Healthy Life Ad
Health Tips

သင့်ကို ပိုမိုဆွဲဆောင်မှု ရှိစေမည့် အစာငါးမျိုး

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

သဘာဝအရ အသက်ကြီးလာတဲ့အခါ ဆံပင်၊ အသားအရေနဲ့ လက်သည်းခြေသည်းတွေ အိုမင်းရင့်ရော်မှုဖြစ်တတ်ပေမယ့် အောက်ပါအစားအစာ ငါးမျိုးကတော့ သင့်ကို အသက်ကြီးတဲ့အထိ လှလှပပ ဆွဲဆောင်မှုရှိနေအောင် ပံ့ပိုးပေးနိုင်ပါတယ်။

(၁) သင်္ဘောသီး

အမေရိကန်အာဟာရဂျာနယ်ရဲ့ လေ့လာမှုတစ်ရပ်အရ အစားအစာကနေ ဗီတာမင်စီရရှိမှု မြင့်မားလေလေ၊ မျက်နှာအရေးကြောင်းထင်နှုန်း လျော့ကျလေလေဖြစ်ကြောင်း တွေ့ရပါတယ်။ နေ့စဉ်စားသောက်တဲ့ ပုံစံထဲမှာ ဗီတာမင်စီများများ ပါဝင်စေဖို့ လိမ္မော်ရည်တစ်ဖန်ခွက် သောက်တာအပြင် သင်္ဘောသီး၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွသီး စတဲ့ဗီတာမင်စီပါဝင်မှု မြင့်မားတဲ့အစာတွေကို စားပေးရပါမယ်။

(၂) ကမာကောင်

ကမာကောင်တွေမှာ ဇင့်(သွပ်) သတ္တုဓာတ် များစွာပါဝင်ပါတယ်။ သွပ်ဓာတ်က သင့်တော်တဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါသလို အနာကျက်စေပါတယ်။ ဒါ့အပြင် အသားအရေကို တင်းရင်းလှပစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှု မြင့်တက်စေတာကြောင့် အသားအရေကို ကြည့်ကောင်းစေပါတယ်။
လေ့လာမှုတွေအရ ဇင့်(သွပ်)ဓာတ်ဟာ အဆီပိုထွက်ရှိမှုကို ထိန်းချုပ်ပေးတာကြောင့် ဝက်ခြံမဖြစ်အောင် ကာကွယ်နိုင်သလို ပေါက်ပြီးသားဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။

(၃) မုန်ညင်း

အစိမ်းရောင်မုန်ညင်းရွက်ကို ဟင်းလျာအမျိုးမျိုးပြုလုပ်ပြီး စားနိုင်ပါတယ်။ မုန်ညင်းမှာ ဗီတာမင်ဘီအုပ်စုဝင် ဘိုင်အိုတင်ပါဝင်တာကြောင့် ဆံပင်၊ အသားအရေနဲ့ လက်သည်း၊ခြေသည်းတွေကို ဆွဲဆောင်မှုရှိရှိ လှပချောမွေ့စေပါတယ်။ မုန်ညင်းမှာ ဗီတာမင်အေ၊ ကေနဲ့ စီတို့ များစွာပါဝင်တဲ့အတွက် အိုမင်းမှုကို တားဆီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

(၄) ပဲပုပ်စေ့

ပဲပုပ်စေ့မှာ အပင်အခြေခံတဲ့အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို ကျစေတာ၊ ခါးအရွယ်အစားကို သေးစေတာ၊ သွေးတိုးအန္တရာယ်ကို လျော့ကျစေတာ စတဲ့အကျိုးကျေးဇူးတွေ ရရှိစေတဲ့အပြင် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ ပဲပုပ်စေ့မှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေပြီး အသားအရေ ခြောက်သွေ့မှုကင်းဝေးကာ အရွယ်တင် နုပျိုလှပစေပါတယ်။

(၅) ဘရာဇီးသစ်စေ့

ဘရာသီးသစ်စေ့တွေမှာ ဆီလီနီယမ်ပါဝင်တဲ့အတွက် ကျန်းမာရေးကောင်းစေသလို အသားအရေကို လှပကြည့်ကောင်းစေပါတယ်။ ဘရာဇီးသစ်စေ့မှာပါတဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့်ဟာ ဖရီးရယ်ဒီကယ်ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top