Healthy Life Ad
Q & A

သာမန်လူ၊ ကင်ဆာဝေဒနာရှင်နဲ့ ဆီးချိုရှိသူတွေက သကြားကို တစ်နေ့ဘယ်လောက် မှီဝဲလို့ရသလဲ ….

Q. သာမန်လူတွေက သကြားကို တစ်နေ့ဘယ်လောက် စားနိုင်ပါသလဲ။ ကင်ဆာဝေဒနာရှင်တွေကကော သကြားကို တစ်နေ့ဘယ်လောက် စားလို့ရပါသလဲ။ ဆီးချိုရောဂါရှိသူတွေကကော သကြားကို တစ်နေ့ဘယ်လောက် စားလို့ရပါသလဲ သိချင်ပါတယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. သာမန်လူတွေက သကြားကို တစ်နေ့မှာ လက်ဖက်ရည်ဇွန်း ၇ ဇွန်းထက် ပိုမစားသင့်ပါဘူး။ သကြားက လက်ဖက်ရည်ဇွန်း ၃ဇွန်းစားမယ်ဆိုရင် ကယ်လိုရီအားဖြင့် ၆၀ ဂရမ်ရမယ်၊ ကာဗိုဟိုက်ဒရိတ်က ၁၅ ဂရမ်ရမယ်၊ ဒါကြောင့် အရွယ်ရောက်လူတစ်ယောက်အတွက် သကြားက လက်ဖက်ရည်ဇွန်း ၇ ဇွန်းထက် မပိုသင့်ဘူးဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကိုယ်စားသောက်နေတဲ့ အစားအသောက်တွေကို ခြုံကြည့်လိုက်ရင် လူတိုင်းအတွက် စားနိုင်တဲ့ သကြားပမာဏက ပိုနေတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့မှာ ကော်ဖီဘယ်နှခွက်သောက်သလဲ၊ အချိုရည်ဘယ်နှခွက် သောက်သလဲဆိုတဲ့အပေါ် မူတည်ပြီး တစ်နေ့ကို စားတဲ့သကြားပမာဏကို တွက်လို့ရပါတယ်။ လူအများစုက ကော်ဖီသောက်တဲ့အခါမှာ တစ်ခွက်ဖျော်ရင် သကြားလက်ဖက်ရည်ဇွန်းနဲ့ သုံးဇွန်းထည့်လေ့ရှိကြပါတယ်။

ဒီတော့ ကော်ဖီနှစ်ခွက်သောက်လိုက်ရင် သကြားလက်ဖက်ရည်ဇွန်း ခြောက်ဇွန်းဖြစ်သွားပါပြီ။ ကျန်တဲ့မုန့်လေးတွေ ဥပမာ ကွတ်ကီးတွေ၊ ကိတ်မုန့်တွေစားလိုက်ရင် သကြားရဦးမယ်၊ အချိုရည်သောက်ရင်လည်း သကြားရဦးမယ် . . ဒါကြောင့် လက်ဖက်ရည် ကော်ဖီကိုသောက်ရင် တစ်နေ့မှာ နှစ်ခွက်ထက် မပိုသင့်ပါဘူး။ အချိုရည်၊ သစ်သီးဖျော်ရည်တွေသောက်ရင် သကြားက ဒီ့ထက်မက ပါနိုင်ပါတယ်။ ရယ်ဒီမိတ်အချိုရည်တစ်ဘူးမှာ သကြားက ၁၂ ဇွန်းကနေ ၂၀ ဇွန်းလောက်အထိ ပါတာကို တွေ့ရပါတယ်။ ဒါကြောင့် နေ့တိုင်းမသောက်ဖို့ သတိပေးရတာပါ။ ဒါက သာမန်လူတွေအတွက် ပြောတာပါ။

ကင်ဆာဝေဒနာရှင်တွေအတွက် လူတွေဟာ သကြားကို ရှောင်လိုက်ကြတယ်။ အဲဒီလောက်အထိလည်း ရှောင်စရာမလိုပါဘူး။ ကင်ဆာလူနာတွေမှာလည်း သကြားကို လက်ဖက်စားဇွန်း ၇ ဇွန်းလောက်အထိ သုံးစွဲခွင့်ပြုထားပါတယ်။ ဆီးချိုဝေဒနာရှင်တွေမှာတော့ သကြားကို တစ်နေ့မှာ လက်ဖက်ရည်ဇွန်းနဲ့ ငါးဇွန်းအထိတော့ ခွင့်ပြုထားပါတယ်။ ငါးဇွန်းထက်ပိုပြီး မသုံးသင့်ပါဘူး။ သကြားတွေမှာ အမျိုးအစားတွေရှိတဲ့အတွက် အသီးမှာပါတဲ့ ဖရက်တို့စ်သကြားကတော့ အန္တရာယ်အကင်းဆုံးပါ၊ မြန်မာနိုင်ငံမှာရှိတဲ့ သကြားအတော်များများက ကြံကနေရပါတယ်။ အခုနောက်ပိုင်း အန္တရာယ်ကင်းတဲ့ စဗီတန်းအရွက်ကထုတ်တဲ့ သကြားတွေကို သုံးလာကြပါတယ်။ နောက်ပိုင်းမှာ သကြားအစား ပျားရည်ထည့်သုံးတာမျိုး လုပ်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top