Healthy Life Ad
Q & A

မျက်လုံးရှေ့တွင် တစ်ခုခုရွေ့လျားနေခြင်း

Q. Floater အကြောင်း ရှင်းပြပေးပါ ဆရာ။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

A. မျက်စိမှန်ဘီလူးရဲ့ နောက်ဘက်မှာ Vitreous Cavity ရှိတယ်။ အဲဒီထဲမှာ Vitreous အရည်တွေနဲ့ ပြည့်နေတယ်။ မျက်စိကိုကြည့်လိုက်ရင် ရေထုထည်စစ်စစ် (Aqueous)နဲ့ ရေနဲ့ကော်လာဂျင်ဖိုင်ဘာ အရောအနှော(Vitreous) ရှိတယ်။ ကော်လာဂျင်ဖိုင်ဘာက ဆံချည်မျှင်အနေနဲ့ အလုံးလိုက်ရှိနေတယ်။ ဒါကြောင့် Vitreous ကိုကြည့်လိုက်ရင် ဂျယ်လီလို Semisolid ဖြစ်နေတယ်။ ကော်လာဂျင်ဖိုင်ဘာတစ်ခုနဲ့ တစ်ခုကြား စေးကပ်နေအောင် Hyaluronic Acid က ကပ်ပေးထားတယ်။ ဒါပေမဲ့ အဲဒီအက်စစ်နည်းသွားရင် ကော်လာဂျင်ဖိုင်ဘာလေးတွေက တစ်စစီပြိုကွဲလာတယ်။ ဆံချည်မျှင်လို လုံးခဲမနေဘဲ ကွဲထွက်သွားတယ်။ အဲဒါက Floater လို့ ခေါ်ပါတယ်။

Q. Floater က ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. အဓိကကတော့ Hyaluronic Acid နည်းသွားတဲ့ အခြေအနေအားလုံးက Floater ဖြစ်တတ်တယ်။ အခြေအနေတစ်ခုက အသက်ကြီးလာတာဖြစ်ပြီး နောက်ထပ်ဖြစ်တတ်တာက ထိခိုက်ဒဏ်ရာရတာနဲ့ အနုတ်ပါဝါတပ်ရတာတွေကြောင့်ဖြစ်တယ်။ ဒါက Degenerative Changes (ခန္ဓာကိုယ်ယိုယွင်းမှုကြောင့်ဖြစ်တဲ့ပြောင်းလဲမှု)ကြောင့် ဖြစ်တာပါ။ ဒါဆိုရင်တော့ မပျောက်ပါဘူး။ တစ်ခါတလေ ပိုလည်းပိုများလာနိုင်ပါတယ်။ တစ်ခါတလေကျရင်တော့ ရောဂါအခြေအနေ (Pathological Changes)ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ သူငယ်အိမ်ရောင်တဲ့ အခြေအနေ (Uveitis) ကြောင့်လည်း ဖြစ်တတ်ပါတယ်။ သူငယ်အိမ်ရောင်တဲ့အခါ ဆဲလ်တွေကွဲထွက်ပြီး Vitreous ထဲရောက်ပြီး ပေါလောပေါ်နေတတ်ပါတယ်။ ဒါဆိုရင်တော့ ရောဂါဖြစ်လို့ စိုးရိမ်ရတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်က သူငယ်အိမ်ရောင်တာကို ကုသလိုက်ရင် Floater ပျောက်သွားနိုင်ပါတယ်။

Q. ဒီလိုဖြစ်တဲ့အခါ လူနာတွေက ဘယ်လိုသတိပြုမိတတ်ပါသလဲ ဆရာ။

A. လူနာတွေက သတိထားမိတယ်။ ယင်ကောင်လေး ပျံနေသလိုမြင်ရလို့ တချို့လူနာတွေဆို လိုက်ဖမ်းတာမျိုးတောင် လုပ်တတ်တယ်။ တကယ်တော့မဟုတ်ပါဘူး။ တချို့လူနာတွေကျတော့လည်း မျက်လုံးထဲမှာ ရှုပ်နေတယ်။ မြင်ကွင်းထဲမှာ ပေါလောပေါနေတဲ့ အရာတစ်ခုတွေ့နေရတော့ မျက်စိထဲမှာ ရှုပ်နေတတ်တယ်။ တချို့လူနာတွေကျတော့ မျက်စိထဲမှာ ကာဆီးကာဆီးဖြစ်နေတယ်လို့ ပြောကြတယ်။ သူတို့စိတ်ထဲမှာ မျက်စိထဲ ပြင်ပပစ္စည်းတစ်ခုဝင်နေလို့ လက်နဲ့အသာလေးဖယ်ပေးလို့ရမယ်လို့ ထင်နေကြတယ်။

Q. Floater က အဖြစ်များပါသလား ဆရာ။

A. ဆရာတို့ ငယ်ငယ်တုန်းကတော့ ဒီရောဂါကို သိပ်မတွေ့ဘူး။ အခုနောက်ပိုင်းမှာ လူတွေရဲ့ ကျန်းမာရေးအသိကလည်း တိုးတက်လာသလို ဆရာတို့ မျက်စိဆရာဝန်တွေကလည်း ဒါကိုသတိထားပြီးရှာလာတော့ ပိုတွေ့လာတယ်။ လူနာတွေကိုယ်တိုင်က မျက်စိထဲမှာ အကောင်တစ်ကောင် လာရှုပ်နေတယ်ဆိုပြီး စိုးရိမ်စိတ်နဲ့ လာပြတတ်ကြပါတယ်။

Q. Floater ကုသမှုနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲလေးတွေ ကြုံရတတ်ပါသလဲ ဆရာ။

A. ဆရာဝန်နဲ့ လူနာကြားမှာ နားလည်မှုရဖို့ အခက်အခဲ နည်းနည်းရှိပါတယ်။ Floater ဖြစ်လို့ လာပြတဲ့အခါ Degenerative Changes ကြောင့်ဖြစ်ရင် ဆရာဝန်ရဲ့တာဝန်က ရှင်းပြဖို့ပဲဖြစ်ပါတယ်။ “အဘ ဘာမှမစိုးရိမ်နဲ့ ..ဘာမှမဖြစ်ဘူး” လို့ ပြောရတယ်။ ဆရာ့မှာတောင် ဘယ်ဘက်မျက်လုံးမှာ ရှိပါတယ်။ တချို့လူတွေကျတော့ အသက်ကြီးလို့ ဖြစ်တာလို့ပြောရင် ဘာကြောင့် မျက်စိနှစ်ဖက်စလုံးမဖြစ်ဘဲ တစ်ဖက်တည်း ဖြစ်ရတာလဲလို့ ပြန်မေးတတ်ကြပါတယ်။ သူတို့ပြောတာလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဆိုတာတော့ မသိပါဘူး။ တချို့ဆိုရင် မျက်စိနှစ်ဖက်စလုံးဖြစ်ပြီး တချို့ကျတော့ တစ်ဖက်တည်းပဲ ဖြစ်တာတွေ့ရပါတယ်။ အသက်အရွယ်ကို ပြောမယ်ဆိုရင်လည်း တချို့ အသက် ၇၀ကျမှဖြစ်ပြီး တချို့ အသက်၄၀နဲ့ဖြစ်တာကိုလည်း တွေ့ရပါတယ်။ ဒါက ဘာနဲ့သွားတူသလဲဆိုတော့ ဆံပင်ဖြူတာနဲ့တူပါတယ်။ တချို့လူတွေကျတော့ အသက်ကြီးတဲ့အထိ ဆံပင်မဖြူပေမယ့် တချို့ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတတ်ပါတယ်။ ဒီသဘောပါပဲ။

ဆံပင်ဖြူသလိုပါပဲ၊ တစ်ချောင်းဖြူချင်ဖြူမယ်၊ တဖြည်းဖြည်း တစ်ခေါင်းလုံး ဖြူချင်လည်းဖြူလာနိုင်တယ်။ ဆံပင်ဖြူတာက ဆေးဆိုးလို့ရတယ်။ လူနာအများစုကတော့ ဆရာတို့က ရှင်းပြလိုက်ရင် လက်ခံသွားတာ များပါတယ်။ “ဒါက အဘွားကို ဘာမှဒုက္ခပေးမှာမဟုတ်ဘူး၊ စိတ်အေးအေးထားပါ” လို့ပြောလိုက်ရင် လက်ခံသွားတတ်တယ်။ တချို့ကျတော့လည်း နောက်ဆရာဝန်တစ်ယောက်ပြောင်းပြတယ်၊ အဲဒီအတိုင်း ရှင်းပြမှပြန်လက်ခံတယ်။ ခေါင်းမာတဲ့ လူတချို့ကျတော့ ရောဂါရှိနေရင် ကုကိုကုပေးရမယ်၊ ဒီဆရာဝန်က သူမကုနိုင်လို့ ညာနေတာလား၊ ဒါမှမဟုတ် ဘာကြောင့်ညာနေတာလဲ စသဖြင့် ပြောကြတယ်။ ဒီလို နားလည်မှုလွဲတာကိုလည်း မကြာခဏ တွေ့နေရပါတယ်။

Q. လူနာနဲ့ဆရာဝန် နားလည်မှုလွဲရတာက ဘယ်လိုအကြောင်းကြောင့် အများဆုံးဖြစ်တတ်ပါသလဲ ဆရာ။

A. အတွင်းတိမ်မှာ တချို့လူတွေရဲ့တိမ်က သိပ်သည်းနေတော့ မှုန်နေတယ်။ အဲဒီလို မျက်စိမှုန်တဲ့အချိန်မှာ သတိမထားမိဘူး။ အတွင်းတိမ်ခွဲလိုက်တော့ လင်းသွားတဲ့အတွက် Floater ကို ကောင်းကောင်းတွေ့ရတယ်။ အဲဒီအခါ မျက်စိခွဲပေးတဲ့ ဆရာဝန်ကို ရန်ရှာတတ်ပါတယ်။ ‘ဆရာခွဲလို့ ဖြစ်သွားတာ’လို့ ပြောတော့ ဆရာဝန်က မဟုတ်ကြောင်း နားလည်အောင်ရှင်းပြရတယ်။ မကျေနပ်ဘဲ နောက်ဆရာဝန်ကိုသွားပြောတော့ နောက်ဆရာဝန်ကလည်း အဲဒီအတိုင်း ရှင်းပြတယ်။ အဲဒီအခါ ဆရာဝန်အချင်းချင်း ရိုင်းပင်းပြီး ကုနေတာလားလို့ ထင်ကြပြန်တယ်။ ဒီအခက်အခဲကိုလည်း ဆရာတို့ မကြာခဏ ကြုံရပြန်ပါတယ်။ တကယ်တော့ အတွင်းတိမ်မခွဲခင်ကတည်းကရှိနေတာ၊ မှုန်နေလို့ မမြင်ရတာပါ။ ခွဲလိုက်လို့ ကြည်လင်သွားတော့ Floater ကို ကောင်းကောင်းမြင်လာရတာ ဖြစ်ပါတယ်။

Q. ဘယ်အခြေအနေမှာဆိုရင် စိုးရိမ်ဖို့လိုပါသလဲ ဆရာ။

A. ခြွင်းချက်တစ်ခုကတော့ Vitreous က Floater တွေက ပြေးနေရင် မျက်စိအာရုံခံလွှာကို သွားထိမိရင် မီးပွားလေးတွေ (Flashes) တွေ ပေါ်လာတယ်။ အဲဒါဆိုရင်တော့ စိုးရိမ်ရတယ်။ အဲဒီ Flashes တွေက မျက်စိအာရုံခံလွှာကို သွားဆွဲနိုင်တဲ့အတွက် Retina Detachment ရနိုင်တယ်။ ဒါဆိုရင်တော့ အရေးပေါ်မျက်စိခွဲစိတ်ကုသမှု လုပ်ဖို့လိုပါတယ်။ မလုပ်ရင် မျက်စိကွယ်နိုင်လို့ပါ။ ဒါပေမဲ့ သမားရိုးကျဖြစ်တဲ့ Floaters တွေကြောင့်တော့ မျက်စိအာရုံခံလွှာကို သွားဆွဲလေ့မရှိပါဘူး။ ရောဂါကြောင့်ဖြစ်မှသာ ဆွဲတတ်တာပါ။

Q. မျက်စဉ်းဆေးတွေခတ်ရင်ကော သက်သာနိုင်ပါသလား ဆရာ။

A. ပျောက်တယ်ဆိုပြီး ကြော်ငြာတဲ့ မျက်စဉ်းဆေးတွေတော့ ရှိပေမယ့် တကယ်တမ်းမှာ မပျောက်ပါဘူး။ Degenerative Changes ကို ဘယ်အရာမှ ဟန့်တားလို့ မရပါဘူး။ အိုမင်းမှုဖြစ်စဉ်ကို ကာကွယ်နိုင်ဖို့ အင်တီအောက်ဆီးဒင့်ပါတဲ့ ဆေးတွေပေးကြည့်တာမျိုး လုပ်လို့ရပါတယ်။ တကယ်တော့ မပျောက်ပါဘူး။ လူနာ စိတ်သက်သာရာ ရလိုရငြားပေးရတာပဲ ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top