Healthy Life Ad
Q & A

ပိုးကြောင့် မျက်တောင်ရောင်ခြင်း ရောင်ရမ်းခြင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. မျက်တောင်ရောင်တာက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

A. မျက်တောင်ရောင်တာမှာ အဓိကအကြောင်းရင်း နှစ်ခုရှိပါတယ်။ တစ်ခုက Staphylococcal Blepharitis ပါ။ စတပ်ဖိုင်လိုကော့ကပ်စ် ရောဂါပိုးကြောင့် မျက်တောင်ရောင်တာလို့ ခေါ်ပါတယ်။ နောက်တစ်ခုက ဓာတ်မတည့်မှုကြောင့် မျက်တောင်ရောင်တာ (Staphylococcal Blep-haritis) ပါ။ ဒီအကြောင်းရင်း နှစ်ခုအနက် မျက်ခမ်းမှာပိုးဝင်ပြီး မျက်တောင်ရောင်ရမ်းတာ အဖြစ်များပါတယ်။

Q. ဘာကြောင့် မျက်ခမ်းမှာ စတပ်ဖိုင်လိုကော့ကပ်စ် ပိုးဝင်ပြီး မျက်တောင်ရောင်ရမ်းမှု ဖြစ်ရတာပါလဲဆရာ။

A. မျက်ခမ်းမှာ ပုံမှန်မျက်တောင်ရှိသလို အမြှေးပါး (Conjunctiva) လည်းရှိတယ်။ မျက်တောင်ကို လှန်ကြည့်လိုက်ရင် Conjunctiva နဲ့ တစ်ဆက်တည်းရှိတာ တွေ့လိမ့်မယ်။ အဲဒီမှာ ဘက်တီးရီးယား Flora လည်းရှိပါတယ်။ ဘက်တီးရီးယား Flora မှာ အများဆုံးကျရောက်တာက စတပ်ဖိုင်လိုကော့ကပ်စ်ပိုး (Staphylococcus) ဖြစ်ပါတယ်။ အဲဒီတစ်ဝိုက်မှာ စတပ်ဖိုင်လိုကော့ကပ်စ်ပိုးက အမြဲရှိနေတဲ့အတွက်ကြောင့် မျက်တောင်ရောင်ပြီဆိုရင် ဒီပိုးကြောင့်ပဲ ရောင်တာများပါတယ်။

Q. မျက်တောင်ရောင်တာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

“ရောင်နေတဲ့ မျက်ခမ်းတွေကို ကြည့်လိုက်တဲ့အခါမှာ မျက်တောင်အရင်း ဆံချည်မျှင်အိတ်(Hair Follicles) တွေက ရောင်နေသလားဆိုတာကို ကြည့်လိုက်လို့ ရောင်နေတယ်ဆိုရင် ဒါက Staphylococcal Infectionကြောင့် ရောင်တာများပါတယ်။”

A. မျက်တောင်ဆိုတာ တကယ်တော့ ဆံပင်နဲ့အတူတူပဲ။ မျက်တောင်ရင်းမှာ ဆံချည်မျှင်အိတ်(Hair Follicle) တွေရှိပါတယ်။ မျက်တောင်မှာလည်း ပိုး (Infection) ကျရောက်ပြီး မျက်တောင်က ရောင်လာနိုင်ပါတယ်။ မျက်တောင်တွေ ရောင်လာပြီဆိုရင် မွေးကျွတ်နာ (Stye) ဖြစ်လာပါတယ်။ ဒါကို တချို့ကလည်း မျက်စိစွန်နာဖြစ်တယ်လို့ ခေါ်ကြပါတယ်။ မျက်စိစွန်ပြီဆိုရင် အဲဒီမျက်တောင်လေးကို ဆွဲနုတ်လိုက်ရင် သက်သာသွားတတ်ပါတယ်။

Q. ပိုးကြောင့် မျက်တောင်ရောင်တာကို ဘယ်လိုသိနိုင်ပါသလဲ ဆရာ။

A. ရောင်နေတဲ့ မျက်ခမ်းတွေကို ကြည့်လိုက်တဲ့အခါမှာ မျက်တောင်အရင်း ဆံချည်မျှင်အိတ် (Hair Follicles)တွေက ရောင်နေသလားဆိုတာကို ကြည့်လိုက်လို့ ရောင်နေတယ်ဆိုရင် ဒါက Staphylococcal Infection ကြောင့် ရောင်တာများပါတယ်။ မျက်တောင်ကိုကြည့်လိုက်လို့ မျက်တောင်က ရောင်နေတာများတယ်။ ပြီးရင် မျက်စိအဆီဖု (Chalazion) သေးသေးလေးတွေက အများကြီးဖြစ်နေတယ်ဆိုရင်လည်း Staphylococcal Infection ကြောင့် ရောင်တာဖြစ်ပါတယ်။

Q. မျက်တောင်ရောင်တာကို ဘယ်လိုကုသသင့်ပါသလဲ ဆရာ။

A. တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေးကိုပဲ တစ်နေ့ကိုနှစ်ကြိမ်လောက် မျက်ခမ်းပေါ်ကို လိမ်းပေးရပါမယ်။ မျက်ခမ်းက ရောင်ရမ်းမှုပိုများတယ်ဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးနဲ့ စတီးရွိုက်ပါဝင်တဲ့ မျက်စဉ်းဆေးခရင်မ် (Eye Ointment)ကို တစ်နေ့နှစ်ကြိမ် လိမ်းပေးရင် ရပါတယ်။ ဒါပေမဲ့ ပြဿနာက တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေးကို လိမ်းခိုင်းရင် ဈေးသက်သာပေမယ့် လူနာအတွက် အဆင်မပြေဘူး။ မျက်ခမ်းကို ဘယ်လိုမျက်စဉ်းဆေး Ointment ကိုမဆို လိမ်းရင် မျက်ခမ်းမှာ စေးကပ်၊ စေးကပ် ဖြစ်နေပါတယ်။ အခန့်မသင့်ရင် မျက်စိထဲကို အနည်းနဲ့အများ ဝင်နိုင်ပါတယ်။ ဒါကလည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မျက်လုံးရှေ့မှာ ဖယောင်းကာထားသလို ကြည့်ရတာ ဝါးတားတားဖြစ်နေတယ်။ အဲဒါကို လူတွေက မကြိုက်ကြဘူး။ ဒီတော့ မျက်စဉ်းဆေးကိုလည်း ကောင်းကောင်းမလိမ်းချင်ဘူး။

Q. မျက်တောင်ရောင်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပြောလိုတာရှိရင် သိပါရစေ ဆရာ။

A. မျက်ခမ်းရောင်တာကြောင့် မျက်စိကို ထွေထွေထူးထူး ထိခိုက်စေနိုင်တာမျိုးတော့ မရှိပါဘူး။ မျက်ခမ်းရောင်နေရင် မျက်စိက နေရခက်တာတော့ ရှိပါတယ်။ ပြီးတော့ အရာဝတ္တုတွေကို ကြည့်ရတာ ဝါးတားတား ဖြစ်နေတတ်ပါတယ်။ အမြင်အာရုံက မှုန်သွားတာ မဟုတ်ပေမယ့် ပုံရိပ်ရဲ့ ကြည်လင်ပြတ်သားမှုအားကတော့ မကောင်းတော့ပါဘူး။ မျက်ခမ်းရောင်တာကြောင့် မျက်စိကွယ်တာမျိုးတော့ ရှားပါတယ်။

Most Popular

Healthy Life Ad
To Top