Healthy Life Ad
Health Tips

ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်မွေးဖွားဖို့

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ကျွန်တော်က ဆရာဝန်တွေထဲမှာ ကံအကောင်းဆုံး ဆရာဝန်လို့တောင် ပြောလို့ရမလားမသိဘူး။ အခုလို ဆရာဝန်ဘဝကို သိပ်ကိုပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာဝန်တွေအများကြီးထဲမှာမှ ကျွန်တော်ရဲ့ ဆရာဝန်ဘဝက သားသားမီးမီးလေးတွေ လောကကြီးထဲကို ကျန်းကျန်းမာမာ ချောချောမောမောနဲ့ ရောက်လာခွင့်ရအောင် ကူညီပေးခွင့်ရတဲ့ ဆရာဝန်တစ်ယောက် ဖြစ်နေလို့ပါပဲ။ ကလေးလေးတစ်ယောက် ကမ္ဘာလောကထဲ ရောက်လာတာက ဘယ်လောက်အထိ ပျော်ရွှင်ရတယ်ဆိုတာ မိခင်တွေအသိဆုံးပါပဲ။ ကျွန်တော်တို့ကလည်း မိခင်တစ်ယောက် ကလေးတစ်ဦးမွေးတိုင်း ပျော်ရွှင်မှုကို ခံစားရပါတယ်။

အိမ်ထောင်ကျပြီးချိန်မှာ ကိုယ်ဝန်ဆောင်ခွင့်ရတဲ့ အမျိုးသမီးတိုင်းကလည်း ကံကောင်းပါတယ်။ ဘာလို့ အဲဒီလိုပြောရသလဲဆိုတော့ ဟိုတစ်နေ့က ဆရာ့ဆီကိုလာပြတဲ့စုံတွဲမှာ အမျိုးသမီးက “ဆရာ ကျွန်မဗိုက်ထဲမှာ ကလေးလေးတစ်ယောက် ရောက်လာပြီ”။ အာထရာဆောင်းရိုက်ကြည့်လိုက်တော့ ကိုယ်ဝန် ၁၀ ပတ်၊ ကလေးက နှလုံးတွေခုန်နေပြီ။ ဒါပေမဲ့ မလိုချင်သေးဘူးဆရာ၊ ကလေးကို ဖျက်ချပေးပါလို့ပြောတယ်။ “ဘာပြဿနာရှိလို့လဲ၊ မယူဘူးလား”ဆိုတော့ “ယူမှာပါဆရာ။ ဒါပေမဲ့ မင်္ဂလာဆောင်ခန်းမကို ငှားထားတာ နည်းနည်းဝေးသေးတယ်။ အခုကလေးယူလိုက်ရင် အဲဒီခန်းမငှားထားတာ အလကားဖြစ်သွားတော့မှာ။ အဲဒါကြောင့် ဒီကလေးလေးကို ဖျက်ချချင်တာ”တဲ့။ သူတို့က မသိကြဘူး၊ ကလေးလေးတစ်ယောက် ဖျက်ချလိုက်ရင် လွယ်လွယ်လေးနဲ့ ပြန်ယူလို့ရမယ်လို့ ထင်နေကြတာ။ ကျွန်တော်ကိုယ်တိုင်ရဲ့ ခံစားချက်က ရှိသမျှ စည်းစိမ်ပုံအောမယ်ဆိုရင်တောင် ကလေးလေးတစ်ယောက် မရနိုင်ဘူးလေ။ မင်္ဂလာခန်းမက ဘာဖြစ်လဲ၊ ချစ်သူနှစ်ယောက် အတူနေရဖို့က အရေးကြီးဆုံးပဲ။ ဒါလေးနဲ့ပဲ ဖျက်ချရက်သလားဆိုတာကို တော်တော်ပြောယူရတယ်။ ကလေးဖျက်ချတယ်ဆိုတာ သတ်ပစ်လိုက်တာပါပဲ၊ ဒါမျိုးမလုပ်သင့်ပါဘူး။

ဆေးရုံမှာဆိုရင် ဗိုက်ထဲမှာကလေးတစ်ယောက် ရောက်လာဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေ အများကြီးရှိသလို ကလေးတွေကို ဖျက်ချဖို့ကြိုးစားပြီး ရောက်လာတဲ့ မိခင်တွေလည်းအများကြီး ရှိပါတယ်။ အလားတူ ကိုယ့်ကလေးလေးကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးဖွားနိုင်ဖို့ ကြိုးစားနေကြတဲ့ မိခင်တွေလည်း အများကြီး ရှိနေပါတယ်။ မိခင်ဘဝဆိုတာ ဘုရားသခင်ကပေးတဲ့ ကံကောင်းခြင်းလက်ဆောင်လို့တောင် တချို့ကပြောကြတယ်။ တချို့ကံမကောင်းတဲ့သူတွေကျတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကလေးမရနိုင်ပါဘူး။ ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်မွေးဖို့ဆိုရင် မိခင်ကလည်း ကျန်းမာပျော်ရွှင်ရမယ်။ ကလေးကို မိခင်ကိုယ်တိုင်က တကယ်လိုချင်လို့ ယူတာမျိုးလည်း ဖြစ်ဖို့လိုပါတယ်။

ကလေးလေးကို လိုချင်လို့ယူလိုက်ပြီ၊ ဗိုက်ထဲရောက်လာပြီဆိုရင်လည်း ပူပင်မှုတွေ အများကြီးပဲ။ မိခင်တွေက ဒီကလေးလေးကို ကျန်းကျန်းမာမာ မွေးနိုင်ပါ့မလား၊ ကိုယ်လက်အင်္ဂါစုံပါ့မလား၊ ပျက်ကျသွားမလား၊ သွေးဆင်းမလား စသဖြင့် စိတ်ပူတတ်ကြတယ်။ ကိုယ်ဝန်ဆောင်မိခင် ၄-၅ယောက်မှာ တစ်ယောက်လောက်က အမြဲတမ်း ကိုယ်ဝန်ပျက်ကျတတ်တယ်။ “ယောကျာ်းဖောင်စီး၊ မိန်းမမီးနေ” ဆိုတဲ့စကားက တကယ်မှန်ပါတယ်။ မီးဖွားရင်းနဲ့ အသက်ပေးလိုက်ရတဲ့မိခင်တွေ အရင်ကလည်း ရှိခဲ့တယ်၊ အခုချိန်ထိလည်း ရှိနေတုန်းပဲ။ ကျွန်တော်တို့ ဆရာဝန်ဘဝက တစ်ခါတလေ သေမင်းနဲ့ရင်ဆိုင်စစ်ထိုးရတဲ့ အချိန်တွေရှိပါတယ်။ ဟိုတစ်နေ့က ဗိုက်ခွဲမွေးရင်းနဲ့ သွေးတွေသွန်တာ ဘယ်လိုမှထိန်းလို့မရတာနဲ့ ကျွန်တော့်ကိုခေါ်တယ်။ ဗိုက်ထဲမှာ သွေးတွေသွန်နေတာ၊ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ သားအိမ်ကိုမှ မထုတ်လို့ရှိရင် ဒီအမေဟာ အသက်အန္တရာယ်ရှိတော့ ထွက်နေတဲ့သားအိမ်ကြီးကို မရရအောင် ခွဲထုတ်ရတယ်။ တော်တော်ခက်ခက်ခဲခဲ ခွဲထုတ်ရတယ်။ ၃ နာရီလောက်ကခွဲလိုက်တာ ည ၆ နာရီလောက်အထိ မပြီးသေးဘူး။ သွေးတွေထွက်ရင်းထွက်ရင်း သွေးထဲမှာ ခဲစေတဲ့ဓာတ်တွေ အကုန်ပါသွားတာ။ ကျွန်တော့်မှာ မျိုးစုံလုပ်ရင်း ခန္ဓာကိုယ်က ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ အနေအထား တစ်မျိုးတည်းနဲ့ နေမိသလား ဂရုမစိုက်နိုင်ဘူး။ ခွဲခန်းကနေ အိမ်လည်းပြန်ရော လမ်းတောင်မလျှောက်နိုင်တော့ဘူး။ ခြေထောက်နာတာ အခုထက်ထိ မပျောက်သေးဘူး။ ကျွန်တော်တို့တွေဘဝက တစ်ခါတလေ ထိခိုက်ဒဏ်ရာရမှာလား မသိတော့ဘူး။ လူနာအသက်ရှင်ဖို့ကပဲ အရေးကြီးနေတာ။

ကလေးလေးတစ်ယောက်ကို ကျန်းကျန်းမာမာ ချောချောမောမော မွေးဖို့ဆိုတာ Knowledge လို့ ခေါ်တဲ့ အသိဉာဏ်ပညာ ဗဟုသုတက အရေးကြီးပါတယ်။ ကလေးတစ်ယောက် ကျန်းမာအဆင်ပြေပြေမွေးဖို့ ဘာတွေဆောင်ရမလဲ၊ ဘာတွေရှောင်ရမလဲ၊ ဘာတွေကလုပ်သင့်သလဲ၊ ဘာတွေက မလုပ်သင့်ဘူးလဲ ဆိုတာတွေကို ခွဲခြားပြီး သိနေရပါမယ်။ မသိဘဲနဲ့ မမြင်ဘဲနဲ့ အသိအမြင်အမှားကြီးတွေနဲ့ လုပ်လိုက်ရင် အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ နောက်တစ်ခုက Attitude လို့ခေါ်တဲ့ စိတ်ထားသဘောထားကလည်း အရေးကြီးပါတယ်။ ပထမဆုံးနဲ့ အရေးကြီးဆုံး မိခင်တစ်ယောက်ရဲ့ လိုအပ်ချက်က ကိုယ့်ရင်သွေးကို တကယ်လိုချင်ရမယ်၊ တကယ်ချစ်ခင်မြတ်နိုးရမယ်။ မလိုချင်ဘဲရလာရင် ဂရုမစိုက်တတ်ဘူး။ လိုချင်တဲ့ကလေးမှသာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်လိမ့်မယ်။

ကိုယ်ဝန်ဆောင် လူနာတစ်ယောက်ကိုကြည့်ပြီးတိုင်း ဘာတွေဆောင်ရမယ်၊ ဘာတွေရှောင်ရမယ် စသဖြင့် ကျွန်တော်တို့က ပြောလေ့ရှိပါတယ်။ ဆေးရုံတွေမှာ မိခင်တွေကအများကြီး၊ ဆရာဝန်က တစ်ယောက်တည်းဖြစ်တော့ အကုန်လုံးကို စုံလင်အောင် ပြောဖို့အချိန်မရှိပါဘူး။ ဒီနေရာမှာ အဓိကပြောချင်တာက ကိုယ်ရဲ့ကလေးလေးကို လိုချင်လှပါပြီဆိုတဲ့ မိခင်စိတ်ရှိပြီး ကိုယ်ဝန်ဆောင်သင့်တာက အရေးကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ကလေးကို တကယ်လိုချင်လာပြီဆိုရင် ကိုယ်ကမိခင်ဖြစ်ဖို့ အဆင်သင့် ဖြစ်ပြီလားဆိုတာကို တွေးရမယ်။ ကိုယ့်မှာ ရောဂါတွေရှိနေရင် ကိုယ့်ရောဂါကြောင့် ဒီကလေးလေးမှာ ထိခိုက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ် ဂရုစိုက်သင့်ပါတယ်။ ကျန်းမာတဲ့ ကလေးမွေးဖွားနိုင်ဖို့ ဆေးလိပ်ငွေ့ကို ဝေးဝေးရှောင်ဖို့လိုပါတယ်။ ကိုယ်တိုင်သောက်မှ ထိခိုက်တာ မဟုတ်ပါဘူး။ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူမိရင်လည်း ထိခိုက်နိုင်ပါတယ်။

နောက်တစ်ချက်က ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဗီတာမင်ဆေးပြားလေးကို တစ်နေ့တစ်လုံး မှန်မှန်သောက်ဖို့လိုတယ်။ ကလေးတစ်ယောက်မွေးလာရင် မိခင်တွေ ပထမဆုံး မေးတဲ့မေးခွန်းက “ဆရာ . . ကျွန်မကလေးလေး ကိုယ်လက်အင်္ဂါစုံရဲ့လား”ဆိုပြီး မေးတာပဲဖြစ်ပါတယ်။ ပြီးတော့မှ “ကလေးလေးက သူ့အဖေလိုမည်းသလား၊ ထိပ်ပြောင်သလား စသဖြင့် မေးတတ်ကြတယ်။ ဒါကြောင့် မိမိကလေးလေး ဦးနှောက်နဲ့ ခန္ဓာကိုယ်ကျန်းမာပြီး ကိုယ်လက်အင်္ဂါမချို့ယွင်းအောင် ၇၅ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့ ဖောလစ်အက်စစ်ကို နေ့စဉ်သောက်သင့်ပါတယ်။ ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ အနည်းဆုံး နှစ်လကြိုပြီး ဖောလစ်အက်စစ် သောက်သင့်ပါတယ်။

ကိုယ်ရဲ့နောက်ဆုံးလာခဲ့တဲ့ ရာသီရက်ကို မှတ်မိနေဖို့လိုပါတယ်။ အဲဒီရာသီရက်ကို မှတ်မိနေမှသာ ကလေးလေး မွေးမယ့်ရက်ကို တွက်ချက်နိုင်မှာဖြစ်လို့ပါ။ တချို့အမျိုးသမီးတွေကို မေးလိုက်ရင် ယောင်ဝါးဝါးတွေ ဖြစ်နေတတ်ပါတယ်။ တချို့ကျတော့

“ဟိုတစ်နေ့က ဆရာ့ဆီကို လာပြတဲ့စုံတွဲမှာ အမျိုးသမီးက “ဆရာကျွန်မဗိုက်ထဲမှာ ကလေးလေးတစ်ယောက် ရောက်လာပြီ”။ အာထရာဆောင်းရိုက်ကြည့်လိုက်တော့ ကိုယ်ဝန် ၁၀ ပတ်၊ ကလေးက နှလုံးတွေခုန်နေပြီ။ ဒါပေမဲ့ မလိုချင်သေးဘူးဆရာ၊ ကလေးကို ဖျက်ချပေးပါလို့ ပြောတယ်။ “ဘာပြဿနာရှိလို့လဲ၊ မယူဘူးလား”ဆိုတော့ “ယူမှာပါဆရာ။ ဒါပေမဲ့ မင်္ဂလာဆောင်ခန်းမကို ငှားထားတာ နည်းနည်းဝေးသေးတယ်။ အခုကလေးယူလိုက်ရင်” . . .

တွေ့တဲ့ရက်ကောက်ပြောတာလည်း ရှိပါတယ်။ ဒီရက်က အရေးကြီးတာကြောင့် ဖြစ်နိုင်ရင် ဒိုင်ယာရီမှာဖြစ်ဖြစ်၊ ပြက္ခဒိန်မှာဖြစ်ဖြစ် မှတ်ထားဖို့လိုပါတယ်။

ကိုယ့်မှာ ဘယ်လိုရောဂါတွေရှိသလဲ၊ တချို့မှာ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေရှိသလို တချို့ကျတော့ တက်တတ်တဲ့ရောဂါတွေရှိပါတယ်။ တချို့ကျတော့ ကိုယ့်မှာရောဂါရှိမှန်း မသိကြပါဘူး။ ဖြစ်သင့်တာက ကလေးယူဖို့ စပြီးပြင်ဆင်ပြီဆိုရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ့်မှာ ဘာရောဂါတွေ ရှိနေသလဲဆိုတာ စစ်ဆေးသင့်ပါတယ်။ ရောဂါတွေရှိနေရင် ကိုယ်ဝန်ယူဖို့ သင့်တော်ရဲ့လားဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ ကုသဖို့လိုအပ်ရင် ကုသမှုခံယူပြီး အကောင်းဆုံးအခြေအနေမှာမှ ကလေးယူသင့်ပါတယ်။ တချို့မသိဘဲ ကလေးယူပြီးမှ သွေးချိုတွေတအားတက်လာတာမျိုး တွေ့ရပါတယ်။

ဘယ်မှာမှလည်း ဗိုက်မအပ်နိုင်၊ ရောဂါစစ်ဆေးမှုလည်းမရှိဘဲ အရပ်လက်သည်တွေနဲ့ မွေးထားတဲ့ ကလေးတွေဆိုရင် ရောဂါတွေကြောင့် ဆေးရုံတက်ရတာ များတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင်ကတည်းက ရောဂါရှိ၊ မရှိ စစ်သင့်တယ်၊ ဖြစ်နိုင်ရင် မင်္ဂလာမဆောင်ခင်ကတည်းက စစ်သင့်တာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ တချို့တရားရုံးတွေမှာဆိုရင် မင်္ဂလာဆောင်မယ့် မောင်နှံတွေကို သွေးစစ်ထားပြီးပြီလား၊ အဖြေတွေပြပါလို့ ပြောတတ်တယ်၊ မစစ်ထားရင် လက်မှတ်မထိုးပေးပါဘူး၊ ဒါက သိပ်ကောင်းတဲ့အလေ့အထပဲ ဖြစ်ပါတယ်။

အာထရာဆောင်းရိုက်တာက ကလေးတွေနေရာလွဲပြီး ရောက်နေသလား၊ နှစ်မြွှာသုံးမြွှာဖြစ်နေသလား၊ ကလေးက ကိုယ်လက်အင်္ဂါ ချို့ယွင်းနေသလား၊ ကိုယ်ဝန်က ဘယ်လောက်ကြာနေပြီလဲ စတာတွေကို သိနိုင်ပါတယ်။ တချို့က အာထရာဆောင်းရိုက်ရင် ကလေးထိခိုက်မှာစိုးရိမ်လို့ မရိုက်ချင်ဘူးဆိုတာမျိုး ရှိတတ်ပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အာထရာဆောင်းက ဓာတ်မှန် (X-ray) မဟုတ်ပါဘူး။ ဓာတ်မှန်ရိုက်ရင်တော့ ကလေးကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် မလွဲမသွေ ဓာတ်မှန်ရိုက်ရမယ့် ကိစ္စတွေမှာ ကလေးကို မထိခိုက်အောင် အကာအကွယ်တွေလုပ်ပြီး ရိုက်ရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ ဆရာတို့ဆီ ဗိုက်လာအပ်ရင် အများအားဖြင့် သူတိုရဲ့ခင်ပွန်းတွေက ပါမလာတတ်ဘူး။ ကလေးလိုချင်တယ်လို့ လာပြတဲ့အမျိုးသမီးတွေတောင် ခင်ပွန်းကပါမလာတာမျိုး ရှိပါတယ်။ “အမျိုးသားရော”လို့မေးလိုက်ရင် “အလုပ်ရှုပ်နေတယ်”လို့ ဖြေတတ်ကြတယ်။ တကယ်တမ်းကျတော့ ကိုယ်ဝန်ဆောင်တာက မိခင်တင်မက ဖခင်မှာလည်း ထပ်တူထပ်မျှ တာဝန်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေက တစ်ခါတလေ အားငယ်တတ်ပါတယ်။ ဘာကိုပူပန်မှန်းမသိဘဲ ပူပန်စိတ်က အမြဲရှိနေတတ်တယ်၊ မွေးရင် ဘယ်လောက်နာကျင်မလဲ၊ မွေးလာတဲ့ကလေးလေးက ကိုယ်လက်အင်္ဂါစုံလင်ပါ့မလား စတာတွေတွေးရင်းတွေးရင်း မိခင်တွေက ညအိပ်မပျော်တတ်ပါဘူး။ တချို့ဆို “ကလေးကြီးလာရင် ကျောင်းဘယ်သွားထားရင်ကောင်းမလဲ”ဆိုတာတို့၊ “ဘယ်သူနဲ့ပေးစားရင် ကောင်းမလဲ”ဆိုတာတို့တောင် စဉ်းစားတတ်ပါသေးတယ်။ အဲဒီလို စိုးရိမ်ပူပန်တတ်တဲ့ မိခင်တွေကို အားပေးနှစ်သိမ့်ဖေးမပေးဖို့ အကြင်နာယုယမှုတွေလိုပါတယ်။ ချစ်စကားလေးတွေလိုပါတယ်။ ပြီးတော့ ကလေးမီးဖွားဖို့ ငွေလိုပါတယ်။ မွေးဖွားရာမှာ ဇနီးသည်ဘေးမှာရှိနေဖို့ လိုပါတယ်။ ဒါတွေအားလုံး ပေးစွမ်းနိုင်ဖို့ အိမ်ထောင်ဦးစီးအပေါ်မှာ မူတည်နေပါတယ်။

အာဟာရဆိုတာ လူတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ ကားတစ်စီးက ဓာတ်ဆီမထည့်ရင် မသွားလာနိုင်သလိုပဲ လူတွေကလည်း ဘာမှမစားရင် ဘာမှမလုပ်နိုင်ပါဘူး။ မိခင်အာဟာရချို့တဲ့ရင် ရောဂါပိုးတွေ ဝင်လွယ်ပြီး ကျန်းမာရေး ထိခိုက်မယ်၊ သူကမွေးလာတဲ့ကလေးက ကိုယ်လက်အင်္ဂါချို့ယွင်းပြီး ဦးနှောက်ဉာဏ်ရည်မပြည့်တဲ့ ကလေးလေးမွေးဖွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်အောင် စားသင့်ပါတယ်။ အစားအသောက်ကို စုံလင်မျှတအောင် စားသင့်ပါတယ်။ တချို့အမေတွေက ကိုယ်ဝန်ဆောင်တဲ့သမီးကို “အသားတွေမစားနဲ့၊ ကလေးထွားမယ်၊ ပဲမစားနဲ့၊ ကလေးလေပါမယ်” စသဖြင့် ပြောတတ်တယ်။ တစ်ခါတလေ ဘာစားရမှန်းကို မသိလောက်အောင်ပါပဲ . . အဲဒီလိုနဲ့ ထမင်းနဲ့ ငါးခြောက်ဖုတ်လေးစားနေတဲ့ ကိုယ်ဝန်ဆောင်တွေ အများကြီးရှိနေပါတယ်။ ဒါကမှားယွင်းတဲ့ အယူအဆတွေဖြစ်လို့ တိုက်ထုတ်ပစ်ဖို့ လိုပါတယ်။ အဲဒီအခါ ဗီတာမင်ဘီဝမ်းချို့တဲ့ပြီး ထုံနာကျင်နာ ဖြစ်တတ်တယ်၊ ဒါပေမဲ့ အဘိုးအဘွားတွေက ဆပ်ပြာကိုင်လို့ဖြစ်တာလို့ ထင်တတ်တယ်၊ ဒီအခြေအနေမှာ ဗီတာမင်ဘီဝမ်းကို အမြန်ဆုံးပေးနိုင်ဖို့ လိုပါတယ်။

နောက်ထပ် ကိုယ်ဝန်ဆောင်မိခင်တွေ လုပ်လေ့ရှိတဲ့ အယူအဆမှားက ဗိုက်ထဲက ကလေးအတွက်ပါ နှစ်ယောက်စာစားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ အရင်က ငါးခါစားရင် အခု ၁၀ ခါစားမယ်ဆိုတာမျိုး လုပ်တတ်ကြတယ်။ တကယ်တမ်းကျတော့ ဗိုက်ထဲကကလေးအတွက် အပိုဆောင်းပြီး များများစားလိုက်ရင် ကယ်လိုရီအပိုတိုင်းက အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာသိုလှောင်သွားတယ်။ ကလေးမွေးပြီးသွားရော ကိုယ်အလေးချိန် အဆမတန် များသွားတတ်တယ်။ နွားနို့၊ ကြက်ဥ/ဘဲဥစတာတွေကို မကျက်တကျက် မစားသောက်သင့်ဘူး။ ပိုးတွေပါတတ်လို့ အန္တရာယ်ပေးနိုင်ပါတယ်။ အသည်းစားရင် အားရှိတယ်ဆိုပြီး ကြက်သည်းကြက်မြစ်၊ ဝက်သည်း စတာတွေ နေ့စဉ်စားရင် အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ တိရစ္ဆာန်ကလီစာတွေထဲမှာ ဗီတာမင်အေ ပါဝင်တဲ့အတွက် ဗီတာမင်အေက များလွန်းရင် ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ကော်ဖီနဲ့အရက်ကို မသောက်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ “ဝမှလှတယ်” ဆိုတဲ့စကားက မှားပါတယ်။ ဝတာက ရောဂါတွေ ပိုဖြစ်လွယ်တတ်သလို ကင်ဆာတောင် ဖြစ်တတ်ပါတယ်။ စိတ်နဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့ရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတာတွေလည်း ဖြစ်တတ်တယ်။ ကလေးလမစေ့တာတွေ၊ ခွဲစိတ်ရခက်ခဲတာတွေ စတဲ့ပြဿနာတွေရှိတတ်တယ်။ ခွဲစိတ်မွေးဖွားရာမှာ ဝတဲ့လူနာကိုခွဲရမှာ သိပ်ကိုကြောက်ပါတယ်။ အဆီအထပ်ထပ်ကိုခွဲပြီး ကလေးကို မွေးထုတ်ရပါတယ်။ ခွဲပြီးသွားရင်လည်း အနာကျက်ဖို့ ခဲယဉ်းပါတယ်။ မေ့ဆေးပေးဖို့လည်း မလွယ်ပါဘူး။ ချုပ်ရိုးတွေကလည်း ကွဲထွက်တတ်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် မပိန်မဝခန္ဓာကိုယ်ကို ထိန်းသင့်ပါတယ်။ ခန္ဓာကိုယ်က သိပ်ဝနေရင်လည်းမကောင်း၊ သိပ်ပိန်နေရင်လည်း မကောင်းပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့မယ်၊ အန်မယ်၊ ဝမ်းချုပ်မယ်၊ ရင်ပူမယ်၊ တစ်ခါတလေ လိပ်ခေါင်းတောင် ဖြစ်နိုင်တယ် . . အန်ရင်းအန်ရင်း အသက်တောင်ပါတဲ့အထိ ဖြစ်တတ်တဲ့အတွက် သတိထားသင့်ပါတယ်။ အန်တတ်ရင် အပူအစပ်တွေ၊ အဆီများတာတွေ ရှောင်ရပါမယ်။ တချို့ဆိုရင် ဘာအစာမှမဝင်ဘဲနဲ့ အန်ပဲအန်နေတတ်တယ်၊ ဒါကြောင့် အစာကို နည်းနည်းစီ နည်းနည်းစီ စားပေးပြီး အအန်ပျောက်ဆေး သောက်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူရင် အဝတ်ကျပ်ကျပ်တွေ မဝတ်ရဘူး။ ခေါင်းအုံးမြှင့်ပြီး အိပ်ပေးရမယ်။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ဟော်မုန်းက သားအိမ်ကို ငြိမ်အောင်ထိန်းပေးတဲ့အပြင် အူတွေကိုပါငြိမ်အောင် လုပ်ပစ်လိုက်ပါတယ်။ အူတွေက မလှုပ်ရှားတော့ ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းမသွားရင် နေရခက်တဲ့အတွက် ဝမ်းမှန်မှန်သွားအောင် အသီးအရွက်တွေများများ စားရမယ်၊ ရေများများ သောက်ရမယ်၊ မနက်မိုးလင်းလာရင် ရေသောက်၊ ဝမ်းသွားတတ်တဲ့အကျင့်ကို လုပ်ထားရပါမယ်။ ဝမ်းချုပ်ရင်လည်း တွေ့ရာကြုံရာ ဝမ်းနုတ်ဆေးပြင်းပြင်းတွေ မသောက်သင့်ပါဘူး။ ကိုယ်ဝန် ဆောင်မိခင်တွေနဲ့ သင့်တော်တဲ့ ဝမ်းနုတ်ဆေးအပျော့စား (ဥပမာ MOM) ကို သောက်ပေးရမယ်။

ကိုယ်ဝန်ဆောင်တစ်ယောက်က တစ်ယောက်တည်း လျှောက်မသွားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက်တတ်တဲ့အတွက် လှုပ်ရှားမှုများများလုပ်ပေးရမယ်။ ဖြစ်နိုင်ရင် ခြေသလုံးကို နှိပ်နယ်ပေးရပါမယ်။ ဖောတာ၊ ရောင်တာတွေ ဖြစ်လာရင် ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေဖြစ်တတ်လို့ သတိထားရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာအကြောင်းမှမရှိဘဲ မောပန်းနေတတ်ပါတယ်။ ဒါကြောင့် အရင်လို ပင်ပင်ပန်းပန်း အလုပ်မလုပ်သင့်ပါဘူး။ စိတ်ကိုလည်းဖြေလျှော့ထားရပါမယ်။ ခါးကို မတ်မတ်ထားရမယ်၊ ဒေါက်မြင့်ဖိနပ် မစီးရဘူး၊ ဖိနပ်ပါး စီးရမယ်။ ပစ္စည်းတွေကို ကုန်းပြီးမကောက်ရဘူး၊ ထိုင်ပြီးမှ ကောက်ရမယ်။ ဒါမှ ခါးနာတဲ့ ဝေဒနာကင်းမှာ ဖြစ်ပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်အားလုံး ကျန်းမာပျော်ရွှင်တဲ့ ကလေးမွေးဖွားနိုင်ကြပါစေ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top