ အလုပ်တွေအများကြီးလုပ်ရတယ်။ ကလေးတွေ ထိန်းပေးတဲ့သူတွေ စားဖို့အတွက်ပါလုပ်ရတယ်။

“အရင်ကတော့ သားအိမ်ကြီးက ပေါက်ထွက်တော့မယ်။ သားအိမ်ကပါးတော့မယ်၊ မွေးပဲမွေးနေတယ်၊ အမြဲတမ်းဥကြီးနဲ့ဆိုပြီး အပြစ်တင်ကြတယ်။ ဆရာတော် ရှင်ဆန္ဒာဓိကက အန်တီ့ကို ‘မြတ် သော မိခင်ကြီး’လို့ တင်စားလိုက်မှ လူတွေရဲ့ ကဲ့ရဲ့မှုက လွတ်သွားတော့တယ်။ နောက်ပိုင်းကျမှ” . . .

အဲဒီလိုနေလာလိုက်တာ တဖြည်းဖြည်းနဲ့ ယောက္ခမတွေ ဆုံးသွားတော့လည်း သားသမီးတွေက ကြီးလာတော့ ကြီးစဉ်ငယ်လိုက် ပြန်ထိန်းသွားတယ်။ အခုအငယ်ဆုံးသားလေးက ၁၆ နှစ်ရှိပါပြီ” အိမ်ထောင်သက် ၄၄နှစ်အတွင်း ခင်ပွန်းသည်နဲ့ စိတ်တူကိုယ်တူ သာယာအေးချမ်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ ဒေါ်ခင်သူဇာဟာ သား ၁၄ ယောက်၊ သမီး ၁၂ ယောက်ပိုင်ဆိုင်ထားသူဖြစ်ပြီး မြေး ၂၁ ယောက်၊ မြစ် ၁ယောက်ရှိတယ်လို့ သိရပါတယ်။

“သားသမီးတွေကို အိမ်မှာပဲ သန့်သန့်ရှင်းရှင်း ချက်ပြုတ်ကျွေးပါတယ်။ ဝယ်ကျွေးတယ်လို့တော့ ရှားပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အမြဲတမ်းလုပ်ပေးတယ်။ မနက်ဆိုရင် တစ်ပြည်အိုးကြီးသုံးအိုး ချက်ရတယ်။ ပေါင်းအိုးတွေနဲ့ ခလုတ်တွေကို နှိပ်ရတယ်။ ဘဲဥက အလုံး ၅၀ ချက်ရတယ်။ မနက်ညဆို ဘဲဥက လောက်တောင်မလောက်ဘူး။ ၁၀ တန်းကျောင်းသား မရှိတဲ့နှစ်ဆိုတာ တစ်နှစ်မှမရှိခဲ့ဘူး။ ကျူရှင်ခဆိုလည်း အမြဲတမ်းပြူးပြဲနေအောင် ပေးရတာ”လို့ ဒေါ်ခင်သူဇာက ဆိုပါတယ်။

သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ ဒေါ်ခင်သူဇာတို့ ဇနီးမောင်နှံက သားသမီးတစ်ယောက် ၁၀ တန်းကျရင်တောင် နောက်တစ်နှစ်ဆက်တက်ဖို့ တွန်းအားပေးပြီး ကျောင်းထားခဲ့တယ်လို့ သိရပါတယ်။ “လက်ရှိမှာတော့ အသက်ရှင်တဲ့ သားသမီးက ၁၅ ယောက်ပါ။ ဆုံးသွားတဲ့ သားသမီးတွေက ကြီးမှဆုံးတာပါ။ ဆေးထိုးမှားလို့၊ ဦးနှောက်အမြှေးရောင်လို့၊ အသည်းရောင်အသားဝါလို့ ဆုံးသွားတာပါ။ ကလေးတွေသေသွားတော့ ခံစားရပေမယ့် အန်တီက ဘာသာရေးလုပ်တော့ ဒီကလေးတွေက ဒီအမေနဲ့ ဒီလောက်ပဲနေရဖို့ ကံပါလာလို့ဆိုပြီး ဖြေလိုက်တယ်” အခုဆိုရင် အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်သူဇာကို မိခင်စိတ်ထားအပြည့်ရှိတဲ့အတွက် ဆရာတော် ရှင်ဆန္ဒာဓိကက “မြတ်သောမိခင်ကြီး” ဆိုပြီး တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

“အရင်ကတော့ သားအိမ်ကြီးက ပေါက်ထွက်တော့မယ်။ သားအိမ်ကပါးတော့မယ်၊ မွေးပဲမွေးနေတယ်၊ အမြဲတမ်း ဥကြီးနဲ့ဆိုပြီး ပြစ်တင်ကြတယ်။ ဆရာတော်ရှင်ဆန္ဒာဓိကက အန်တီ့ကို “မြတ်သောမိခင်ကြီး”လို့ တင်စားလိုက်မှ လူတွေရဲ့ ကဲ့ရဲ့မှုက လွတ်သွားတော့တယ်။ နောက်ပိုင်းကျမှ ဒီခေတ်မှာ ရှားသွားပြီဆိုပြီး ပြောကြတယ်။ ကလေးတစ်ယောက်မှာ ကုသိုလ်ကံတစ်ခုကတော့ ရှိပြီးသား။ ကလေးမွေးဖို့ ပိုက်ဆံစုထားတာလို့ အန်တီ့မှာမရှိပါဘူး။ မွေးခါနီးဆိုရင် သူ့ကုသိုလ်နဲ့သူ ပိုက်ဆံကရှိလာတာပဲ” လို့ ဒေါ်ခင်သူဇာက သူ့ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။

သားသမီးတွေ အရွယ်ရောက်လာပြီဖြစ်တဲ့ ဒီနေ့အချိန်မှာတော့ ဦးမြင့်ဝေနဲ့ ဒေါ်ခင်သူဇာတို့ ဇနီးမောင်နှံအဖို့ အိမ်မှာ ထမင်း၊ ဟင်းပင် ချက်စရာမလိုတော့ဘဲ ထမင်းစားချိန်ရောက်ရင် သားသမီးတွေက ဟင်းတစ်ခွက်စီလာပို့ကာ မိဘကျေးဇူး ပြန်ဆပ်နေပြီဖြစ်တယ်လို့ ကြည်နူးစွာပြောပြခဲ့ပါတယ်။

Most Popular

Healthy Life Ad
To Top