Healthy Life Ad
Health Tips

အမျိုးသမီးရာသီလာစဉ် ဖြစ်ပွားသည့် ‘စိတ္တဇရောဂါ’

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အမျိုးသမီးတွေ ဓမ္မတာရာသီသွေးမဆင်းခင်နဲ့ ရာသီသွေးဆင်းစနေ့ရက်တွေမှာ ဖြစ်ပွားတဲ့ စိတ်ဝေဒနာတွေအကြောင်းကို ဆေးကျောင်းသားတွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။

“ပြီးခဲ့တဲ့အပတ်က “ရာသီအကြိုဝေဒနာ လက္ခဏာစု”(PMS)နဲ့ “ရာသီအကြိုစိတ်ညစ်ညူး ရောဂါ”(PMDD)အကြောင်းကို ပြောပြခဲ့ပြီးပါပြီ။ ရာသီလာစဉ်ဖြစ်ပွားတဲ့ စိတ္တဇရောဂါ (Menstrual Psychotic Disorder)(MPD) အကြောင်းကို ဒီနေ့ဆွေးနွေးကြမယ်။

ဆေးကျောင်းသူကေသီက စတင်ဆွေးနွေးပါတယ်။

စိတ်ရောဂါ အတွင်းလူနာဆောင်ထဲမှာ အမျိုးသမီးလူနာတစ်ယောက်ကို မနေ့က ကျွန်မ စစ်ဆေးစမ်းသပ်ပါတယ်”

“ဘယ်သူလဲ”

“ဆူဆန်ပါဆရာ။ အသက် ၂၂ နှစ်။ တတိယနှစ် သိပ္ပံဒီဂရီ သင်တန်းတက္ကသိုလ်ကျောင်းသူပါ။ ဆေးရုံမတက်ခင် ၃-၄ ရက်ကစပြီး ဆူဆန် စိတ်ဖောက်ပြန်လာတယ်လို့ ပြောပါတယ်။ စကားတွေအများကြီး တောင်စဉ်ရေမရပြောတယ်တဲ့။ အခန်းထဲမှာ အတူနေတဲ့ သူငယ်ချင်းကို ရန်လုပ်တယ်။ သူငယ်ချင်းက သူ့ပစ္စည်းတွေကို ခိုးယူထားတယ်၊ သူ့ရည်းစားကိုလုတယ် စသဖြင့် စွပ်စွဲနေတယ်။ ဆေးရုံတက်ရတဲ့နေ့ကတော့ ဆူဆန်က ကိုယ်ထိလက်ရောက် အကြမ်းဖက်လာပါတယ်။ အခန်းထဲက တွေ့ကရာ ပစ္စည်းတွေနဲ့ သူ့သူငယ်ချင်းကို ပစ်ပေါက်တယ်တဲ့။ ဒီလိုနဲ့ ဆေးရုံရောက်လာတာပါ”

အရေးကြီးတဲ့ အချက်တစ်ခုကို ကေသီ မေးမြန်းစုံစမ်းထားခြင်း ရှိ၊ မရှိ စာရေးသူက စမ်းသပ်တယ်။

“အမျိုးသမီး ရာသီလာတာနဲ့ ပတ်သက်ပြီး ဆူဆန်ကို မေးကြည့်သေးလား”

“ဆူဆန် ဆေးရုံတက်နေတာ ၄ ရက်ရှိပါပြီ။ ဆေးရုံမတက်ခင် ၂ ရက်က ရာသီသွေးဆင်းတယ်လို့ ပြောပါတယ်။ ဆေးရုံတက်ပြီး နောက်တစ်နေ့မှာ ရာသီသွေးဆင်းတာ ရပ်သွားပါပြီ”

“မနေ့က ကေသီစစ်ဆေးတော့ ဆူဆန်ရဲ့ စိတ်ရောဂါအခြေအနေက ဘယ်လိုလဲ”

“ဆူဆန်က သာမန်လူတစ်ယောက်လိုပဲဆရာ။ ကျွန်မစမ်းသပ်ပုံ မမှန်လို့လား”

“မဟုတ်ပါဘူး။ ရာသီသွေးဆင်းတာ ရပ်သွားပြီးကတည်းက စိတ္တဇရောဂါလက္ခဏာတွေက သိသိသာသာ ပျောက်ကင်းသွားတာ အမှန်ပဲ။ ဒါကြောင့် “ရာသီလာစဉ် ဖြစ်ပွားစိတ္တဇရောဂါ”(အမ်ပီဒီ)လို့ ယူဆထားပါတယ်။ ဒါပေမဲ့ အတိအကျ မပြောနိုင်သေးဘူး”

“ဘာကြောင့်လဲ ဆရာ”

“ဆူဆန် ခံစားလိုက်ရတဲ့ “ဗြုန်းကနဲ အပြင်းဖြစ်စိတ္တဇရောဂါ”( Acute Psychotic Episode) က သူ့ဘဝမှာ ပထမဆုံးအကြိမ် ဖြစ်တယ်။ ဒါကြောင့်

“ဆေးရုံမတက်ခင် ၃-၄ ရက်ကစပြီး ဆူဆန် စိတ်ဖောက်ပြန်လာတယ်လို့ ပြောပါတယ်။ စကားတွေအများကြီး တောင်စဉ်ရေမရ ပြောတယ်တဲ့။ အခန်းထဲမှာ အတူနေတဲ့ သူငယ်ချင်းကို ရန်လုပ်တယ်။ သူငယ်ချင်းက သူ့ပစ္စည်းတွေကို ခိုးယူထားတယ်၊ သူ့ရည်းစားကို လုတယ်စသဖြင့် စွပ်စွဲနေတယ်။ ဆေးရုံတက်ရတဲ့နေ့ကတော့ ဆူဆန်က ကိုယ်ထိလက်ရောက် အကြမ်းဖက်လာပါတယ်။”

စဉ်းစားရမယ့် အချက်တွေရှိပါတယ်။ စိတ်ကြွရူးသွပ် မူးယစ်ဆေးသုံးစွဲလို့ ဖြစ်နိုင်တယ်။ ဦးနှောက်ရောဂါ (ဥပမာ-ဦးနှောက်နားထင်ပိုင်း အတက်ရောဂါ (Temporal Lobe Epilepsy)၊ စိတ်ကြွရောဂါ ပထမဆုံးအကြိမ်ဖြစ်ပွားခြင်း၊ စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ (စိတ်နှစ်ခွရောဂါ) ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းတို့ကြောင့်လည်း ဖြစ်နိုင်တယ်”

ဆေးကျောင်းသူ မီကာက တောင်းဆိုပါတယ်။

“အမ်ပီဒီရောဂါကို ရှင်းပြပါ ဆရာ”

“ရာသီသွေးလာစဉ် ဖြစ်ပွားစိတ္တဇရောဂါ (အမ်ပီဒီ) ဆိုတာ ရှိတယ်လို့ စိတ်ကျန်းမာရေး ဆရာဝန်တွေက လက်ခံထားပါတယ်။ ဒါပေမဲ့ “အမ်ပီဒီ” စစ်စစ်ရောဂါဖြစ်ပွားနှုန်းက အလွန်နည်းပါးပါတယ်။ အခုအချိန်အထိ အမ်ပီဒီရောဂါရှိတယ်လို့ ယူဆနိုင်တဲ့ လူနာ ၂၀ဝ ကျော် မှတ်တမ်းတင်ထားတာ တွေ့ရှိရတယ်။ လူနာ (၈၀) ကျော်ကတော့ အမ်ပီဒီရောဂါရှိကြောင်း အတိအကျပြောနိုင်တယ်”

ဆေးကျောင်းသား ဆိုင်မွန်က ပြက်လုံးထုတ်ပါတယ်။

“လပြည့်နေ့မှာ စိတ်ရူးပေါက်တယ်ဆိုတော့ အမ်ပီဒီရောဂါမျိုးလား”

“လုံးဝမသက်ဆိုင်ပါဘူး။ ရာသီမလာခင် ဖြစ်ပွားစိတ္တဇရောဂါရဲ့ လက္ခဏာတွေကို ရှင်းပြပါမယ်။

(၁) အမ်ပီဒီရောဂါက အမျိုးသမီး ရာသီသွေးမဆင်းခင်ရက်ပိုင်းနဲ့ ရာသီသွေးဆင်းစအချိန်မှာ ဖြစ်ပွားတဲ့ စိတ္တဇရောဂါ ဖြစ်ပါတယ်။

(၂) ရာသီသွေးဆင်းပြီးသွားရင် ရောဂါလက္ခဏာတွေက သိသိသာသာ အလိုအလျောက် သက်သာပျောက်ကင်းသွားတယ်။

(၃) ကျန်တဲ့အမျိုးသမီး ရာသီစက်ဝန်းကာလပိုင်း နေ့ရက်တွေမှာ ရောဂါလက္ခဏာ ခံစားရတာမရှိဘူး။ လူကောင်းပကတိပဲ။

(၄) နောက်တစ်ကြိမ် စိတ္တဇရောဂါ ဖြစ်ပေါ်လာရင် ရာသီသွေးမဆင်းခင် ၁၀ ရက်အတွင်းနဲ့ ရာသီသွေးဆင်းစဉ်မှာပဲ ဖြစ်ပွားတယ်။

(၅) အမ်ပီဒီရောဂါ ဖြစ်ပေါ်လာရင် စိတ္တဇရောဂါလက္ခဏာ အသွင်သဏ္ဍာန်အမျိုးမျိုး တွေ့ရှိနိုင်တယ်။

ကယောင်ကတမ်းဖြစ်ခြင်း (Delirium)၊ ကြမ်းတမ်းခက်ထန်ခြင်း၊ စကားပြောများခြင်း၊ စကားပြောမမှန်ခြင်း၊ လှုံ့ဆော်မှုမဲ့အာရုံများ မြင်တွေ့ခြင်း၊ နားထဲမှာ စကားပြောသံများကြားနေခြင်း၊ ယုံမှားမှု စွဲမြဲလက္ခဏာရှိခြင်း၊ သံသစိတ်လွန်ကဲခြင်း၊ မတုန်မလှုပ် ကျောက်ရုပ်လိုဆိတ်ငြိမ် (Stupor) နေတတ်ခြင်း စတဲ့ စိတ္တဇရောဂါလက္ခဏာ အမျိုးမျိုးပေါ်ပေါက်နိုင်တယ်။ ဒါကြောင့် ရောဂါလက္ခဏာကိုသာ မူတည်ပြီး အမ်ပီဒီရောဂါလို့ ပြောလို့မရဘူး။ ရောဂါဖြစ်ပွားပုံ၊ ပျောက်ကင်းပုံဖြစ်စဉ်ကို လေ့လာဖို့လိုပါတယ်။

ဥပမာ ဆူဆန်လို လူနာဆိုပါတော့။ ရောဂါဖြစ်ပွားချိန်က ရောဂါလက္ခဏာတွေကို ကြည့်ရင် စိတ်ကစဉ့်ကလျား စိတ္တဇရောဂါလိုလို စိတ်ကြွရောဂါလိုလို တွေ့ရှိရမယ်။ ဒါပေမဲ့ ရောဂါလက္ခဏာတွေ ရက်ပိုင်းအတွင်း သက်သာပျောက်ကင်းသွားပုံကတော့ အဲဒီလို ရောဂါမျိုးတွေနဲ့ မတူဘူး။ ဦးနှောက်ရောဂါ တစ်ခုခုကြောင့် မဟုတ်ဘူးဆိုတာ လိုအပ်သလို စစ်ဆေးပြီးပြီ။ ဆူဆန်က မူးယစ်ဆေးသုံးစွဲလေ့ရှိတဲ့ တက္ကသိုလ်ကျောင်းသူမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့် ဆူဆန်ရဲ့ ရောဂါက အမ်ပီဒီရောဂါဖြစ်နိုင်တယ်လို့ ယူဆထားတာပါ။ ဒီကြားထဲမှာ လူကောင်းပကတိလိုရှိပြီး နောက်တစ်ကြိမ် ရာသီသွေးမဆင်းခင် ရောဂါပြန်ထလာရင်တော့ “အမ်ပီဒီ”ရောဂါလို့ သတ်မှတ်နိုင်ပါတယ်”

ဆေးကျောင်းသူ မီကာက သူ့ဒေါ်လေးအတွက် စိုးရိမ်နေပုံရပါတယ်။

“ကျွန်မဒေါ်လေးက “ရာသီအကြိုစိတ်ညစ်ညူးရောဂါ (PMDD) ရှိတယ်ဆိုတာ ပြောဖူးတယ်နော်။ ရောဂါပိုမို ဆိုးရွားလာရင် စိတ္တဇရောဂါ (အမ်ပီဒီ) အထိ ဖြစ်ပေါ်လာနိုင်သလား”

“ပီအမ်ဒီဒီရောဂါနဲ့ အမ်ပီဒီရောဂါက သဘောချင်းမတူပါဘူး။ ဒီရောဂါအားလုံးက ရာသီသွေးမပေါ်ခင် သွေးထဲမှာ မလိင်ဟော်မုန်းဓာတ် ကျဆင်းသွားတာနဲ့တော ့သက်ဆိုင်ပါတယ်။ ဒါပေမဲ့ ဦးနှောက်တုံ့ပြန်မှု ချို့ယွင်းတာချင်း မတူပါဘူး။ ပီအမ်ဒီဒီရောဂါမှာ ဦးနှောက်အတွင်း ဆီရိုတိုနင် (Serotonin) ဓာတ်လှုံ့ဆော်မှု ချို့တဲ့သွားတယ်၊ အမ်ပီဒီရောဂါမှာတော့ ဦးနှောက်ထဲမှာ ဒိုပါမင်းဓာတ် (Dopamine) လှုံ့ဆော်မှု များပြားလာပါတယ်”

ဆေးကျောင်းသူ ကေသီက ဆူဆန်ရဲ့ ကုသမှုအစီအစဉ်ကို သိချင်ပါတယ်။

“ဆူဆန်ကို စိတ္တဇရောဂါကုသဆေး (Risperidone) ပေးထားတာ တွေ့ရှိရပါတယ်။ အဲဒါ ဘယ်လောက်ကြာကြာ စားခိုင်းရမလဲ”

“ဆူဆန်က စိတ္တဇရောဂါခံစားရတာ ပထမဆုံးအကြိမ်ဆိုတော့ စောင့်ကြည့်ဖို့တော့ လိုပါတယ်။ အမျိုးသမီး ရာသီစက်ဝန်း သုံးလေးပတ်လောက် စောင့်ကြည့်ပြီးလေ့လာရင် ရောဂါအခြေအနေ သဲကွဲလာမှာပါ။ ဒီကြားထဲမှာတော့ လတ်တလော ခံစားနေရတဲ့ စိတ္တဇရောဂါ ရှိ၊ မရှိ စစ်ဆေးစမ်းသပ်ပြီး လိုအပ်သလိုဆေးကို ညှိပေးရမှာပါ”

“အမ်ပီဒီရောဂါလို့ အသေအချာ သတ်မှတ်နိုင်ရင် ဘယ်လိုကုသမလဲ”

“ကုသခြင်းထက် ကာကွယ်ခြင်းက အရေးကြီးပါတယ်။ ပီအမ်အက်စ်(PMS)နဲ့ ပီအမ်ဒီဒီ(PMDD) ရောဂါတွေမှာ အသုံးပြုတဲ့ ကုသနည်းတွေက အကျိုးရှိနိုင်ပါတယ်။ အထူးသဖြင့် မလိင်ဟော်မုန်း အတက်အကျမရှိအောင် ထိန်းချုပ်ပေးတဲ့ ကုသနည်းတွေကို စတင်အသုံးပြုနိုင်ပါတယ်။ ဥပမာ-YAZလို သန္ဓေတားဆေးသုံးစွဲခြင်း၊ သားဥအိမ်မှ သားဥရင့်ကျက်မလာအောင် တားဆီးပေးတဲ့ GNRH Agonist ထိုးဆေး Lupron ၊ Zoladex ကုသခြင်းတို့ ဖြစ်ပါတယ်။ တချို့လူနာတွေက အဲဒီလို ကုထုံးတွေနဲ့ ရောဂါမသက်သာဘူး။ ရာသီသွေးဆင်းချိန်ရောက်တိုင်း စိတ္တဇရောဂါ ဖြစ်ပွားလာတတ်တယ်”

“အဲဒီလိုလူနာမျိုးကို ဘယ်လိုကုသသလဲဆရာ”

“သားအိမ်နဲ့အတူ သားအိမ်အားလုံးကို ခွဲထုတ်ပစ်တဲ့ ကုသနည်းဖြစ်ပါတယ်။ (Total Hyster-ecto­my with Salpingo-oophorectomy) လို့ ခေါ်ပါတယ်။ အကျိုးနဲ့အဆိုးကို ချင့်ချိန်သုံးသပ်ရပါတယ်။ အဲဒီလိုကုသမှုမျိုး ခံယူသင့်၊ မသင့် ဆုံးဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။ အဲဒီလို ကုသမှုကြောင့် လစဉ်ဖြစ်ပွားနေတဲ့ စိတ္တဇရောဂါ ပျောက်ကင်းသွားသူတွေ ရှိပါတယ်။ ဥပမာ-သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ ဆာရာနဲ့အူမာလို အမျိုးသမီးလူနာတွေပါ။ (Daily Mail Australia/ June 2013) (မှတ်ချက်။ Menstrual Psychosis ရာသီမလာခင် ဖြစ်ပွားတတ်ပေမယ့်လည်း Premenstrual Psychosis လို့ မခေါ်ကြပါ။)

Most Popular

Healthy Life Ad
To Top