Healthy Life Ad
Health Tips

မိသားစုနှင့် ဆီးချိုသွေးချိုရောဂါအကြောင်း (Family and Diabetes)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ကမ္ဘာပေါ်မှာ ၄၂၅ သန်းသောလူတို့ဟာ ဆီးချိုသွေးချိုရောဂါကို ခံစားနေကြရပါတယ်။ များသောအားဖြင့် သူတို့တွေဟာ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါရှိသူတွေဖြစ်ပြီး တကယ်တော့ ကျန်းမာအောင် နေထိုင်စားသောက်မယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူ့ပတ်ဝန်းကျင်ကို ဖန်တီးနေထိုင်ကြမယ်ဆိုရင် ဒီရောဂါကို တော်တော်လေးထိရောက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၈ -၂၀၁၉ ခုနှစ် နှစ်နှစ်တာအတွက် ကမ္ဘာ့ဆီးချိုသွေးချို ရောဂါကာကွယ်ရေးနေ့ (World Diabetes Day)၏ ဆောင်ပုဒ်ကို “မိသားစုနှင့် ဆီးချိုသွေးချိုရောဂါ” (Family and Diabetes) ဟူ၍ သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ဆီးချိုသွေးချိုများနေ့ကို နှစ်စဉ် နိုဝင်ဘာလ ၁၄ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးမှာ ဆင်နွှဲကြပါတယ်။ နိုင်ငံတကာ ဆီးချိုသွေးချိုအသင်းကြီး International Diabetes Federation (IDF) က ဒီဆောင်ပုဒ်ကို ရွေးချယ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ ကမ္ဘာနဲ့အဝန်းမှာ အရှိန်အဟုန်နဲ့ များပြားလာတဲ့ ဆီးချိုသွေးချိုရောဂါကို မိသားစုများအားလုံး ပါဝင်ပြီး ကာကွယ်စောင့်ရှောက်မှသာ ပိုမိုထိရောက်အောင်မြင်နိုင်မှာ ဖြစ်ကြောင်း တွေ့ရှိထားလို့ဖြစ်ပါတယ်။ သူတို့ကို ဆီးချိုသွေးချိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေအကြောင်း ဗဟုသုတကြွယ်ဝအောင် ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားသောက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားနိုင်မည့် အလေ့အထနဲ့ ပတ်ဝန်းကျင်ကို ဖန်တီးရန် တိုက်တွန်းနှိုးဆော်ပေးဖို့ လိုအပ်ပါတယ်။

တကယ်တော့ ဆီးချိုသွေးချိုရောဂါက ဆီးချိုသွေးချိုရှိသူကိုသာမကဘဲ အမြဲအတူ ပေါင်းသင်းနေထိုင်ကြရတဲ့ မိသားစုဝင်တွေ အားလုံးအပေါ်မှာလည်း သက်ရောက်မှုတွေရှိပါတယ်။ ထို့အတူဘဲ ဆီးချိုသွေးချို ရောဂါမဖြစ်အောင် ကာကွယ်ရေး၊ ကုသရေးနဲ့ နောက်ဆက်တွဲရောဂါမဖြစ်အောင် ကာကွယ်ကုသရေးတွေအတွက် မိသားစုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လှုပ်ရှားမှသာ ထိရောက်တဲ့ ဆီးချိုသွေးချို ကာကွယ်ထိန်းသိမ်းခြင်းကို ရရှိမှာဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ၏ မိသားစုတွေအပေါ် သက်ရောက်မှုနှင့် ထိခိုက်နစ်နာမှုများ

ဆီးချိုသွေးချိုရဲ့ ဆိုးကျိုးတွေဟာ မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိသလဲဆိုတာကို ဦးစွာရှင်းပြလိုပါတယ်။ ဆီးချိုသွေးချိုလူနာတစ်ဦး မိမိရဲ့မိသားစုမှာ ရှိလာပြီဆိုရင် လူနာသာမက သူရဲ့မိသားစုဝင်တွေအားလုံးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း နစ်နာမှုတွေ၊ ဆိုးကျိုးတွေ များစွာရှိလာပါမယ်။

ပထမဆုံး ဆီးချိုသွေးချိုရောဂါကို “မိသားစု” ရောဂါတစ်ခုလို့ပဲယူဆရမှာ ဖြစ်ပါတယ်။ မိသားစုတစ်ဦးမှာ ဆီးချိုဖြစ်ပြီဆိုရင် သွေးတော်စပ်တဲ့ ကျန်မိသားစုတွေမှာလည်း ဘဝသက်တမ်းတစ်လျှောက် တစ်ချိန်ချိန်မှာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာဖို့ တော်တော်လေး နီးစပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မျိုးရိုးဗီဇချင်းတူနေတာအပြင် စားသောက်နေထိုင်မှု ပုံစံကလည်း အကြမ်းအားဖြင့် တူနေကြလို့ပါပဲ။

ဆီးချိုရောဂါဖြစ်တဲ့ မိသားစုမှာ ဆီးချိုသွေးချို

“ဆီးချိုသွေးချို လူနာတစ်ဦး မိမိရဲ့မိသားစုမှာ ရှိလာပြီဆိုရင် လူနာသာမက သူရဲ့မိသားစုဝင်တွေအားလုံးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း နစ်နာမှုတွေ၊ ဆိုးကျိုးတွေ များစွာရှိလာပါမယ်။ ပထမဆုံးဆီးချိုသွေးချိုရောဂါကို ‘မိသားစု’ ရောဂါ တစ်ခုလို့ပဲ ယူဆရမှာ ဖြစ်ပါတယ်” . . .

ရောဂါ ဖြစ်နေသူသာလျှင် ခံစားနေရတာ မဟုတ်ဘဲ ဆီးချိုမရှိတဲ့ မိသားစုဝင်တွေအတွက်လည်း သွယ်ဝိုက်ပြီး စိတ်ဖိစီးမှုအပြင် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ စတဲ့ဝန်ထုပ်ဝန်ပိုးများစွာ ရှိလာပါမယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်သူတွေအဖို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေလို ကျန်းမာရေးအာမခံစနစ် မရှိသေးလို့ မိမိဆေးကုစရိတ်ကို မိမိ သို့မဟုတ် မိသားစုဝင်တစ်ဦးရဲ့ အိတ်မှစိုက်ထုတ်ပြီး ကုသရတာကြောင့် မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာပါမယ်။ ဆီးချိုရောဂါကို အသက်ရှင်သရွေ့ ကုသနေရတာဖြစ်လို့ တစ်သက်တာ စုစုပေါင်းကုန်ကျမယ့် ကုသစရိတ် ကြီးမားခြင်းကြောင့်တစ်ကြောင်း၊ မကုသပဲထားမိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာပါက အဲဒီရောဂါကြီးတွေအတွက် ကုသစရိတ် အဆပေါင်းများစွာ ထပ်မံကုန်ကျနိုင်တာကြောင့် ပေါ်ပေါက်လာမယ့် ဝန်ထုပ်ဝန်ပိုးတွေဟာ နောက်ဆုံးတော့ မိသားစုအပေါ်မှာသာ ကျရောက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဟာ မိသားစုရောဂါ၊ မိသားစုအရေးဖြစ်လို့ မိသားစုဝင်တိုင်း စိတ်ဝင်စားဖို့၊ သိရှိဖို့၊ ပါဝင်ဆောင်ရွက်ကြဖို့ အလွန်အရေးကြီးကြောင်း ပြောကြားလိုပါတယ်။

မိသားစုအပေါ် ဆီးချိုရောဂါ၏ သက်ရောက်မှု

ဆီးချိုသွေးချိုရောဂါဟာ မိသားစုဝင်တွေအပေါ် ဘယ်လိုဝန်ထုပ်ဝန်ပိုးတွေ ကျရောက်နိုင်သလဲဆိုတာ အသေးစိတ် ထပ်မံလေ့လာကြည့်ပါမယ်။ လူနာကိုဆေးကုသဖို့ စရိတ်တွေကုန်ကျပါတယ်။ အသေးစိတ်ပြန်ကြည့်မယ်ဆိုရင် နေ့စဉ်သောက်နေရတဲ့ဆေးတွေမှာ ဆီးချိုဆေးတွေအပြင် ဆက်စပ်နေတဲ့ တခြားရောဂါကုသရတဲ့ ဆေးတွေလည်း ပါဝင်ပါတယ်။ ဥပမာ- သွေးကျဆေး၊ အဆီးကျဆေး၊ သွေးကြောမပိတ်အောင် တားဆီးတဲ့ဆေး၊ ထုံကျဉ်တာအတွက်ဆေး၊ အားဆေး၊ နှလုံးဆေး၊ လေငန်းဆေး၊ အခါအားလျော်စွာ လိုအပ်တဲ့ ပဋိဇီဝပိုးသတ်ဆေး စတဲ့ဆေးပေါင်းများစွာ ပေးနေရတဲ့အတွက် အကုန်အကျများရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးချိုထိန်းဖို့ခက်ခဲပြီး နောက်ဆက်တွဲရောဂါတွေ ရှုပ်ထွေးလာရင် အခြားအထူးကုဆရာဝန်များ၊ ဆေးရုံဆေးခန်းများသို့ သွာရောက်ဖို့ လိုအပ်လာပါမယ်။ မိသားစုအဖို့ စရိတ်ကုန်၊ အချိန်ကုန်ခြင်းလည်း ထည့်သွင်းစဉ်းစားရပါမယ်။ တစ်ခါတစ်ရံ ရောဂါအသည်းအသန်ဖြစ်ရင် ဆေးရုံတက်စရိတ် ထပ်မံကုန်ကျပါမယ်။ ဆေးရုံတက်ရရင် မိသားစုကပြုစုဖို့ အချိန်ပေးရခြင်း၊ အလုပ်အကိုင်ပျက်ခြင်းကြောင့် ထပ်မံ၍ မိသားစုဝင်ငွေ လျော့ကျခြင်းတွေ ကြုံရပါမယ်။

အသိနောက်ကျ၍သော်လည်းကောင်း၊ သိပြီးနောက်လည်း ဆေးမကု၍သော်လည်းကောင်း နောက်ဆက်တွဲရောဂါများ ရရှိလာရင် လူနာအဖို့ နာတာရှည်ဝေဒနာတွေ ခံစားရပြီး အသက်တိုနိုင်ပါတယ်။ စိတ်ဓာတ်ကျဝေဒနာ ခံစားရခြင်းလည်း ဖြစ်လာတတ်ပါတယ်။ မိသားစုအဖို့လည်း တာရှည်ပြုစု ကုသပေးရတဲ့ဝန်ကို မထမ်းနိုင်တော့ပါက စိတ်ဆင်းရဲပြီး ဝမ်းနည်းရခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်လာပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top