Healthy Life Ad
Health Tips

သင့်ကလေး၏ သွားများကို ခိုင်ခံ့စေမည့် အာဟာရများ

ငွေကြယ်စင်ယံ

သွားရောဂါဝေဒနာတွေ ရလာတဲ့အခါ ကလေးတွေမှာ နာကျင်မှုတွေ ခံစားရတတ်ပါတယ်။ သွားပိုးစားတာက ကလေးတွေမှာ အဖြစ်များဆုံးရောဂါဖြစ်ပါတယ်။ သွားတွေက ကယ်လ်စီယမ်နဲ့ ဖော့စ်ဖိတ်တို့လို သတ္တုဓာတ်တွေနဲ့ အထူးတည်ဆောက်ထားတာကြောင့် သွားတွေခိုင်ခံ့ကျန်းမာစေဖို့ အရေးကြီးတဲ့ ဒီသတ္တုဓာတ်တွေရရှိအောင် အောက်ပါအစားအသောက်တွေကို စားပေးသင့်ပါတယ်။

(၁) နွားနို့

နွားနို့ထဲမှာ သွားတွေကို အကာအကွယ်ပေးတဲ့ ကယ်လ်စီယမ်၊ ဖော့စ်ဖိတ်နဲ့ ကေစင်ပရိုတင်းဓာတ်တို့ ပါဝင်နေပါတယ်။

(၂) ဒိန်ခဲ

ဒိန်ခဲဟာလည်း သွားပိုးစားမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ ဒိန်ခဲစားတာကြောင့် တံတွေးအထွက်များစေပြီး သွားပိုးစားစေတဲ့ အက်ဆစ်တွေကို ဓာတ်ပြယ်စေတာကြောင့်ပါ။ ဒိန်ခဲအဆီဟာ သွားမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေကို လျော့ကျစေပါတယ်။

(၃) လက်ဖက်ရည်

လက်ဖက်ရည်က သွားပိုးစားတာကို တွန်းလှန်နိုင်စွမ်းရှိတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။ လက်ဖက်ရည်မှာပါတဲ့ ပိုလီဖီနောဓာတ်ဟာ သွားမျက်နှာပြင်မှာ ဘက်တီးရီးယားပေါက်ပွားမှုမဖြစ်အောင် ချိုးနှိမ်ပေးထားပါတယ်။ လက်ဖက်ရည်မှာ ဖလိုရိုက်ပါဝင်တာကြောင့် သွားကျန်းမာအောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

(၄) ဖလိုရိုက်

ဖလိုရိုက်ဟာ သွားပိုးစားမှုမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိတာ လူတိုင်းသိပြီးသားပါ။ ဒါကြောင့် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေကို အသုံးပြုကြဖို့ သွားဆရာဝန်တွေက ညွှန်ကြားထားကြပါတယ်။ ဖလိုရိုက်က သွားကြွေလွှာတွေကို မာကြောစေပြီး အက်ဆစ်ကြောင့် ထိခိုက်မှုကို ခံနိုင်ရည် ပိုမိုရှိစေပါတယ်။ ဖလိုရိုက်က အက်စစ်ထွက်နှုန်းကို လျော့ကျစေတာကြောင့် သွားချေးဖတ်မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။

(၅) ချောကလက်

နို့ချောကလက်မှာပါတဲ့ ကယ်လ်စီယမ်နဲ့ ကေစင်ဓာတ်တွေက သွားတွေကို အကာအကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ချောကလက်လုပ်တဲ့ ကိုကိုးမှုန့်ထဲမှာ သွားတွေကို ကာကွယ်ပေးနိုင်တဲ့ အာနိသင် ပါဝင်တာကြောင့်ပါ။ သကြားပါဝင်မှု များနိုင်တဲ့အတွက် တစ်နေ့မှာ ချောကလက်လေးထောင့်တစ်ကွက်စာ ပမာဏကိုပဲစားပါ။

သတိပြုရမည့် အချက်များ

တံတွေးက သွားနဲ့ခံတွင်းရဲ့ သဘာဝခုခံအားစနစ်ကို ကောင်းမွန်စေတဲ့အရာဖြစ်ပြီး သွားမှာကပ်ညိနေတဲ့ အစာတွေကို ကင်းဝေးစေတာ၊ သွားထဲက အက်ဆစ်တွေကို ဓာတ်ပြယ်စေတာနဲ့ သွားမျက်နှာပြင်မှာ သတ္တုဓာတ်တွေကပ်ညိပြီး ခိုင်ခံ့စေတာ စတဲ့အစွမ်းတွေကိုလည်း ပေးနိုင်ပါတယ်။ တံတွေးအထွက်နှုန်းတိုးအောင် ရေကိုများများသောက်ပါ။ တံတွေးအထွက်နှုန်းတိုးစေဖို့ အစာစားပြီးတိုင်း သကြားမပါတဲ့ ပီကေကို ဝါးပေးနိုင်ပါတယ်။

သကြားပါဝင်တဲ့ အစားအသောက်တွေကို နည်းနည်းပဲစားပါ။ သစ်သီးခြောက်တွေမှာ သကြားပါဝင်နိုင်တဲ့အတွက် သွားမျက်နှာပြင်မှာ ကပ်ညိကာ ဘက်တီးရီးယားပေါက်ပွားတာနဲ့ အက်စစ်အထွက်တိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ သရေစာစားတာကို ထိန်းချုပ်ပါ။ သရေစာ စားသုံးမှုများလေလေ၊ သွားတွေက ဘက်တီးရီးယားနဲ့ ထိတွေ့မှုများလေလေပဲ ဖြစ်ပါတယ်။ ချိုတဲ့ သရေစာတွေကို တရစပ်စားနေတာမျိုး မလုပ်သင့်ပါ။

အစိမ်းစားလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဆန်လုံးညိုလို ကောက်နှံစာတွေ၊ သကြားလျှော့ထားတဲ့ ဒိန်ချဉ်နဲ့ ဒိန်ခဲတွေကို စားပေးနိုင်ပါတယ်။ အစာစားချိန် တစ်ချိန်နဲ့တစ်ချိန်ကြား သကြားပါတဲ့အရည် ဒါမှမဟုတ် အက်ဆစ်ပါတဲ့ အရည်တွေကို မသောက်ပါနဲ့။ ညဘက်မှာ သွားတိုက်ပြီး ရေကလွဲရင် ဘာကိုမှ မစားပါနဲ့။ အက်ဆစ်ကဲတဲ့ အစားအသောက်တွေကို စားသောက်ပြီးတာနဲ့ သွားကိုချက်ချင်းတိုက်ပါ။ ဖျော်ရည်တွေသောက်တဲ့အခါ ပိုက်နဲ့စုပ်ပြီးသောက်ပါ။ ပိုက်နဲ့ စုပ်သောက်တဲ့အခါ ဖျော်ရည်တွေက သွားနဲ့ထိတွေ့မှု လျော့နည်းသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top