Healthy Life Ad
International

ကမ္ဘာ့ပထမဦးဆုံး ငါးအရေခွံဖြင့် လိင်အင်္ဂါပြောင်းခွဲစိတ်မှု ပြုလုပ်ခဲ့သူ

ကိုထက်

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မာဂျူးဟာ ၁၉၉၉ ခုနှစ်က အမျိုးသားဘဝမှ အမျိုးသမီးဘဝသို့ လိင်ပြောင်းလဲခွဲစိတ်မှု ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေ ဖန်တီးပေးခဲ့တဲ့ သူမရဲ့ အမျိုးသမီးလိင်အင်္ဂါဟာ ကျဉ်းမြောင်းပြီး ပုံပန်းမကျ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူရဲ့ဘဝသစ်မှာ ချစ်သူရည်းစား မထားရဲဘဲဖြစ်နေခဲ့ရတယ်လို့ သူကဆိုပါတယ်။

တစ်ရက်မှာ မာဂျူးဟာ ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းရှိ ခွဲစိတ်ဆရာဝန်တစ်ဦးမှ မွေးရာပါ အမျိုးသမီးအင်္ဂါဇာတ် မပါဝင်သူ၊ ပုံမမှန်သူတွေကို ငါးအရေခွံအသုံးပြုပြီး ပြန်လည်ပြုပြင်ပေးနေတယ်ဆိုတဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ ဒါပေမဲ့ သူနေထိုင်ရာမြို့လေးမှ ထိုဆရာဝန်ထံရောက်ဖို့ မိုင်ပေါင်း ၂၀ဝ၀ ခန့် ကွာဝေးပြီး ကုန်ကျစရိတ်များတဲ့အတွက် ဆရာဝန်ကို သူနဲ့နီးတဲ့ အမျိုးသမီး ဆေးရုံတစ်ခုသို့ လာရောက်ပြီး သူ့အားခွဲစိတ်မှုပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကာ သူတို့မြို့အနီးရှိ အမျိုးသမီးကျန်းမာရေးစင်တာတစ်ခုမှာ ခွဲစိတ်မှုပြုလုပ်ဖို့ သဘောတူညီချက် ရခဲ့ကြပါတယ်။

ခွဲစိတ်မှုဟာ အချိန် ၃ နာရီကျော် ကြာမြင့်ခဲ့ပြီး သူရဲ့အမျိုးသမီးအင်္ဂါကို စလားဗီးယားငါးအရေခွံနဲ့ ပြုပြင်ဖန်တီးမှု ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်မှုက အချိန်ပိုကြာမြင့်ခဲ့ပေမယ့် အဆင်ပြေပြီး အောင်မြင်ခဲ့ပါတယ်။ မာဂျုးဟာ ဒီခွဲစိတ်ပြုပြင်မှု ပြီးသွားတဲ့နောက်မှ သူရဲ့ဘဝက ပြီးပြည့်စုံလာတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုရှိလာတယ်လို့ ဆိုပါတယ်။

“ သိတတ်စအရွယ်မှာတော့ ငါဟာယောကျာ်းခန္ဓာကိုယ်ထဲ ရောက်နေတဲ့ မိန်းကလေးလို့ ခံစားခဲ့ရတာပါ၊ ပထမလိင်အင်္ဂါ ပြောင်းလဲခွဲစိတ်ပြီးတော့လည်း ယောကျာ်းခန္ဓာကိုယ်ကြီးပဲ မိန်းမနဲ့တူအောင် လုပ်ထားရတာဆိုပြီးတော့ ခံစားချက်က သိပ်မထူးခဲ့ပါဘူး၊ အခုတော့ စိတ်ထဲမှာ တကယ်ကို ကျေကျေနပ်နပ်နဲ့ ပြီးပြည့်စုံသွားသလို ခံစားရတယ်”လို့ မာဂျူးက ပြောပြခဲ့ပါတယ်။

“သာမန်အားဖြင့် လိင်အင်္ဂါပြောင်းခွဲစိတ်ရင် အမျိုးသားလိင်အင်္ဂါ အပြင်ပိုင်းအရေပြားက အမျိုးသမီးလိင်အင်္ဂါအဖြစ် ပြောင်းလဲလိုက်ကြပါတယ်၊ မာဂျူးကိုပြောင်းလဲပြီးချိန်မှာ ဟော်မုန်းအပြောင်းအလဲ အရမ်းများခဲ့ပြီး အတွင်းပိုင်းရောက်သွားတဲ့ အရေပြားတွေက အရမ်းကျုံ့သွားခဲ့တာ ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ပုံစံပျက်ပြီး အရမ်းသေးငယ်နေတာပါ၊ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ”လို့ ခွဲစိတ်မှုကို ဦးဆောင်ခဲ့သူ ပါမောက္ခဘီဇာရာက ပြောပြခဲ့ပါတယ်။ ဒီခွဲစိတ်ကုသနည်းကို လွန်ခဲ့တဲ့ ၃ နှစ်ခန့်က စတင်ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။

“အရင်က ခွဲစိတ်မှုတွေမှာ ဆီလီကွန်တွေ သုံးခဲ့ကြတဲ့အတွက် ဆီလီကွန်ရဲ့နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေ ကြုံခဲ့ရပါတယ်၊ ငါးအရေခွံက ရေဓာတ်ပြည့်ဝတယ်၊ လူတွေရဲ့ အရေပြားနဲ့လည်း ဖွဲ့စည်းပုံချင်းတူတယ်၊ နာကျင်မှုလည်းနည်းပြီး ရက်ပိုင်းအတွင်း လမ်းလျှောက်လို့ရမယ်၊ ပုံမှန်ဆီးသွားလို့ရမယ်၊ ငါးလလောက်ဆို လိင်ဆက်ဆံလို့ ရနိုင်ပါတယ်”လို့ ပါမောက္ခဘီဇာရာက ဖြည့်စွက်ပြောပြထားပါတယ်။

ဒီခွဲစိတ်နည်းကို စတင်အသုံးပြုခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း အမျိုးသမီး ၁၀ ယောက်ကျော်ကို ပြုပြင်ခွဲစိတ်မှု ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလမှာ မွေးရာပါအမျိုးသမီးအင်္ဂါ၊ သားအိမ်နဲ့ သားဥအိမ်လမ်းကြောင်းမပါဝင်တဲ့ အမျိုးသမီးတစ်ဦးကို အောင်မြင်စွာခွဲစိတ်မှု ပြုလုပ်ပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း အသက် ၄၁ နှစ်ရှိတဲ့ သားအိမ်ခေါင်းကင်ဆာကြောင့် မိန်းမကိုယ်ပုံစံ ပျက်စီးသွားတဲ့ အမျိုးသမီးတစ်ဦးကိုလည်း ခွဲစိတ်ပြုပြင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top